
ကိုဗစ်နိုင်တင်း ကမ္ဘာ့ကပ်ရောဂါဂယက်ကြောင့် တိုင်းပြည်စီးပွားရေး ထိခိုက်သဖြင့် ပြည်တွင်းအခွန်ရရှိမှုမှာ ယခင်နှစ်ရငွေ၏ ၁၉ ရာခိုင်နှုန်းခန့် လျော့နည်းနိုင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ခန့်မှန်းသည်။
စက်တင်ဘာ ၃၀ တွင်ပြီးဆုံးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ရငွေစုစုပေါင်း ၆၅၈၁ ဒသမ ၃ ဘီလျံရှိခဲ့သော်လည်း ယခုဘဏ္ဍာနှစ်တွင်မူ ကျပ် ၅၃၁၁ ဒသမ ၂ ဘီလျံသာ ရနိုင်သဖြင့် ကျပ်ဘီလျံ ၁၂၇၀ ခန့် လျော့နည်းနိုင်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က Myanmar Now ကိုပြောသည်။
ပုံမှန်ရရှိနေသည့် အခွန်များအပေါ်တွင် ကိုဗစ်နိုင်တင်းကြောင့် လျော့ကျသွားနိုင်သည့် ပမာဏကို တွက်ချက်ကာ ယခုနှစ်တွင် ကျပ် ၁၂၇၀ ဘီလျံခန့် လျော့နည်းနိုင်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာနက ခန့်မှန်းထားခြင်းဖြစ်သည်။
“အခွန်ဖြေလျှော့မှုကြောင့်လည်းပါသလို စီးပွားရေးကျသွားတဲ့အတွက်ကြောင့်လည်းပါတယ်” ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ် ကပြောသည်။
၂၀၂၀ ဧပြီအထိ အခွန်ကောက်ခံရရှိမှု မကျသော်လည်း ကိုဗစ်နိုင်တင်းကြောင့် ကျောက်မျက်ရတနာပြပွဲများ ရပ်ဆိုင်းခြင်း၊ နယ်စပ်ဝင်ထွက်ပေါက်များ ကန့်သတ်လိုက်ခြင်းနှင့် လေကြောင်းလိုင်းများ ရပ်ဆိုင်းသွားခြင်း စသဖြင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများရှိ၍ အခွန်ရငွေလျော့နည်းနိုင်ကြောင်း ၎င်းကပြောသည်။
ယခုဘဏ္ဍာနှစ်တွင် ဧပြီလကုန်အထိ ခုနစ်လအတွင်း ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်ငွေ ကျပ် ၃၈၀၇ ဘီလျံကျော် ကောက်ခံရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက မေ ၆ တွင် ထုတ်ပြန်ထားသည်။
ကိုဗစ်နိုင်တင်းဖြစ်ပွားမှုကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအတွက် သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များ စက်တင်ဘာသို့ ရွှေ့ဆိုင်းပေးခဲ့ပြီး ပို့ကုန်များအတွက် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်တွင်းအခွန်များဦးစီးဌာနသည် နိုင်ငံတော်ပိုင်၊ သမဝါယမနှင့် ပုဂ္ဂလိကစီးပွားရေးဟူ၍ ကဏ္ဍသုံးခုခွဲပြီး ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန်၊ ရတနာခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေသိန်းဆုခွန်တို့ကို ကောက်ခံနေခြင်းဖြစ်သည်။
ကိုဗစ်နိုင်တင်းကြောင့် မြန်မာနိုင်ငံသာမက ကမ္ဘာ့နိုင်ငံတိုင်းသည် အခွန်ရငွေလျော့နည်းမှုနှင့်ကြုံနေရပြီး အစိုးရအနေဖြင့် အခွန်မဟုတ်သည့် အခြားဝင်ငွေများရရှိရန် နည်းလမ်းရှာနေရကြောင်း စီးပွားရေးသုတေသီ ဒေါက်တာဇော်ဦးက Myanmar Now ကိုပြောသည်။
မြန်မာအစိုးရအနေဖြင့် အခွန်မဟုတ်သည့်ဝင်ငွေအဖြစ် သဘာဝဓာတ်ငွေ့ရောင်းချမှုကို မှီခိုနိုင်သော်လည်း ယခုအခါ ရေနံနှင့် သဘာဝဓာတ်ငွေစျေးနှုန်းများကျဆင်းခြင်းကြောင့် ယင်းမှရရှိသည့် ဝင်ငွေနည်းနိုင်ကြောင်း ၎င်းက ပြောသည်။
“အခွန်ကလည်း ရဖို့နည်းမယ်။ သဘာဝအရင်းအမြစ်တွေကို ထုတ်ဖော်ရောင်းချလို့ရမယ့်ဝင်ငွေကလည်း နည်းမယ်” ဟု ၎င်းကပြောသည်။
အစိုးရ ဝင်ငွေနည်းသဖြင့် အသုံးစရိတ်ချွေတာရမည်ဖြစ်သော်လည်း ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်သည့် စီးပွားရေးကို ပြန်လည်နှိုးဆွရန် အသုံးစရိတ်တိုးမြှင့်ရမည့်အခြေအနေဖြစ်ကြောင်း၊ ဝင်ငွေရှာဖွေရန် ပြည်ပပို့ကုန်မြှင့်တင်ရေးကို အာရုံစိုက်ရန်လိုကြောင်း ၎င်းကပြောသည်။
အစိုးရသည် မဖြစ်မနေသုံးစွဲရမည့်အသုံးစရိတ်များရှိ၍ အခွန်နှင့် အခြားရငွေလျော့နည်းပါက ဘဏ္ဍာရေးလိုငွေပြမည်မှာ မလွဲကြောင်း ၎င်းကဆိုသည်။
အစိုးရ၏ အခွန်ရငွေနည်းသဖြင့် ဘဏ္ဍာရေးလိုငွေပြနိုင်သော်လည်း ၎င်းတို့အစိုးရလက်ထက်တွင် ဘဏ္ဍာရေးလိုငွေကို ဂျီဒီပီ (ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး) ၏ ၅ ရာခိုင်နှုန်းထက်မကျော်ရန် ဆောင်ရွက်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဦးဟံသာမြင့်က Myanmar Now ကိုပြောသည်။
ကိုဗစ်နိုင်တင်းအကျပ်အတည်းကာလတွင် အခွန်ရငွေလျော့နည်းသည့်အပြင် စီးပွားရေးပြန်လည်နှိုးဆွရန်အတွက် အစိုးရက ငွေကြေးအကူအညီများထည့်ဝင်သဖြင့် အသုံးစရိတ်လည်းမြင့်တက်လာကြောင်း ဦးဟံသာမြင့်က ပြောသည်။
သို့သော် ကိုဗစ်နိုင်တင်းကြောင့် နိမ့်ကျသွားသည့် စီးပွားရေးလုပ်ငန်းများပျက်စီးသည့်အဆင့်မရောက်ရန် ထိန်းကျောင်းရခြင်းဖြစ်ပြီး ဘဏ္ဍာရေးလိုငွေကြောင့် ငွေကြေးဖောင်းပွမှုဖြစ်သည့်တိုင်အောင် ခံသာကြောင်း ၎င်း ကပြောသည်။
ကိုဗစ်နိုင်တင်းတွန်းလှန်ရေးနှင့် စီးပွားရေးထိခိုက်မှုကိုကုစားရန် ဝန်ကြီးဌာနများ၏ ဘဏ္ဍာငွေအသုံးစရိတ် ၁၀ ရာခိုင်နှုန်းကို ဖြတ်တောက်အသုံးပြုနေပြီး ရငွေနှင့် အသုံးစရိတ်ကို ချိန်ခွင်လျှာညှိနေကြောင်း ၎င်းကပြောသည်။
ပြည်တွင်းအခွန်များဦးစီးဌာနသည် တစ်နှစ်ထက်တစ်နှစ် အခွန်ပိုမိုကောက်ခံရရှိခဲ့ပြီး ယခင်အစိုးရလက်ထက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က အခွန်ရငွေ ကျပ် ၁၅၂၈ ဘီလျံ ရှိခဲ့သော်လည်း NLD အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၄၅၉၁ ဘီလျံအထိ ကောက်ခံရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကောက်ခံမှု စာရင်းများအရ သိရသည်။