သတင်း

ပုဂ္ဂလိကပိုင် YBS ယာဉ်များစည်းကမ်းမဲ့၍ ယာဉ်တိုက်မှုများဖြစ်ဟု YRTA တာဝန်ရှိသူဆို

စည်းကမ်းမဲ့ မောင်းနှင်မှုများကြောင့် YBS (Yangon Bus Service) ယာဉ်မတော်တဆမှုများ ဆက်တိုက်ဖြစ်နေပြီး လူသေဆုံးမှုများဖြစ်ပေါ်နေခြင်းမှာ ပုဂ္ဂလိကပိုင်ယာဉ်များ စည်းကမ်းမလိုက်နာ၍ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) တာဝန်ရှိသူကဆိုသည်။

YBS ယာဉ်နှင့် အခြားယာဉ်တိုက်မိမှုမှာ ယခုနှစ် ဇန်နဝါရီမှ ဇွန်လဆန်းအထိ ၆၄ မှု ရှိခဲ့ပြီး သေဆုံးသူ ၂၁ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)၏ စာရင်းများအရသိရသည်။

စည်းကမ်းချိုးဖောက်၍ဖြစ်သော အဆိုပါ YBS ယာဉ်တိုက်မှုဖြစ်စဉ်များသည် YRTA မှ ထိန်းချုပ်ထားသော ကုမ္ပဏီပိုင်ယာဉ်များတွင် ဖြစ်ပေါ်ခြင်းမရှိဘဲ၊ ပုဂ္ဂလိကပိုင်ယာဉ်များတွင်အများဆုံးဖြစ်ပွားကြောင်း YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

“ကုမ္ပဏီပိုင်ယာဉ်တွေမှာဆိုရင် စမတ်ကတ်မရှိရင် မမောင်းရဘူးလို့ ကျွန်တော် ထိန်းချုပ်ထားတဲ့အတွက် ထိန်းနိုင်တယ်”ဟု ၎င်းကပြောသည်။

YRTA အနေဖြင့် စည်းကမ်းမဲ့ယာဉ်များကို ထိန်းချုပ်နိုင်ရန်မှာ ကုမ္ပဏီ(အများပိုင်)ပိုင်ယာဉ်များ ပိုမိုများပြားလာရန်လိုကြောင်း၊ လတ်တလောတွင် ယာဉ်မောင်းများကို လေ့ကျင့်သင်ကြားပေးနေကြောင်း YRTA တာဝန်ရှိသူကဆိုသည်။

ရန်ကုန်မြို့တွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးအဖွဲ့(မထသ) ကို ၂၀၁၇ ခုနှစ် နှစ်ဦးပိုင်းတွင် ဖျက်သိမ်းကာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကို ဖွဲ့စည်းပြီး YBS ကို ပြောင်းလဲကျင့်သုံးခဲ့သည်။

YBS စနစ်တွင် မှတ်ပုံတင်ထားသည့် ယာဉ်အစီးရေ ၆၀၀၀ ကျော် ရှိပြီး ၂၀၁၉ မေလအထိ YRTA စာရင်းအရ ယာဉ်လိုင်းကုမ္ပဏီ ၁၈ ခု၊ ပုဂ္ဂလိကအစုအဖွဲ့ ဖွဲ့ရှိသည်။ ယာဉ်အမှတ် မှ ၁၀၁ အထိရှိပြီး ပြေးဆွဲနေသည့် ခရီးစဉ်လမ်းကြောင်း ၁၂၀ အထိရှိသည့်အနက် ကုမ္ပဏီပိုင်ကား ၂၅၀၀ ကျော်နှင့် ပုဂ္ဂလိကပိုင်ကား ၃၅၀၀ ကျော်ရှိသည်။

မထသ လက်ထက်တွင် စည်းကမ်းမဲ့မောင်းနှင့်မှုများကြောင့် ယာဉ်တိုက်မှုများ လူသေဆုံးမှုများ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ယင်းသို့ဖြစ်ပေါ် တာဝန်အရှိဆုံးအဖွဲ့အစည်းဖြစ်သည့် မထသ အဖွဲ့က တာဝန်ယူ၊ တာဝန်ခံမှုမရှိခဲ့ပေ။

ယခု YRTA လက်ထက်တွင် ယာဉ်စည်းကမ်းချိုးဖောက်မှုများကြောင့် ဖြစ်ပေါ်နေသည့် ယာဉ်တိုက်မှုများတွင် YRTA တွင်တာဝန်အပြည့်ရှိပြီး တာဝန်ယူမှု၊တာဝန်ခံမှုရှိရန်လိုကြောင်း၊ ယင်းသို့ထပ်မံမဖြစ်ပေါ်စေရန် လိုအပ်သည်များကို ပြုပြင်ပြောင်းလဲရန်လိုသော်လည်း ထိထိရောက်ရောက်လုပ်ဆောင်ခြင်း မရှိဟု ဝေဖန်မှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဇွန် ၂ ရက်က ဆင်မလိုက်မှတ်တိုင်အနီးတွင် လမ်းပြောင်းပြန်မောင်းလာသည့် YBS ၄၀ ယာဉ်နှင့် အငှားယာဉ် (Taxi)တို့ တိုက်မိခဲ့ပြီး အငှားယာဉ်ပေါ်တွင် ပါလာသည့် ခရီးသည် ၂ ဦးနှင့် ယာဉ်မောင်းတို့သေဆုံးခဲ့သည်။

အဆိုပါ တိုက်မိသော YBS ၄၀ ယာဉ်လိုင်းမှာ ရန်ကုန်တိုင်းအစိုးရ ရှယ်ယာပါဝင်သည့် ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)မှ တာဝန်ယူပြေးဆွဲသော ယာဉ်လိုင်းဖြစ်ပြီး ယခင်မထသလက်ထက်တွင် ပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်များလည်းပါဝင်သည့် အများပိုင်ကုမ္ပဏီ ဖြစ်သည်။

ယခုထွက်ပြေးနေသော YBS ၄၀ ယာဉ်မောင်းသည် YRTA က ခွင့်ပြုထားသည့်ယာဉ်မောင်းမဟုတ်ဘဲ ဆီထည့်ရန်အတွက် ကားပိုင်ရှင်(ပုဂ္ဂလိကပိုင်)မှ ခိုင်းထားသည့် ယာဉ်မောင်းသာ ဖြစ်ကြောင်း YUPT ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က ပြောသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်အချို့ နာယကအဖြစ်ဆောင်ရွက်နေသော YUPT ကုမ္ပဏီ လက်အောက်တွင် YBS ၂၊ ၃၊ ၄၊ ၇ အပါအဝင် ယာဉ်လိုင်းပေါင်း ၁၉ လိုင်း ပြေးဆွဲနေခြင်းဖြစ်ပြီး၊ ကုမ္ပဏီပိုင်ယာဉ်အစီး ၅၀၀ ခန့်ပါရှိပြီး ပုဂ္ဂလိကပိုင်ယာဉ်များနှင့်ပေါင်းပါက စုစုပေါင်းယာဉ်စီးရေ ၁,၂၀၀ ခန့်ရှိသည်။

အင်းစိန်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က YRTA အနေနှင့် ယာဉ်လိုင်းများအပေါ် ထိရောက်စွာ ကိုင်တွယ်ညွှန်ကြားရန်လိုအပ်ပြီး စည်းကမ်းပိုင်းဆိုင်ရာ ထိထိရောက်ရောက် အရေးယူဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

“အခုက ကျွန်တော်တို့ မြင်ရတွေ့ရသလောက်ကတော့ အရေးယူမှုအပိုင်းတွေမှာ အားနည်းတယ်။ အပြောပဲ ရှိတာ”ဟု ၎င်းကထောက်ပြသည်။

ယခုဖြစ်စဉ်တွင် YBS ၄၀ ယာဉ်မောင်းကို ကမာရွတ်မြို့နယ်ရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)၊ ပုဒ်မ ၂၇၉ ၊ ပုဒ်မ ၂၀၂ တို့ဖြင့် အမှုဖွင့်ထားသည်။ သို့သော် လူသုံးဦး သေဆုံးခဲ့သော YBS ၄၀ ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကုမ္ပဏီကို မည်သို့အရေးယူဆောင်ရွက်မည်ဆိုသည်ကိုမူ YRTA တာဝန်ရှိသူက ဖြေကြားခြင်းမရှိပေ။

“YUPT သည် အစိုးရ ရှယ်ယာပါလို့ ဒီဥစ္စာကို အရေးမယူတာမဟုတ်ဘူးဗျ။ ကျွန်တော် အရေးယူဖို့အတွက် ဒီဖြစ်စဉ်ကို ကျွန်တော်တောင်းတာသည်( သက်သေအထောက်အထား) ဒီကနေ့အထိ ဘယ်သူမှ မပြောနိုင်ဘူး”ဟု ဦးလှအောင်က ပြောသည်။

ယမန်နေ့(ဇွန် ၄)ကလည်း ဗဟန်းမြို့နယ် ရေခဲဆိုင်မှတ်တိုင်အနီးရှိ ဘုန်းကြီးကျောင်းအုတ်နံရံကို ကမ္ဘာအေးဘုရားလမ်းအတိုင်းမောင်းလာသည့် YBS ၂၉ ယာဉ်တစ်စီးက ဝင်တိုက်မှုဖြစ်ပွားခဲ့သည်။

ယင်းယာဉ်လိုင်းမှာ ဒဂုံတက္ကသိုလ်-ဆူးလေ ပြေးဆွဲနေခြင်းဖြစ်ပြီး YUPT လက်အောက်မှယာဉ်လိုင်းလည်း ဖြစ်သည်။

ယခုနှစ်ဆန်းပိုင်းတွင်လည်း YUPT ၏ လက်အောက်တွင် ပြေးဆွဲနေသည့် YBS ၄ ယာဉ်လိုင်းပေါ်တွင် ခရီးသည်အမျိုးသမီးတစ်ဦးကို ယာဉ်မောင်းက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းယာဉ်မောင်းသည် ကုမ္ပဏီမှ တရားဝင်ခန့်ထားသူမဟုတ်ကြောင်း YUPT ဘက်မှ ဖြေရှင်းခဲ့သည်။

၂၀၁၈ ဇူလိုင် ကလည်း ဆူးလေ-ထောက်ကြံ့ပြေးဆွဲနေသည့် YBPC ကုမ္ပဏီပိုင် YBS ၃၇ နှင့် ဥက္ကံ-မော်တင်ပြေးဆွဲနေသည့် တိုက်ကြီးသားအများပိုင်ယာဉ်လိုင်းမှ YBS ၅၅ တို့ ထောက်ကြံ့တွင် မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့သည်။

ယင်းယာဉ်တိုက်မှုတွင်မူ YBS ၅၅ ကို ယာဉ်လိုင်းပိတ်သိမ်းသည်အထိ YRTA မှ အရေးယူခဲ့သည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများ စည်းကမ်းမလိုက်နာမှုများ မရှိပါက သက်ဆိုင်ရာကုမ္ပဏီ(အော်ပရေတာ)ကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်နိုင်ကြောင်း YBS ယာဉ်လိုင်း သုံးလိုင်း ( ၂၁၊ ၃၉ ၊ ၄၁)ကို ယာဉ်စီးရေ ၂၅၀ ခန့်ဖြင့် ပြေးဆွဲနေသော Power Eleven Public Co., ltd ၏ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသက်တင်ဝင်း (ခေါ်)ကိုတရုတ်ကလေးက Myanmar Now ကို ပြောသည်။

ယာဉ်လိုင်းကုမ္ပဏီများ စည်းကမ်းချိုးဖောက်ပါက အရေးယူဆောင်ရွက်မှုများကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) မှ ဆောင်ရွက်ရမည်ဖြစ်သည်။

YBS ယာဉ်လိုင်းများနှင့်ပတ်သက်ပြီး YRTA မှ အရေးယူခဲ့သည့် အမှုများသည် ပြီးခဲ့သည့်နှစ်အတွင်း ၁၂,၃၄၈ ခုရှိခဲ့ပြီး အများစုက မှတ်တိုင်တွင် စနစ်တကျ မရပ်သည့်အမှုများ ဖြစ်သည်။ ယခုနှစ် ငါးလအတွင်း ၃,၁၂၂ မှု ရှိပြီး မှတ်တိုင် စနစ်တကျမရပ်သည့်အမှု အများဆုံးဖြစ်ကာ ဒုတိယအများဆုံးမှာ YRTA က ခွင့်ပြုမထားသော ယာဉ်မောင်းများက မောင်းနှင်သဖြင့် အရေးယူထားသည့်အမှုပေါင်း ၅၃၆ မှု ရှိသည်။

YRTA လက်အောက်တွင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းကုမ္ပဏီများထဲတွင် Golden Yangon City Transportation Public Co.,Ltd.(GYCT) ကုမ္ပဏီသည် အရေးယူခံရသည့်အမှုသည် ၁၆၀၀ ကျော်ဖြင့် အများဆုံး အရေးယူခံရပြီး YUPT ကုမ္ပဏီသည် အရေးယူခံရသည့်အမှု ၁,၁၄၈ မှု ရှိသည်။

Show More

Related Articles

Back to top button