သတင်း

တညင်းကုန်း လက်ကားဈေးစီမံကိန်းကုမ္ပဏီ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်

ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်း အသစ်ဝင်လာသော Myanmar Agro Exchange (MAEX) ကုမ္ပဏီသည် အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဆက်နွှယ်နေသည်။

ရန်ကုန်မြို့ တညင်းကုန်း လက်ကားဈေးကို အကောင်အထည်ဖော်သည့် MAEX သည် YSX တွင် ရှစ်ခုမြောက် စာရင်းဝင်သည့် ကုမ္ပဏီဖြစ်လာပြီးနောက် အရောင်းအဝယ်များကို ယနေ့ (ဇူလိုင် ၃) မှစ၍ စတင်ပြုလုပ်သည်။

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းဈေးကို MAEX က အကောင်အထည်ဖော်သူနှင့် စီမံခန့်ခွဲအုပ်ချုပ်သူ တာဝန်ယူ၍ စီမံကိန်း အဆင့်လေးဆင့် ပိုင်းခြားပြီး တည်ဆောက်နေကာ ၂၀၂၇ တွင် ပြီးစီးရန် စီစဉ်ထားသည်။ တညင်းကုန်းလက်ကားဈေးဆိုင်များ အဆင့် (၁) ဖွင့်ပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်ကတည်းက ပြုလုပ်ခဲ့သည်။

MAEX သည် ရန်ကုန်စတော့အိတ်ချိန်း (YSX) စာရင်းဝင်ဖြစ်လာသည့် ယနေ့ ဇူလိုင် (၃) တစ်ရက်တည်းတွင် ကျပ် ၂၀၂ သန်း တန်ဖိုးရှိ ရှယ်ယာစောင်ရေ တစ်သိန်းကျော် ရောင်းချခဲ့ရကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတချို့က သတင်းဖော်ပြသည်။ MAEX ရှယ်ယာတစ်စုကို ကြမ်းခင်းဈေး ကျပ် ၁၈၀၀ မှ ၂၀၅၀ အထိ သတ်မှတ်ရောင်းဝယ်သည်ဟု ဆိုသည်။

MAEX ကုမ္ပဏီသည် ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် စာရင်းဝင်သွားသဖြင့် တညင်းကုန်းလက်ကားဈေးစီမံကိန်း လက်ကျန်အဆင့်များ အကောင်အထည်ဖော်ရန်အတွက် ဘဏ္ဍာငွေရှာရာတွင် အထောက်အကူပြုမည်ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုများကို နိုင်ငံတစ်ဝန်းမှ ပြုလုပ်လာနိုင်မည်ဟု ကုမ္ပဏီက ဆိုသည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရ ငါးနှစ်သက်တမ်း နောက်ဆုံးကာလဖြစ်သော ၂၀၁၅ တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့က အစိုးရ-ပုဂ္ဂလိက မိတ်ဖက် (Public- Private Partnership-PPP) အစီအစဉ်ဖြင့် MAEX ကို တည်ထောင်ဖွဲ့စည်းခြင်းဖြစ်သည်။

တညင်းကုန်ဈေးစီမံကိန်းကို ဒဂုန်အင်တာနေရှင်နယ်က တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ကာ USDP က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရကို ၂၀၁၆ နှစ်ဆန်းပိုင်း အာဏာမလွှဲပြောင်းမီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် YCDC နှင့် တညင်းကုန်းဈေးစီမံကိန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီးတွင် စစ်ကောင်စီက YCDC ကို ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် စာရင်းဝင်ကုမ္ပဏီသစ်ထံမှ အကျိုးအမြတ်များ ရရှိခဲ့သည်။

စီမံကိန်းသဘောတူညီချက်အရ စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက် ရောက်နေသော YCDC သည် MAEX ကုမ္ပဏီ၏ အမြတ်ငွေ ၂၅ ရာခိုင်နှုန်းကို ရရှိလျက်ရှိသည်။

MAEX ၏ စာရွက်စာတမ်း အထောက်အထားများအရ YCDC သည် MAEX ဘုတ်အဖွဲ့တွင် နေရာရပိုင်ခွင့်ရှိသည်။ ထိုဘုတ်အဖွဲ့တွင် ရန်ကုန်စည်ပင် YCDC စျေးကွက်ဌာန၏ လက်ထောက်အကြီးအကဲဖြစ်သည့် ဦးသောင်းတင်ဆိုသော အငြိမ်းစားစစ်တပ် ဗိုလ်မှူးတစ်ဦးကို ခန့်အပ်ထားသည်။ YCDC သည် တညင်းကုန်းဈေးအတွင်း ဈေးဆိုင်ခန်းများ၏ ၂၀ ရာခိုင်နှုန်းကိုလည်း ထိန်းချုပ်ထားသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ YCDC သည် MAEX ထံမှ အမြတ်ငွေ ကျပ် ၉၅၃ သန်း ရရှိခဲ့ကြောင်း ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများတွင် ဖော်ပြထားသည်။

စီမံကိန်းဧက ၈၀ အနက် ဧက ၂၀ ကို “မြန်မာအစိုးရ” က ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ကုမ္ပဏီရှင်းတမ်းများအရ သိရကာ၊ MAEX နှင့် YCDC တို့က ထိုမြေကို လွှဲပြောင်းနိုင်ရေးအတွက် ပြန်လည်ညှိနှိုင်းလျက်ရှိသည်။

၂၀၂၁ မတိုင်မီ အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က စစ်အာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ YCDC သည် ရန်ကုန်မြို့တွင် မြေယာသိမ်းဆည်းမှုများ၊ အဆောက်အအုံနှင့် ဈေးဆိုင်များ ဖျက်ဆီးမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) တွင် စာရင်းဝင်ဖြစ်လာသည့် MAEX ကုမ္ပဏီ၏ မန်နေဂျာ ဒေါ်ခင်မျိုးသဇင်ကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်တစ်စုံတစ်ရာ မရရှိခဲ့ပေ။

ရန်ကုန် အင်းစိန်မြို့နယ်ရှိ တညင်းကုန်ဈေးစီမံကိန်း။ ဓာတ်ပုံ – MAEX

ဒဂုံအုပ်စု နှင့် MAEX 

MAEX ကို ဒဂုံအင်တာနေရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့် ၎င်း၏မိသားစုက ဒဂုံကုမ္ပဏီ၏ အစုရှယ်ယာများ၊ ၎င်းတို့နှင့် ဆက်နွှယ်သော ကုမ္ပဏီ Golden Land East Asia Limited ၏ ရှယ်ယာများကို အသုံးပြု၍ ချုပ်ကိုင်ထားသည်။

ဦးဝင်းအောင်သည် ဘုတ်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိကာ၊ ဘုတ်အဖွဲ့ထဲတွင် ဦးဝင်အောင်၏ သားဖြစ်သူ သူရိန်အောင်၊ သူရိန်အောင်၏ ယောက္ခမ ဦးစစ်လွင်နှင့် သူရိန်အောင်၏ ယောက်ဖ ဘုန်းဘုန်းနိုင်တို့လည်း ပါဝင်သည်။

စစ်တပ်ဘက် ကိုယ်စားပြုသူ USDP သမ္မတဟောင်း ဦးသိန်းစိန်၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ ဦးဇော်ဦးသည်လည်း MAEX ဘုတ်အဖွဲ့တွင် ပါဝင်သည်။

ဦးဝင်းအောင်နှင့် ၎င်း၏ မိသားစုသည် မြန်မာစစ်တပ်နှင့် နီးစပ်သော အဆက်အသွယ်များမှ နှစ်ပေါင်းများစွာ အကျိုးအမြတ်များ ရရှိခဲ့သည်။ ဝီကီလိခ်မှ ပေါက်ကြားလာသော အမေရိကန်သံရုံးကြေးနန်းတစ်ခုအရဆိုလျှင် ဦးဝင်အောင်သည် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရလက်ထက်ကတည်းက စီးပွားဖြစ်လုပ်ပိုင်ခွင့်များ ရခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက နေပြည်တော်တည်ဆောက်ရာတွင် အကျိုးအမြတ်များသည့် စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကာ၊ တရားမဝင် ကျွန်းတင်ပို့မှုများမှလည်း ဦးဝင်းအောင်က အမြတ်အစွန်းများစွာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ ဦးဝင်းအောင်ကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (EU) တို့က ပိတ်ဆို့အရေးယူထားခဲ့ဖူးသည်။

လက်ရှိ အာဏာရှင်လက်သစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ကောင်စီနှင့် ဆက်နွှယ်နေသည့် ဦးဝင်းအောင်၏ ပတ်သက်မှုများထဲတွင် Golden Land East Asia Limited နှင့် Myanmar Agribusiness Public Company Limited တို့မှတစ်ဆင့် Mytel တွင် ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။ မကြာသေးမီကပင် ဦးဝင်းအောင်က နေပြည်တော်ရှိ မင်းအောင်လှိုင်၏ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်အတွက် ငွေလှူခဲ့သည်။

ဒဂုံအင်တာနေရှင်နယ် ဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းအောင်။ ဓာတ်ပုံ – MAEX 

ရန်ကုန်စတော့အိတ်ချိန်း (YSX) အပေါ် ဝေဖန်မှုများ

စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကုမ္ပဏီ (YCDC) နှင့် ဆက်စပ်သည့် ကုမ္ပဏီတစ်ခုကို စာရင်းသွင်းခြင်းအတွက် YSX ရင်းနှီးမြှုပ်နှံသူများကို Justice For Myanmar အဖွဲ့က ဝေဖန်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း (YSX) သည် Japan Exchange Group၊ Daiwa Institute of Research နှင့် စစ်အစိုးရထိန်းချုပ်ထားသော မြန်မာ့စီးပွားရေးဘဏ်တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က Myanmar Now ကို ပြောကြားရာတွင် “YSX ရဲ့ ဂျပန်အစုရှယ်ယာရှင်တွေဟာ မြန်မာနိုင်ငံမှာ ခရိုနီအရင်းရှင်စနစ်ကို ပုံမှန်ဖြစ်စေဖို့နဲ့ အမြစ်တွယ်စေဖို့ အထောက်အကူပြုသလို ဖြစ်နေပြီး၊ အကျိုးအမြတ်တွေကို တရားမဝင်စစ်အစိုးရထံ ခွဲဝေပေးနေတဲ့ ခရိုနီကုမ္ပဏီတစ်ခုအတွက် ဘဏ္ဍာငွေ ရှာဖွေရာမှာ ပံ့ပိုးပေးနေပါတယ်” ဟု ဆိုခဲ့သည်။

“MAEX မှာ YCDC (ရန်ကုန်မြို့တော်စည်ပင်သာယာရေး) ရဲ့ ပါဝင်ပတ်သက်မှုနဲ့၊ မြန်မာနိုင်ငံရဲ့ အစိုးရမဟုတ်တဲ့ စစ်အစိုးရ (စစ်ကောင်စီ) နဲ့ ဒီကုမ္ပဏီဟာ မြေယာလုပ်ပိုင်ခွင့်အတွက် တရားမဝင် ညှိနှိုင်းနေတာကြောင့် ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းသွင်းမှုကို အတည်မပြုနိုင်ရေး တားဆီးသင့်ပါတယ်” ဟု ဒေါ်ရတနာမောင်က ဆိုသည်။

စစ်တပ်နှင့် ဆက်နွှယ်နေသည့်အတွက် ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုကို ဆန့်ကျင်တားမြစ်ရန် တိုက်တွန်းခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပါ။

စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် ပူးပေါင်းတည်ဆောက်သည့် ကုန်းတွင်းပိုင်းဆိပ်ကမ်းတစ်ခုအတွက် ဘဏ္ဍာငွေ မြှင့်တင်ရန် ၂၀၂၀ ခုနှစ်တွင် Ever Flow River သည် YSX တွင် စာရင်းသွင်းခဲ့သည်။ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အကောက်ခွန်ဦးစီးဌာန အကြီးအကဲများသည် မြန်မာ့စီးပွားရေးဦးပိုင်ဘုတ်အဖွဲ့တွင် နေရာယူကာ စီမံကိန်းမှ ငွေကြေးအကျိုးအမြတ် ရရှိနေသဖြင့် ထိုဆိပ်ကမ်းစီမံကိန်းတွင် တရားမဝင်သော အကျိုးစီးပွားပဋိပက္ခ ရှိနေခြင်း ဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Related Articles

Back to top button