
ဈေးဝယ်ထွက်လာသည့် တပ်မတော်အရာရှိတစ်ဦးကို လူတစ်စုက ဓားဖြင့်ထိုးပြီး အတူပါလာသည့် တပ်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ယနေ့ ဖြစ်ပွားခဲ့သည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံများက ပြောသည်။
ဓားထိုးခံရသည့် အရာရှိကို ရဲတပ်ဖွဲ့ဝင်များက ဆိုင်ကယ်ကယ်ရီဖြင့် တင်ဆောင်သွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ထို့နောက် တပ်မတော်က ရောက်ရှိလာပြီး မြို့တွင်းတွင် ပစ်ခတ်သံများကြားရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းမောင်က ပြောသည်။
“မနက် ၈ နာရီလောက်မှာ ကျွန်တော် အိမ်မှာရှိတဲ့အချိန် ဈေးသွားဈေးလာတွေ ဘေးတွဲဆိုင်ကယ်တွေနဲ့ ပြေးလာကြတယ်။ ဘာဖြစ်လို့ ပြေးလာကြလဲဆိုတော့ ဈေးမှာ တစ်ယောက်ဓားထိုးခံရလို့ ကြောက်လန့်ပြီး ပြေးလာကြတယ် ပြောတယ်”ဟု ဦးဦးထွန်းမောင်က ဆိုသည်။
ယခုဖြစ်စဉ်ကို တပ်မတော်ကလည်း သတင်းထုတ်ပြန်ထားသည်။
နယ်မြေခံတပ်မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ အရပ်ဝတ်ဖြင့် မြို့သစ်ဈေးအနီး၊ အေးစေတီလမ်းဆုံ၌ စျေးဝယ်ရန် ပြင်ဆင်နေစဉ် အမည်မသိ အမျိုးသား ရှစ်ဦးခန့် ရုတ်တရက် ရောက်ရှိလာပြီး တစ်ဦးက အရာရှိအား ဓားဖြင့်ထိုးခဲ့သည်ဟု တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအရာရှိက ပစ္စတိုသေနတ်ဖြင့် ထုတ်ချိန်စဉ် နောက်ထပ်လူ ခုနစ်ဦးခန့်က သံတုတ်များဖြင့် အရာရှိနှင့် စစ်သည်အား ဝိုင်းဝန်းရိုက်နှက်ခဲ့ပြီး တပ်သားကို ဖမ်းဆီးခေါ်ဆောင်သွားသည်။ အရာရှိမှာ ဒဏ်ရာများ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။
“ပြစ်မှုကျူးလွန်သူများသည် AA အကြမ်းဖက်သောင်းကျန်းသူများ၊ ယင်းတို့နှင့်ဆက်စပ် ပတ်သက်သူများ ဖြစ်နိုင်” သည်ဟု တပ်မတော်က စွပ်စွဲထားသည်။
ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြို့တွင်းတွင် သေနတ်သံများထွက်ပေါ်လာသောကြောင့် ဒေသခံများလည်း ဗုံးခိုကျင်းများ၊ ဘေးလွတ်ရာနေရာများတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောသည်။
ပစ်ခတ်မှုများသည် မွန်းလွဲ ၁၁ နာရီခန့်တွင် ငြိမ်သွားသော်လည်း တပ်မတော်က နေအိမ်များနှင့် ဒေသခံများကို စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံများက ဆိုသည်။
တပ်မတော်၏ ထုတ်ပြန်ချက်အရ၊ ဖမ်းဆီးခေါ်ဆောင်ခံရသည့် တပ်သားကို ယခုသတင်းထုတ်ပြန်ချိန်အထိ ပြန်လည်ရရှိနိုင်ခြင်း မရှိသေးပေ။
ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမကြီးပေါ်ရှိ ပုဏ္ဏားကျွန်းမြို့နယ်သည် ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့နှင့် အနီးဆုံးမြို့ဖြစ်ပြီး ရက္ခိုင့်တပ်တော် AA နှင့် မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားရာ နယ်မြေများအနက် တစ်ခုအပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်း တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ကာ ရေယာဉ်ပေါ်တွင် နှိပ်စက်ခံခဲ့ရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှဖြစ်ပြီး အနီးဝန်းကျင်ရွာများတွင်လည်း လက်နက်ကြီးကျည် ကျရောက်မှုများ မကြာခဏဖြစ်ပေါ်လေ့ရှိသည်။