သတင်း

မြောင်မြို့နယ် နာရေးအစီအစဉ်ကို စစ်တပ် ဝင်ပစ်၊ ရွာသားတစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် နာရေးပြုလုပ်နေသည့် နေအိမ်တစ်အိမ်ကို ယမန်နေ့ (ဇွန် ၁၅) နံနက် စစ်တပ်က ဝင်ရောက်ပစ်ခတ်သဖြင့် အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

မြို့အနောက်တောင်ဘက် ၁၆ မိုင်အကွာ နနွင်းကိုင်းရွာတွင် ၉၆ ပါးရောဂါဖြင့် ကွယ်လွန်သွားသော အသက် ၇၀ ခန့်အရွယ် အဘွားအိုတစ်ဦး၏ နာရေးအစီအစဉ်ရှိသည့် နေအိမ်သို့ ယင်းနေ့ နံနက် ၅ နာရီခန့်က စစ်သား ၂၀ ခန့် ရောက်လာချိန်တွင် အသုဘအိမ်ဓလေ့အတိုင်း ဖဲကစားနေသူတချို့ကို တွေ့ခဲ့ရသည်။

နာရေးအိမ်ဘေး ရွာဓမ္မာရုံတွင် ဖဲရိုက်နေသည့် လူငယ် ကိုးဦးကို မောင်းပြန်သေနတ် ကျည်အိမ်မှ ကျည်ဆန်ကုန်သည်အထိ ပစ်ခတ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“ဓမ္မာရုံနဲ့ ကပ်လျက်ဆိုတော့ ကနဖျင်း( မဏ္ဍပ်)တော့ မထိုးဘူးပေါ့ဗျာ။ ဓမ္မာရုံမှာပဲ နာရေး ဧည့်ခံတာပေါ့။ ကလေးတွေ (ဖဲ) ကစားတာကို စစ်သားတွေ ရောက်လာပြီး မပြေးနဲ့ အော်တဲ့အချိန် အကုန်ထွက်ပြေးတော့ ပစ်လိုက်တာ၊ ပစ်တာကတော့ (ကျည်) ဘောက်ကုန်ပစ်တာ၊ တစ်ယောက်ကတော့ လမ်းပေါ်တင် မှောက်သွားတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆိုပါအမျိုးသားက ပြောသည်။

သေဆုံးသူသည် ကလေးနှစ်ယောက် ဖခင် အသက် ၃၀ ဝန်းကျင်ခန့်အရွယ် ကိုသိန်းကျော် ဖြစ်သည်၊ အခြားရွာသားများနည်းတူ နာရေးအိမ်တွင် ကူညီနေသော ဒေသခံဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ယမန်နှစ် နိုဝင်ဘာက အိမ်ခြေ ၃၀၀ ကျော်ရှိ နနွင်းကိုင်းကျေးရွာကို စစ်တပ်က မီးဝင်ရှို့ခဲ့ရာ ၉၁ လုံး မီးလောင်ခဲ့ပြီး အဆိုပါနာရေးအိမ်သည်လည်း မီးသင့်ခံထားရသည်။

ပစ်ခတ်ပြီးနောက် စစ်သားများက နာရေးအိမ်မှ ဓာတ်ဆီ ယူဆောင်သွားသည်၊ ကျည်ထိသေဆုံးသူ၏ ရုပ်အလောင်းကို လူငယ် ၂ ဦးကို သယ်ဆောင်ခိုင်းပြီး ရွာပြင်သို့ ပြန်ထွက်သွားရာ ကျေးရွာရှိ သံဃာများအကူအညီဖြင့် လိုက်တောင်းပြီး ရွာထဲသို့ ပြန်သွင်းခဲ့ရသည်ဟု အထက်ပါရွာသားက ဆက်ပြောသည်။

စစ်တပ် ပစ်ခတ်စီးနင်းခဲ့သော နနွင်းကိုင်းရွာ တည်နေရာပြမြေပုံ။

“သံဃာတော်တွေက ဝိုင်းတောင်းပန်မှ ရွာတောင်ဘက်ကနေ ရွာထဲ ပြန်သွင်းလာရတာ။ သူတို့ကတော့ ရုပ်အလောင်းကို ဖျောက်ချင်တဲ့အနေအထားပဲ။ နာရေးအိမ်ကနေ ဓာတ်ဆီတောင်းတယ်။ မရှိဘူး ပြောတဲ့အချိန် ကူဘိုတာ ၅၆ အင်ဂျင် (မီးစက်) ထဲကနေ ထုတ်သွားတယ်”

အလောင်းသယ်ခိုင်းရန် ခေါ်ထားသူ လူငယ်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း စစ်သားများက ရိုက်နှက်ထားသဖြင့် တစ်ဦးမှာ ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိထားကြောင်း သိရသည်။

စစ်သားများက ရွာတွင် နာရေးရှိမှန်း မသိသဖြင့် ဝင်ရောက်စီးနင်းမိကြောင်း သံဃာများကို ရှင်းပြခဲ့သည်ဟု ထိုဒေသ ပကဖအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။

“နာရေးရှိတာ သူတို့ မသိလို့ပါ၊ နာရေးရှိတယ်ဆိုတာ ရပ်ရွာက သတင်းပေးရင် မလာပါဘူး။ သူတို့ လက်လွန်သွားပြီဆိုတာ ပြောတယ်။ လူတစ်ယောက်ရဲ့ အသက်ကို သတ်တာ လက်လွန်သွားပြီ ပြောတာနဲ့တင် ကျွန်တော်တို့ ကျေနပ်ရမဲ့အကြောင်း မဟုတ်ဘူးလေ” ဟု ထိုသူက ဆိုသည်။

မန္တလေးတိုင်း၊ မကွေးတိုင်းတို့နှင့် နယ်မြေထိစပ်နေပြီး ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ဆုံရာ စစ်ကိုင်းတိုင်း မြောင်မြို့နယ်သည် လက်နက်ကိုင်ခုခံမှုအားကောင်းသည့် ဒေသတစ်ခုဖြစ်သလို စစ်ကောင်စီကလည်း အပြင်းထန်ဆုံး တိုက်ခိုက်နေသည့် ဒေသဖြစ်သည်။

ယခုနှစ် မတ်လအတွင်းက ဘီလူးစစ်ကြောင်းဟု သတင်းဆိုးဖြင့် နာမည်ကြီးသည့် စစ်ကောင်စီတပ်များက မြောင်မြို့နယ်နှင့် ဆက်စပ်ဒေသများကို ဆက်တိုက် စစ်ကြောင်းထိုးခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်သည့်အပြင် ရုပ်အလောင်းများကို အပိုင်းပိုင်း လှီးဖြတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button