တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပြီး နှစ်ဖက် အထိအခိုက်ရှိကြောင်း သိရသည်။
ဇွန်ဒုတိယပတ်တွင် ပုလောမြို့နယ်အတွင်း စစ်ကောင်စီ၏ အင်အား ၈၀ ဝန်းကျင်စီရှိသော စစ်ကြောင်း ၃ ခု ဝင်ရောက်လာသည်၊ ဇွန် ၂၀ တွင် မြို့တောင်ဘက် ၈ မိုင်အကွာ ပဝတ်ကုန်းရွာအနီး တိုက်ပွဲဖြစ်ခဲ့သည်ဟု PDF ၏ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုစံမျိုးအောင်က ပြောသည်။
“၂၀ ရက်နေ့မှာ ကျွန်တော်တို့က အရင်စတင်ပစ်ခတ်ရာကနေ တိုက်ပွဲဖြစ်ပွားတယ်။ နှစ်ရက်အတွင်း ရပ်လိုက်၊ ပစ်လိုက်ပဲ။ တိုက်ပွဲက အတော်ပြင်းသွားတယ်၊ အခြေအနေဆိုးရွားတာတော့ မဟုတ်ဘူးပေါ့” ဟု သူက ဆိုသည်။
PDF ဘက်မှ အသက် ၃၀ အရွယ် ရဲဘော်သံချောင်း သေဆုံးပြီး ရဲဘော် ၅ ဦး ဒဏ်ရာရကြောင်း၊ စစ်ကောင်စီတပ်သားများလည်း သေဆုံးကြောင်း သူက ဆက်ပြောသည်။
“အနည်းဆုံး (စစ်သား) ၁၀ ဦး သေပါတယ်။ တခြား ထိခိုက်ဒဏ်ရာရသွားတာတွေလည်း ရှိတယ်။ တိုက်ပွဲပထမရက်မှာ ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်နောက်ကို လိုက်တဲ့အချိန်မှာ နောက်ချန် ကျန်ခဲ့တဲ့ စစ်သားတွေနဲ့ တွေ့ပြီး နှစ်ဖက်လုံး အပြန်အလှန် ပိတ်မိသွားပြီးတော့ အပြန်အလှန်ပစ်ခတ်ရင်း ကျွန်တော်တို့ဘက်က ၁ ယောက်၊ သူတို့ဘက်က စစ်သား ၃ ယောက်လောက် သေဆုံးသွားတာ” ဟု သူက ပြောသည်။
ထို့နောက် ဇွန် ၂၁ ညနေတွင် စစ်ကြောင်း ၃ ခုလုံး ပုလောမြို့ဘက် ပြန်ဆုတ်သွားသဖြင့် တိုက်ပွဲ ရပ်တန့်သွားကြောင်း ၎င်းက ဆက်ပြောသည်။
ထိခိုက်သေဆုံးမှု အရေအတွက်ကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း တောင်ပိုင်းဒေသတိုက်ပွဲသတင်းများကို လုံးဝ ထုတ်ပြန်ခြင်း မရှိပေ။
ယခုလအတွင်း ပုလောမြို့နယ်တွင် ထိုတိုက်ပွဲနှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက နန်းတောင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရမှုသာ ရှိကြောင်း ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ယမန်နှစ်များနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်ပိုင်းအတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးခြင်းအပါအဝင် စစ်ရေးလှုပ်ရှားမှုများ နည်းပါးလာသည်၊ စစ်ကြောင်းများတွင်လည်း အင်အားထက်ဝက်ခန့် လျှော့ချထားသည်ဟု တနင်္သာရီအခြေစိုက်ကာကွယ်ရေးအဖွဲ့များက ဆိုကြသည်။
စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၂၀၀ ဝန်းကျင်ခန့်အထိ ရှိသော်လည်း ယခုနှစ်အတွင်း အင်အား ၈၀ နှင့် ၁၀၀ ကြားတွင်သာ ပါဝင်တော့သည်ဟု သိရသည်။
တိုက်ပွဲများတွင်လည်း နောက်တန်းစစ်စခန်းများ၏ လက်နက်ကြီးပစ်ကူအင်အား လျော့ပါးလာသည်ကို တွေ့ရသည်ဟု ကိုစံမျိုးအောင်က ဆိုသည်။
“အရင်တုန်းက တိုက်ပွဲဖြစ်ပြီဆို လက်နက်ကြီးက မိုးရွာသလိုကို ပစ်တာ။ အခု ဒီတိုက်ပွဲမှာဆို စဖြစ်တဲ့ ၂၀ ရက်နေ့က လုံးဝကို လက်နက်ကြီးပစ်ကူ မပေးဘူး။ နောက်တစ်နေ့ကျမှ ပေးတာ၊ ပစ်တာကလည်း တစ်နာရီမှ ၃ လုံးလောက်ပဲ ပစ်တာ တွေ့ရတယ်” ဟု ကိုစံမျိုးအောင်က ပြောသည်။
တစ်နိုင်ငံလုံးအနှံ့ စစ်မျက်နှာဖွင့်ထားရခြင်းကြောင့် မြန်မာပြည်တောင်ပိုင်းတွင် တပ်သားအင်အား နည်းလာသည်၊ စစ်သားတို့၏ အိမ်ထောင်ဖက်များကိုပင် တပ်စခန်းများတွင် စစ်ဘက်ဆိုင်ရာ တာဝန်ပေးထားသည်ဟု သူက ဆက်ပြောသည်။
စစ်လေယာဉ်များ ဒေသတွင်း ညအချိန် လေ့ကျင့်ပျံသန်းနေသဖြင့် ဒေသခံလူထု လေကြောင်းရန် ကာကွယ်ရေးအတွက် ကူညီလုပ်ဆောင်နေရသည်ဟု သူက ဆိုသည်။
တနင်္သာရီတိုင်း ထားဝယ်မြို့အနီး သရက်ချောင်းမြို့နယ်တွင်မူ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်တို့ ဇွန် ၈ ရက်နေ့မှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးပြင်းထန်နေသဖြင့် ဒေသခံ ထောင်ချီ စစ်ရှောင်နေရသည်။
၂၀၂၁ ဖေဖော်ဝါရီလတွင် အာဏာသိမ်းသည့် စစ်တပ်က ဆန္ဒပြသူများကို လမ်းပေါ်တွင် အကြမ်းဖက် သတ်ဖြတ်ရာမှ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ တနင်္သာရီတိုင်းတွင်လည်း လက်နက်ကိုင်တော်လှန်ရေးသမားများစွာ ရှိနေသည်။
ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒပြမှုများ ဒေသတွင်း ဆက်လက် တည်ရှိနေသလို အကျဉ်းကျနေသည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်သော ဇွန် ၁၉ ရက်နေ့က ပန်းပန်သည့် လှုပ်ရှားမှုတွင် ပါဝင်သည်ဟူသော စွပ်စွဲချက်နှင့် နိုင်ငံအနှံ့အပြား အဖမ်းအဆီးများစွာ ရှိခဲ့ရာ တနင်္သာရီတိုင်းတွင်လည်း စစ်ကောင်စီလက်နက်ကိုင်တို့က အမျိုးသမီးတချို့ကို ဖမ်းဆီးခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)