သတင်း

မြောင်တွင် PDF ခေါင်းဆောင် အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ခရိုင်တပ်ရင်းခေါင်းဆောင် အသတ်ခံရသလို လိုက်လံကယ်တင်ရန် ကြိုးပမ်းသည့် သားဖြစ်သူအပါအဝင် ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးလည်း သေဆုံးကြောင်း သိရသည်။

ဇွန် ၂၆ နံနက် ၅ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က ပရိမ္မရွာကို တိတ်တဆိတ် စီးနင်းပြီး ကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် ကင်းလှည့်နေသော PDF စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်းခေါင်းဆောင် အသက် ၅၀ ဝန်းကျင်ခန့်အရွယ် ဦးသက်ခိုင်ကို ဖမ်းဆီးပြီး ရွာမှ ပြန်ထွက်သွားသည်။

ထိုစစ်သားများသည် ရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ ကျောက်ရစ်ရွာစခန်းတွင် အထိုင်ချ တပ်စွဲထားသည့် စစ်ကြောင်းမှ ဖြစ်ကြပြီး အင်အား ၇၀ ဝန်းကျင်ခန့် ရှိသည်။

ဖခင်ဖြစ်သူကို ဖမ်းဆီး၍ ပြန်ထွက်သွားသော စစ်သားများကို သားဖြစ်သူ အသက် ၂၀ ခန့်အရွယ် ကိုလင်းလင်း (ဒုတပ်စိတ်မှူး-တပ်ရင်း ၄) အပါအဝင် PDF တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များ၊ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်များက လိုက်လံပစ်ခတ်ရာ တစ်နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့သည်။

စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကိုလင်းလင်းနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ၂ ဦး သေဆုံးခဲ့သည်ဟု မြောင်မြို့နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“သားက အဖေဇောနဲ့ တောက်လျှောက် ထပစ်နေတဲ့အချိန် ဟိုဘက်က ကောင်တာပြန်လိုက်တာပေါ့။ အဲဒီနေရာက ရဲဘော်တွေ ၇ ယောက်လောက် ဒဏ်ရာရသွားတာပေါ့၊ (ကိုလင်းလင်း အပါအဝင်) သုံးယောက်ကတော့ ကျသွားတာပေါ့” ဟု သူက ဆိုသည်။

သေဆုံးသူ ၃ ဦး၏ အလောင်းများနှင့် ဒဏ်ရာရသူများကို ချက်ချင်းသယ်ယူကာ အလျင်အမြန် ပြန်ဆုတ်သော်လည်း လက်နက်ကြီးများ တရစပ် ပစ်ခတ်ခံရသဖြင့် ဒေသခံကာကွယ်ရေးရဲဘော်တစ်ဦး၏ ရုပ်အလောင်းနှင့် လက်နက်တချို့ ကျန်နေရစ်ခဲ့ကြောင်း ၎င်းထံမှ သိရသည်။

စစ်ကောင်စီတပ်က ကျန်နေခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်၏ ရုပ်အလောင်းကို ဆိုင်ကယ်များဖြင့် မီးပုံရှို့ကာ ကျောက်စရစ်ရွာ အထိုင်စခန်းသို့ ပြန်ဆုတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

သေဆုံးခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ရဲဘော် ၂ ဦးသည် မဟာမိတ်တပ်များမှ ဖြစ်ပြီး ၎င်းတို့၏ အမည်နှင့် အသေးစိတ်အချက်အလက်များ မသိရှိရသေးပေ။

စစ်ကြောင်း တက်လာကြောင်း သတင်းရသဖြင့် ကြိုတင် ကင်းစောင့်နေသော်လည်း ရွာအတွင်း စစ်ကောင်စီတပ်က တပ်ဖျောက်၍ ဝင်ရောက်သွားနိုင်ခဲ့သည်ဟု မြောင်မြို့နယ်ပကဖအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။

“ခါတိုင်းတော့ ကျွန်တော်တို့ အဖွဲ့လိုက် ကင်းပိတ်တာ။ အဲနေ့က ကျွန်တော်တို့က စစ်ကြောင်းသတင်းကြားတော့ ရွာရှေ့ ထွက်လိုက်တာ၊ သူ (ဦးသက်ခိုင်) က ရွာထဲကို ပတ်နေတာ၊ ရွာက ကျယ်တော့ သူတို့ (စစ်သားတွေ) က ရွာထဲ စိမ့်ဝင်နေတာ၊ ထိပ်တိုက်တိုးပြီး ဖမ်းခံလိုက်ရတာ” ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားရာပြ မြေပုံ။

အဆိုပါရွာတွင် ဒေသခံများ နေထိုင်နေဆဲဖြစ်ပြီး စစ်သားများက တိတ်တဆိတ် ဝင်ရောက်ကာ PDF ခေါင်းဆောင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်သားများ ပြန်ထွက်သွားပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်ကြည့်ရှုရာ ဦးသက်ခိုင်၏ ရုပ်အလောင်းကို ရွာနှင့် မလှမ်းမကမ်းတွင် ဒဏ်ရာအများအပြားဖြင့် တွေ့ရှိခဲ့ရသည်ဟု အထက်ပါပကဖအဖွဲ့ဝင်က ဆက်ပြောသည်။

“ရိုက်နှက်စစ်ဆေးပုံရတယ်၊ ဆရာက မဖြေတော့ တန်းသတ်လိုက်တာ ထင်တယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းက သတ်လိုက်ပုံရတယ်။ အလောင်းကတော့ မျက်နှာတွေ၊ ခေါင်းတွေဆို (မြင်) မကောင်းတော့ဘူး၊ ရင်ဘတ်မှာ သေနတ် (ဒဏ်ရာ) နှစ်ချက် တွေ့တယ်”

ဦးသက်ခိုင်သည် PDF စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်း၏ အထိုင်စခန်းတစ်ခုတွင် စခန်းမှူးအဖြစ် တာဝန်ယူထားသူဖြစ်သည်။

စစ်ကိုင်းခရိုင် အမှတ် (၄) တပ်ရင်းသည် ယခင်က MSPDF (Myaung Special People Defence Force) အမည်ဖြင့် ဒေသတွင်း လှုပ်ရှားခဲ့ပြီး နောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်း ဖြစ်လာသည်။

ပရိမ္မကျေးရွာနှင့် ၄ မိုင်အကွာ ကျောက်ရစ်တိုက်နယ်အထိုင်စခန်းမှ စစ်သားများသည် မြောင်မြို့နယ်အနောက်ခြမ်း ကျေးရွာများကို မကြာခဏ ဝင်ရောက်စီးနင်းလေ့ရှိသည်။ ယခုလအစောပိုင်းတွင်လည်း ထိုစခန်းမှ စစ်သားများက အနီးရှိ နနွင်းကိုင်းကျေးရွာမှ နာရေးအိမ်ကို စီးနင်းခဲ့ပြီး အရပ်သားတစ်ဦးကို ပစ်သတ်ခဲ့သည်။

လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ကျေးရွာတချို့တွင် အထိုင်ချကာ နယ်မြေအတွင်း စစ်ကြောင်းထိုး၍ အနီးအနားရွာများကို စီးနင်းလေ့ရှိကြသည်။ ထို့ပြင် ၎င်းတို့ကို ထောက်ခံသူများကို ပြည်သူ့စစ် (ပျူစောထီး) အဖြစ် ဖွဲ့စည်း၍ လက်နက်တပ်ဆင်ပေးကာ ဒေသခံကာကွယ်ရေးအဖွဲ့များ၊ PDF များကို ပြန်တိုက်ခိုက်ရန် ရည်ရွယ်သည်။

ဇွန် ၂၅ ရက်နေ့က မြောင်မြို့နယ် စစ်စခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့သည်၊ စစ်ကောင်စီလက်နက်ကိုင် ၂ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရသည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းအများစုကို သတင်းအမှောင်ချထားသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button