စီးပွားရေး

ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီနှစ်ခု ကျပ်ဘီလျံချီ အရှုံးပေါ် 

မြန်မာနိုင်ငံရှိ ထိပ်သီးကုမ္ပဏီကြီးအချို့ စာရင်းဝင်ထားသည့် ရန်ကုန်စတော့အိတ်ချိန်းမှာ စစ်အာဏာသိမ်းပြီးနောက် ရှယ်ယာအရောင်းအဝယ် ကျဆင်းလာခဲ့သည့်နည်းတူ ယခုနှစ်အတွင်း ကျပ်ဘီလျံချီ အရှုံးပေါ်ကြောင်း စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီကြီးနှစ်ခုက ထုတ်ပြန်ထားသည်။ 

အများပိုင်ကုမ္ပဏီဟု ကြေညာထားသည့် စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီ ၇ ခုအနက် AMATA Holding က ကျပ် ၁၀ ဘီလျံ၊ TMH Telecom ကုမ္ပဏီက သုည ဒသမ ၇ ဘီလျံ (သန်း ၇၀၀) အရှုံးပေါ်ခဲ့ကြောင်း ယခုလအတွင်း ထုတ်ပြန်သည့် အဆိုပါကုမ္ပဏီများ၏ ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြထားသည်။​

“ထိန်းချုပ်မရသော အခြေအနေများက ကြီးမားစွာထိခိုက်စေခဲ့ကာ အမြတ်အစွန်းရရှိမှုလည်း ကျဆင်းခဲ့ပါသည်” ဟု AMATA ကုမ္ပဏီက ဖွင့်ဟကြေညာထားသည်။

ငပလီ၊ ချောင်းသာ၊ အင်းလေ၊ ပုဂံနှင့် ဘားအံ စသည့်ဒေသများတွင် အဆင့်မြင့်အပန်းဖြေစခန်းများ၊ ဟိုတယ်များ ဖွင့်လှစ်လုပ်ကိုင်နေသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကုမ္ပဏီကြီး AMATA Holding မှာ ရန်ကုန်စတော့အိတ်ချိန်း၏ ၇ ခုမြောက်ကုမ္ပဏီအဖြစ် ပြီးခဲ့သည့်ဇွန်လတွင် စာရင်းဝင်ခဲ့ခြင်းဖြစ်သည်။​

အဆိုပါ AMATA ကုမ္ပဏီမှာ United International Group အမည်ရ ကုမ္ပဏီတွင် ရှယ်ယာ ၉၉ ရာခိုင်နှုန်းနှင့် Myanmar Ballooning ကုမ္ပဏီတွင် ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။ 

စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီမဖြစ်မီ ပြီးခဲ့သည့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ် (အောက်တိုဘာမှ စက်တင်ဘာ) အတွင်း အမြတ်ငွေ ၁ ဒသမ ၅ ဘီလျံ အမြတ်ရရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင် ကျပ် ၁၀ ဘီလျံ အရှုံးပေါ်ကြောင်း AMATA ကုမ္ပဏီ၏ ထုတ်ပြန်ချက်က ဆိုသည်။​

ပြည်တွင်းမှ ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီကြီးတစ်ခုဖြစ်သော TMH Telecom မှာ ၂၀၁၈ ဇန်နဝါရီလတွင် ၅ ခုမြောက်ကုမ္ပဏီအဖြစ် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ခဲ့သည်။ 

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကျရောက်မှုနှင့် နိုင်ငံရေးအကျပ်အတည်းကြောင့် စီမံကိန်းအများစု ရပ်ဆိုင်းခဲ့ရပြီး အသုံးစရိတ်များ လျှော့ချသုံးစွဲခဲ့သော်လည်း ဘဏ္ဍာရေးရလဒ်ဆိုးရွားခဲ့ကြောင်း TMH ကုမ္ပဏီက ယခုဒီဇင်ဘာလအတွင်း ထုတ်ပြန်ထားသည်။​

“ဘဏ္ဍာရေးရလဒ်များ ကျဆင်းခဲ့ပါသည်။ အသုံးစရိတ်များနှင့် အရင်းအမြတ်များကို အတက်နိုင်ဆုံး လျှော့ချသုံးစွဲလျက်ရှိပါသည်” ဟု TMH ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့က သုံးသပ်ထားသည်။​

ပြည်တွင်းမှ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်ကြီးများ ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် TMH ကုမ္ပဏီသည် ဆက်သွယ်ရေးတာဝါတိုင်များ၊ ဖိုက်ဘာအင်တာနက်တည်ဆောက်ရေး၊ Boradband အင်တာနက်နှင့် ဖုန်းငွေဖြည့်ကတ်လုပ်ငန်းများ အဓိကလုပ်ကိုင်ပြီး ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိသည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်များတွင် တွေ့ရှိရသည်။​

၂၀၁၅ ရွေးကောက်ပွဲအပြီး စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီ ၇ ခုထိ ရှိလာပြီး အာဏာသိမ်းပြီးနောက်ပိုင်း ခေတ္တရပ်ဆိုင်းထားရာမှ ပြန်လည်စတင်ခဲ့သော်လည်း ရှယ်ယာအရောင်းအဝယ် သိပ်မဖြစ်ခဲ့ပေ။

ဧပြီလမှ ဇွန်လအထိ တန်ဖိုး ၁ ဒသမ ၁ ဘီလျံကျော်သာရှိသည့် ရှယ်ယာပေါင်း နှစ်သိန်းသာသာမျှသာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ရန်ကုန်စတော့အိတ်ချိန်း၏ သုံးလပတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့်နှစ် ထိုသုံးလတွင် ကျပ် ၂ ဘီလျံကျော် အရောင်းအဝယ်ဖြစ်ခဲ့သည်။  

ထို့အတူ ဇူလိုင် ၁ မှ စက်တင်ဘာ ၂၉ အထိ သုံးလတွင်လည်း တန်ဖိုးအားဖြင့် ကျပ် ၁ ဒသမ ၃ ဘီလျံကျော်သာရှိသည့် ရှယ်ယာပေါင်း နှစ်သိန်း ခုနစ်သောင်းကျော်သာ ရောင်းချခဲ့ရကြောင်း အောက်တိုဘာလအတွင်း ရန်ကုန်စတော့အိတ်ချိန်း၏ အစီရင်ခံစာက ဆိုသည်။​

အာဏာသိမ်းပြီးနှစ်ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်နေ့တွင် ပြန်ဖွင့်ခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်းမှာ ထိုလဆန်းသုံးရက်အတွင်း ကျပ်သန်း ၂၀၀ ကျော်ဖိုးသာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ဧရာဝတီသတင်းဌာန၏ သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။ 

ထို့ပြင် အာဏာသိမ်းပြီးနောက်ပိုင်း ဩဂုတ်လနောက်ဆုံးပတ်တွင် စာရင်းဝင်ကုမ္ပဏီအားလုံး၏ ရှယ်ယာရောင်းဝယ်မှု ကျပ်သိန်းပေါင်း ၁၃၀၀ ကျော်ရှိခဲ့သော်လည်း စက်တင်ဘာဒုတိယပတ်တွင် ကျပ်သိန်း ၉၀၀ ကျော်သာရှိခဲ့ရာ နှစ်ပတ်အတွင်း ကျပ်သိန်း ၄၅၀ ကျော် အရောင်းအဝယ်ကျဆင်းခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းများအရ သိရသည်။ 

သို့သော် ယခုနှစ်အတွင်း အမြတ်အစွန်းရရှိသည်ဆိုသော စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီအချို့လည်း ရှိသည်။ 

ပထမပုဂ္ဂလိကဘဏ်က ကျပ် ၅ ဒသမ ၈ ဘီလျံ၊ မြန်မာနိုင်ငံသားများဘဏ် (MCB) က ၁ ဒသမ ၅ ဘီလျံကျော်နှင့် Myanmar Thilawa SEZ အများပိုင်ကုမ္ပဏီက အမြတ်အစွန်း ၆ ဒသမ ၉၉ ဘီလျံရှိသည်ဟု အဆိုပါကုမ္ပဏီများ၏ ယခုလအတွင်းထုတ်ပြန်ချက်များက ဆိုသည်။ 

အမြတ်အစွန်းရသော်လည်း ပထမပုဂ္ဂလိကဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့သည် ရှယ်ယာရှင်များကို အမြတ်ဝေစုခွဲဝေပေးခြင်း မရှိပေ။

ကိုဗစ်နှင့် စီးပွားရေးအကျပ်အတည်းကြောင့် ဘဏ်ချေးငွေများပေးဆပ်ရန် ပျက်ကွက်သူများလာကြောင်း၊ ဗဟိုဘဏ်၏ ညွှန်ကြားချက်အရ NPL (ရရန်မသေချာသောချေးငွေ) နှင့် စုစုပေါင်းချေးငွေအချိုး ၅ ရာခိုင်နှုန်းကို ကျော်လွန်ပါက အမြတ်ခွဲမပေးရန် သတ်မှတ်ကြောင်း MCB ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်က နှစ်ပတ်လည်အစီရင်ခံစာတွင် ပြောဆိုထားသည်။

“ကပ်ရောဂါ First Wave, Second Wave နဲ့ Third Wave တွေမှာ စီးပွားရေးအကျပ်အတည်းများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ချေးငွေပြန်ပေးဆပ်နိုင်မှုများ ကျဆင်းခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကျန်စာရင်းဝင်ကုမ္ပဏီနှစ်ခုဖြစ်သည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင် ဦးသိမ်းဝေ(ခ) Serge Pun ၏ FMI ကုမ္ပဏီနှင့် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ မိတ်ဖက် Ever Flow River ကုမ္ပဏီတို့မှာ နှစ်ကုန်လုပြီဖြစ်သော်လည်း ဘဏ္ဍာရေးရှင်းတမ်းထုတ်ပြန်ခြင်း မရှိပေ။ 

စစ်အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာသော စီးပွားရေးအခြေအနေများကြောင့် စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီများအပြင် အခြားကုမ္ပဏီအများစုလည်း အရှုံးပေါ်နေသည်ဟု အမည်မဖော်လိုသည့် ရန်ကုန်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“စီးပွားရေးဆိုတာက နိုင်ငံရေးအပေါ် အများကြီးမူတည်တာကို။ နိုင်ငံရေးက မတည်ငြိမ်တဲ့အခါကျတော့ စီးပွားရေးလုပ်ရတာ၊ လုပ်ငန်းတွေလုပ်ရတာက အကုန် ကြောက်ကြောက်လန့်လန့် ကျီးလန့်စာစားပြီး လုပ်နေရတဲ့ အခြေအနေပေါ့” ဟု ၎င်းက ပြောသည်။​

ကုန်ကြမ်းဈေးနှုန်းများမြင့်တက်ခြင်း၊ အရောင်းဝယ်မကောင်းခြင်း၊ ငွေလဲလှယ်နှုန်းအပြောင်းအလဲမြန်ခြင်း၊ ဌာနဆိုင်ရာလုပ်ငန်းများတွင် တင်ဒါစနစ်ဖြင့်လုပ်ကိုင်ရာတွင် စာချုပ်ပျက်ခြင်း‌များရှိလာသောကြောင့် အရှုံးပေါ်ခြင်းဖြစ်သည်ဟုလည်း အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။ 

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ ကုမ္ပဏီကြီးများမှာ မြန်မာနိုင်ငံအခြေအနေကို အနီးကပ်စောင့်ကြည့်လျက် နိုင်ငံတွင်းမှ အပြီးထွက်ခွာရန် ဆုံးဖြတ်လာကြသည်။ 

စစ်အာဏာသိမ်းမှု ခြောက်လအကြာတွင် မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် သို့မဟုတ် လုပ်ငန်းများရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည့် နိုင်ငံတကာကုမ္ပဏီကြီး ၁၁ ခုအထိရှိကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါကုမ္ပဏီကြီးများမှာ မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၊ ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ၊ ဟိုတယ်၊ အဖျော်ယမကာနှင့် လက်လီလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကာ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားသည်။ 

အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဩစတြေးလျ၊ မလေးရှား၊ ပြင်သစ်၊ ဟောင်ကောင်နှင့် နော်ဝေနိုင်ငံတို့မှ ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ခြင်း မပြုတော့ရန် ဆုံးဖြတ်ခဲ့ကြသည်။ 

အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံရှိ လူဦးရေထက်ဝက်မှာ လာမည့်နှစ်ဆန်းပိုင်းတွင် ဆင်းရဲနွမ်းပါးဖြစ်လာကာ နိုင်ငံ၏ ဆင်းရဲမွဲတေမှုအခြေပြမျဉ်း (တစ်ရက်ဝင်ငွေ ၁ ဒေါ်လာအောက်) နေထိုင်သူ ရာခိုင်နှုန်းမှာ ၄၆ ဒသမ ၃ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး မြင့်တက်လာမည်ဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ထားသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button