သတင်း

KIA ဌာနချုပ်အနီး စစ်ရေး ဆက်တင်းမာ၊ စစ်တပ်က အင်အားအလုံးအရင်းပို့

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့နှင့် ၁၂ မိုင်ခန့်သာ ဝေးသည့် နမ်ဆန်ယန်ရွာအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက အင်အား ၁,၀၀၀ ခန့် ထပ်မံ ပို့ဆောင်ထားသဖြင့် စစ်ရေးဆက်လက် တင်းမာနေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“(စစ်ကြောင်း) တစ်ကြောင်းမှာဆိုရင်တော့ ၈၀၊ ၁၀၀ လောက်တော့ ရှိမှာပါ၊ မြစ်ကြီးနားဘက်ကပဲ လာလာ၊ ဗန်းမော်ဘက်ကပဲ လာလာပေါ့၊ အခု နမ်ဆန်ယန်တစ်ဝိုက်မှာတော့ ၁,၀၀၀ နီးပါးလောက် စုနေတယ်လို့ ခန့်မှန်းထားပါတယ်” ဟု သူက ပြောသည်။

“စစ်ကြောင်းအနေနဲ့ ပြောရရင်တော့ ဗန်းမော်ဘက်ကနေ စစ်ကြောင်းတွေကတော့ ဆက်တိုက်ထိုးနေတာ။ ဒီ နမ်ဆန်ယန်ဘက်နီးတဲ့ နေရာမှာပေါ့၊ နားလုံဘက်မှာပေါ့လေ။ အဲဒီဘက်မှာတော့ စစ်ကြောင်းတွေက တော်တော်လေး အင်အားတွေစုထားတာ တွေ့ရပါတယ်။ နောက် မြစ်ကြီးနားဘက်ကနေလည်း စစ်ကြောင်းတွေထိုးတာ စစ်ကူတွေပို့ထားတာ တွေ့ရပါတယ်”

စစ်ကြောင်းတချို့မှာ တောထဲတွင် တပ်ဖျောက်ထားသည်ဟု သိရသည်။

မြစ်ကြီးနားမြို့ဘက်မှ ထွက်လာသည့် စစ်ကြောင်းများမှာ နမ်ဆန်ယန်ရွာမရောက်ခင် ဒဘတ်ယန်၊ ဂါးဒါယန်စသည့် ကျေးရွာများအနီးရှိ တောထဲသို့ ဝင်ရောက်သွားသလို ဗန်းမော်ဘက်မှ တက်လာသည့် စစ်ကြောင်းများမှာလည်း နားလုံရွာအကျော် နမ်ဆန်ယန်ကျေးရွာမရောက်ခင် တောထဲသို့ ဝင်ရောက်သွားသည်ဟု သိရသည်။

ဇူလိုင်လ ၃ ရက်နေ့က နမ်ဆန်ယန်ရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ နောက်ရက်များတွင် တိုက်ပွဲမဖြစ်သော်လည်း စစ်ကောင်စီတပ်က လိုင်ဇာမြို့အနီးနှင့် တောတောင်များဘက်သို့ လက်နက်ကြီးများနှင့် နေ့စဉ် ပစ်ခတ်နေကြောင်း သိရသည်။

“လောလောဆယ်ကတော့ တိုက်ပွဲကြီးတွေကတော့ မဖြစ်သေးဘူးပေါ့၊ ဒါပေမဲ့ အထက်က အမိန့်တွေ စောင့်နေတာလား၊ ဘယ်လိုလဲတော့ မသိဘူး၊ စစ်ကြောင်းတွေ၊ စစ်ကူတွေကတော့ အမြဲတမ်း ထပ်တိုးပြီးမှ စုနေတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ရေးပြန်လည်တင်းမာလာသောကြောင့် နမ်ဆန်ယန်ရွာမှ ဒေသခံတို့မှာ နီးစပ်ရာကျေးရွာများ၊ ဝိုင်းမော်၊ မြစ်ကြီးနားမြို့တို့ရှိ ဆွေမျိုးများနှင့် ဘာသာရေးအဖွဲ့အစည်းများထံတွင် ခိုလှုံနေကြရသည်ဟု သိရသည်။

ဇူလိုင် ၃ ရက်နေ့တိုက်ပွဲပြီးသည့်နောက် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းနေသည့်အတွက် ဒေသခံအားလုံး ပြန်လည်စစ်ဘေးရှောင်ရခြင်းဖြစ်သည်ဟု အသက် (၃၅) နှစ်အရွယ် နမ်ဆန်ယန်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စိုက်လက်စ တောင်ယာခင်းတွေ ချန်ထားခဲ့ရတယ်၊ ပြီးတော့ နှမ်းခင်းတွေ၊ နွားတွေ၊ ကျွဲတွေ၊ ကြက်တွေပေါ့၊ အကုန်ချန်ထားခဲ့ရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြန်လည် စစ်ရှောင်ရသည့် ရာနှင့်ချီသည့် ဒေသခံအများစုမှာ ဝိုင်းမော်မြို့နယ် မိုင်းနား (RC) စစ်ရှောင်စခန်းသို့ ပြောင်းရွှေ့သွားကြသော်လည်း ၎င်းအပါအဝင် အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ၅၀ ခန့်သည် နမ်ဆန်ယန်ရွာ၏ မြောက်ဘက် ကဇူးယန်ရွာတွင် တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

“ဟိုဘက်က အခြေအနေ နည်းနည်းငြိမ်ပြီဆိုတာနဲ့ ပြန်ကြမယ်ဆိုပြီး ဒီမှာ ယာယီခိုလှုံစခန်း လုပ်ထားတာပေါ့၊ အရင် ၂၀၁၁ တုန်းကလို ဒီတစ်ခါ ကျွန်တော်တို့ရွာကို အကြာကြီး မပစ်ထားချင်တော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

နမ်ဆန်ယန်ရွာမှာ ၂၀၁၁ ခုနှစ် တစ်ကျော့ပြန်စစ်ပွဲများကြောင့် ဒေသခံအားလုံး နေရာအနှံ့အပြားသို့ စစ်ဘေးရှောင်ခဲ့ကြရပြီး ၂၀၁၉ ခုနှစ်တွင်မှ နမ်ဆန်ယန်ရွာသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကာ ရွာပြန်တည်ကြရခြင်းဖြစ်သည်။

ယနေ့အထိ လက်နက်ကြီးပစ်ခတ်သံများကို ကဇူးယန်ရွာမှပင် ကြားရသည်ဟု ဒေသခံတချို့က ဆိုသည်။

KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ဒေသပြမြေပုံ။

အပစ်ရပ်သည့် KIA နှင့်  တိုက်ပွဲပြန်ဖြစ်ခြင်း

KIA သည် နဝတ စစ်အစိုးရလက်ထက် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်စဲခဲ့ပြီးမှ ၂၀၁၀ ပြည့်နှစ်အလွန် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း KIA ဌာနချုပ် လိုင်ဇာအနီး ဗိုလ်သင်တန်းကျောင်းကို စစ်တပ်က ပစ်ခတ်ခဲ့သည့်အတွက် ဗိုလ်လောင်း ၂၀ ကျော် သေဆုံးခဲ့ပြီး ၂၀ ကျော် ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်မှာ ထင်ရှားသည်။

KIA သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအချို့ကို တက်ရောက်ခဲ့သော်လည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးမထားပေ။

၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းလိုက်သည့်အခါ စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ KIA က စစ်ကောင်စီကို တော်လှန်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များကို သင်တန်းပေးခြင်း၊ နည်းပညာနှင့် လက်နက်အကူအညီများကိုလည်း ပံ့ပိုးပေးနေသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်တိုင်း နယ်စပ် အင်းတော်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် PDF တို့ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများထဲတွင် ကချင်ပြည်နယ် ဖားကန့်ဒေသ အနမ့်ပါရွာဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ထင်ရှားသည်။ ထိုနှစ် အောက်တိုဘာလ ၂၃ ရက်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို စစ်တပ်က ဂျက်တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ အရာရှိများ၊ အနုပညာရှင်၊ စီးပွားရေးသမားများ အပါအဝင် ၆၂ ဦး သေဆုံးကာ ၁၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာမဟာဗျူဟာ လေ့လာမှု (IISS) မှတ်တမ်းများအရ KIA ထိန်းချုပ်ရာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ ပါဝင်သည့် နိုင်ငံအရှေ့မြောက်ပိုင်းတွင် မေလအတွင်း တိုက်ပွဲပေါင်း ၉၅ ကြိမ်နှင့် ဇွန်လအတွင်း တိုက်ပွဲပေါင်း အကြိမ် ၉၀ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button