ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့နယ်တွင် ဇူလိုင် ၁ ရက်နေ့က ဖြစ်ပွားသည့် တိုက်ခိုက်မှုများတွင် စစ်ကောင်စီလက်နက်ကိုင် ၄ ဦး သေဆုံးသွားသည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
ယင်းနေ့ ညပိုင်းက မြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာရှိ ဇီးဖြူကုန်း တိုက်နယ်ရဲစခန်း၊ စခန်းအနီးအနား ဘူတာရုံဘေးတွင် ပြုလုပ်နေသော လောင်းကစားဝိုင်းတို့ကို တိုက်ခိုက်ခဲ့ကြောင်း ထိုမြို့နယ်အခြေစိုက် ရွှေတန်းမြေဟု အမည်ပေးထားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က ထုတ်ပြန်သည်။
ဧရာဝတီမြစ်အနီး ဇီးဖြူကုန်းရွာရှိ ရဲစခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် အနီးရှိ လောင်းကစားဝိုင်းကို လုံခြုံရေး ယူပေးနေသည့် လက်နက်ကိုင်များကို ပစ်ခတ်ခဲ့ရာ ရဲတပ်ကြပ် ကျော်ကျော်မြင့်၊ ရဲတပ်ကြပ်ကြီး အောင်ခိုင်၊ ပျူစောထီး ခေါ် ပြည်သူ့စစ်များဖြစ်သော ကြည်လွင်၊ အေးမင်းဆိုသူတို့ သေဆုံးကြောင်း၊ ၅ ဦးထက်မနည်း ဒဏ်ရာရကြောင်း ထိုအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ အခွန်အခရစေနိုင်သည့် လောင်းကစားဝိုင်းများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးစာထုတ်ခဲ့ပြီး အသံဗုံးခွဲ၍ သတိပေးခဲ့သော်လည်း လိုက်နာမှုမရှိ၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း လက်ပံတန်းမြို့နယ်ပကဖဘက်က ဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် အမှတ် (၃၈၀၂) တပ်ရင်း တပ်ခွဲ (၄) ဒေသအခေါ် ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ The Sentry အမည်ရှိ မဟာမိတ်အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဒေသတွင်း စစ်ကောင်စီတပ်သားတို့ အထိနာသော တိုက်ခိုက်မှုဖြစ်သည်ဟု အသက် ၃၀ ကျော်အရွယ် လက်ပံတန်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။
“လက်ပံတန်းမှာ ပစ်ခတ်မှုက ဒီတစ်ခါ စစ်ကောင်စီကို တုန်လှုပ်သွားလိမ့်မယ်။ အရင်က ဗုံးခွဲအဆင့်ကနေ ခုလို ပစ်ခတ်ပြီး စကစအဖွဲ့တွေနဲ့ ပျူတွေ သေတာ၊ ဒဏ်ရာရတာ ဒါအများဆုံးပဲ။ ဒါဖြစ်ပြီးနောက်ပိုင်းတော့ ရဲစခန်းရှေ့မှာ လုံခြုံရေးပိုချထားတယ် စစ်ဆေးမှုလည်း ပိုလုပ်လာတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုဒေသခံက ဆိုသည်။
“ဒီလိုဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာရင် စကစတွေက ဒေသခံတွေကို ပတ်ရမ်းမှာတော့ စိုးရိမ်တယ်”
လက်ပံတန်းမြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို စစ်ကောင်စီက လျစ်လျူရှုထားပြီး ရဲနှင့် ပျူစောထီးများက ဆက်ကြေးကောက်ခံလေ့ရှိကြောင်း ၎င်းမြို့ခံက ဆိုသည်။
“ပိုက်ဆံတောင်းတာပေါ့၊ ပိုက်ဆံလည်းရတယ် ဘီယာလည်း သောက်ရတယ်။ သတင်းလည်း အဲဒီလို လောင်းကစားဝိုင်းကနေ သိရတာရှိတော့ ပျူရော၊ ရဲရော အရပ်ဝတ်နဲ့ လောင်းကစားဝိုင်းမှာ အမြဲရှိကြတယ်”
ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် နယ်မြေထိစပ်နေသော ပဲခူးတိုင်းအရှေ့ခြမ်းတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး တိုက်ခိုက်မှုများသည် ပဲခူးတိုင်းအနောက်ခြမ်းသို့ ကူးစက်လာသည်။
စစ်ကောင်စီက အာဏာသိမ်းမှုကို ဆန့်ကျင်နေသူများကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်နေသလို လက်နက်ကိုင်ခုခံသူများကလည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်သတင်းပေးဟု ယူဆရသူများကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။
ဇွန် ၃၀ ကလည်း ပဲခူးအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့်နှင့် ပျူစောထီး ဦးမြင့်ဌေးတို့ကို ရန်ကုန် – ပြည် ကားလမ်းပေါ်ရှိ သပြေစမ်းကျေးရွာအနီး မင်းလှမြို့နယ်ပကဖက ပစ်သတ်ခဲ့သည်ဟု ပဲခူးတိုင်း PDF က ထုတ်ပြန်သည်။
NUG လက်အောက်ခံ PDF တပ်ဖွဲ့များသည်လည်း ယခုနှစ်ဆန်းမှ စတင်၍ ပဲခူးတိုင်းအတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်လာပြီး KNU နယ်မြေနှင့် ထိစပ်နေသော တပ်မဟာ (၃) ညောင်လေးပင်ခရိုင်၊ တပ်မဟာ (၂) တောင်ငူခရိုင်၊ တပ်မဟာ (၁) သထုံခရိုင်တို့တွင် တိုက်ပွဲများ ပြင်းထန်နေသည်။
အထူးသဖြင့် ပဲခူးရိုးမကို အခြေပြုကာ “ဆယ်လ်မွန် စစ်ဆင်ရေး” အမည်ဖြင့် NUG လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဒေသခွဲအောက်မှ တပ်များ လှုပ်ရှားနေကြပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းတို့အထိပါ ရည်ရွယ်သည်ဟု သိရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)