စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ယမန်နေ့ (ဇွန် ၂၉) က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ လက်နက်များ စစ်ကောင်စီတပ် သိမ်းဆည်းရမိသွားသဖြင့် ကျပ်သိန်း ၄၅၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့သည်ဟု သိရသည်။
အဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့်လက်နက်များ ဆုံးရှုံးခြင်း မရှိကြောင်း၊ သို့သော်လည်း ကားဖြင့် နေရာသစ်သို့ ပြောင်းရွှေ့အပြီးတွင် သိုလှောင်ထားသည့် လက်နက်ခဲယမ်းများကို ဆုံးရှုံးလိုက်ရကြောင်း ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ ခေါင်းဆောင် ဗိုလ်ကောင်းကင်ဆိုသူက ပြောသည်။
စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် ဧရာဝတီမြစ်အနောက်ဘက်ကမ်းတစ်လျှောက်ရှိ ဒေသကာကွယ်ရေးအဖွဲ့စခန်းများကို နေ့စဉ် စီးနင်းရှာဖွေစဉ် စစ်ကိုင်းမြို့မြောက်ဘက် ၁၅ မိုင်အကွာ စမွန်းကျေးရွာတွင် ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
“၂၈ ရက်နေ့က သတင်းကြိုရလို့ ပစ္စည်းတွေအကုန် (စခန်းကနေ) ရွှေ့နိုင်လိုက်တယ်။ နောက်ရက် အဲဒီ ကားရှိတဲ့ ရွာကို သတင်းရပြီး ဝင်စီးတာပေါ့” ဟု ဗိုလ်ကောင်းကင်က ဆိုသည်။
စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်များတွင် စမွန်းရွာဘုန်းကြီးကျောင်း၌ ရပ်ထားသည့် ကားနှစ်စီးအတွင်းမှ ၁၀၇-မမ ရှော့တိုက်ဒုံး ၅ လုံး၊ KIA ထုတ် ၆၀-မမ စိန်ပြောင်းတစ်လက်၊ စနိုက်ပါတစ်လက်၊ ပစ္စတို ၃ လက်၊ လက်လုပ်သေနတ် ၃၅ လက်၊ တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၁၂၃ လုံး၊ လက်ပစ်ဗုံး ၃၅ လုံး၊ Drop ဗုံးသီး ၃၁ လုံး၊ အီနာဂါဗုံးသီး ၅ လုံး၊ ယူနီဖောင်း၊ လက်လုပ်ဗုံးသီး ၃၂ လုံးနှင့် ဖောက်ခွဲရေးပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
သိမ်းဆည်းခံရသည့် ၁၀၇-မမ ရှော့တိုက်ဒုံးတစ်လုံး၏ တန်ကြေးသည် ကျပ်သိန်း ၁၀၀ ခန့် ရှိပြီး Ruger Precision အမျိုးအစား စနိုက်ပါတစ်လက်သည် ကျပ်သိန်း ၆၀၀ ခန့် တန်ကြေးရှိသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ထိုစစ်အင်အား ၂၀၀ သည် မင်းကွန်းမြို့မှတစ်ဆင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ဆန်တက်ကာ စစ်ကိုင်းမြို့နယ်အတွင်းမှ တော်လှန်ရေးစခန်းများကို စီးနင်းနေခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေသည်။
အဆိုပါစစ်ကြောင်းကို ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့များ၊ စစ်ကိုင်းခရိုင် PDF တပ်ရင်းများက ခုခံ တိုက်ခိုက်နေရာ ဇွန် ၂၈ က စစ်ကိုင်းမြို့ အရှေ့ဘက် ဝက်လက်မြို့နယ်အစပ် တလိုင်းကျေးရွာအနီး စစ်ကိုင်းခရိုင် တပ်ရင်း ၂ ခုမှ PDF ၁၁ ဦးနှင့် ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့ဝင် ၃ ဦး ချုံခို တိုက်ခိုက်ခံရပြီး သေဆုံးခဲ့သည်။
ပကဖအဖွဲ့ဝင် ၃ ဦး ရှေ့ထွက်ကင်းထောက်ရာမှ အသတ်ခံလိုက်ရပြီး နောက်မှ ထပ်တက်လာသည့် စစ်ကိုင်းခရိုင် အမှတ် (၁) ၊ (၃) တို့မှ ဒုတပ်ရင်းမှူး အပါအဝင် PDF ၁၁ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီထိုးစစ်ကြောင့် ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့များ ခံစစ်ပြင်ဆင်ခဲ့သည်၊ ဝက်လက်မြို့နယ်၊ ထယ်ကြီးရွာအနီးအရောက် ထိုစစ်ကြောင်းမှ စစ်သားများက ရှေ့ဆက်မလိုက်တော့ဘဲ လက်နက်တင်ဆောင်ထားသည့်ကားရှိရာ စစ်ကိုင်းမြို့နယ် စမွန်းရွာကို သွားရောက် စီးနင်းခြင်းဖြစ်သည်ဟု အထက်ပါ ပြင်ဦးလွင်ခရိုင်ပကဖ တာဝန်ခံက ပြောသည်။
“စမွန်းဆိုတဲ့ရွာမှာ ကားရှောင်တာပေါ့ဗျာ၊ ဒလန် ကောင်းတော့ သတင်းရပြီးတော့ စကစက အဲဒီကားနောက် လိုက်တာပေါ့။ ကျွန်တော်တို့က တစ်နေရာ၊ ပစ္စည်းကားက တစ်နေရာ၊ ခံစစ်ပြင်ရင်းနဲ့ နေရာကွဲသွားတာ” ဟု သူက ဆိုသည်။
ကားနှင့်အတူ ရှိနေသည့် ကာကွယ်ရေးအဖွဲ့ဝင်များ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အဆိုပါ ကျေးရွာတွင် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၃၀ ခန့်အရွယ် ဒေသခံတစ်ဦး ပစ်သတ်ခံရသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကြောင်းက ထိုရွာအနီး ရှိနေသဖြင့် ဒေသခံ ၂ ဦး ပစ်သတ်ခံရသည်ဟူသော သတင်းနှင့် ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကိုင်းအတွင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် စစ်ကောင်စီက စစ်ရေးဗျူဟာပြောင်းပြီး ထိုးစစ်ဆင်နေသည်မှာ မှန်သော်လည်း ကာကွယ်ရေးအဖွဲ့များဘက်မှ လုံခြုံရေးပေါ့ဆသဖြင့် ဆုံးရှုံးမှုများနေကြောင်း အဆိုပါ ဒေသတွင် အခြေစိုက်သည့် စစ်ကိုင်းခရိုင် PDF တပ်ရင်းတစ်ခုမှ တပ်ရင်းမှူးတစ်ဦးက ပြောသည်။
“ရန်သူက ဗျူဟာပြောင်းတာဆိုတာထက် တော်လှန်ရေးအင်အားစုတွေကိုက ပေါ့တယ်လို့ ပြောရမှာပဲ၊ ဝေဟင်မပါဘဲ စစ်ကြောင်းမထိုးနိုင်လောက်ဘူးဆိုပြီး မိမိကိုယ်ကိုယ် အထင်ကြီးတယ်၊ ရန်သူကို အထင်သေးတယ်။ အဲဒီတော့ လုံခြုံရေးအသိတွေ ပေါ့လာတယ်။ ဒီတော့ ရန်သူက လူအငိုက်ကို အချိန်ကိုက် ဝင်စီးသွားတယ်” ဟု သူက မှတ်ချက်ပြုသည်။
စစ်ကြောင်းဝင်နေသည်ကို ကြိုတင်သိရှိသဖြင့် များပြားသည့် လက်နက်များကို တစ်နေရာတည်း မထားသင့်ဘဲ နေရာခွဲထားသင့်သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်က မန္တလေးမြို့နှင့် နီးကပ်သည့် စစ်ကိုင်းမြို့နယ်ကို ထိန်းချုပ်နိုင်ရေး ယခုနှစ်ဆန်းမှ စတင်၍ စစ်ကြောင်းထိုးနေပြီး စခန်းများ အစီးခံရသလို ဇွန်လအတွင်း PDF များ အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင် အနည်းဆုံး ၄၅ ဦးခန့် သေဆုံးသည်။
ဇွန် ၂၅ နံနက်က စစ်ကိုင်းမြို့နယ် ကင်းတော်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ၏ စခန်းတစ်ခုကို စစ်ကောင်စီတပ်က အလစ်အငိုက် စီးနင်းခဲ့ရာ ပကဖအဖွဲ့ဝင် ၁၇ ဦးနှင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)