ရန်ကုန်တိုင်း၊ လှည်းကူးနှင့် မှော်ဘီမြို့နယ်များရှိ ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေးဇုန်တွင် အမှန်တကယ်စိုက်ပျိုးနေသူများကိုသာ လုပ်ကိုင်ခွင့်အသစ် ထုတ်ပေးမည်ဖြစ်ကြောင်း ဇုန်ကော်မတီ၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် မြေကွက်အချို့ လုပ်ပိုင်ခွင့်ရယူထားသူ စစ်ဗိုလ်ချုပ်အချို့က မြေကွက်များကို လွှဲပြောင်းရောင်းချလာကြသည်။
အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၁၉၉၉ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပေးခဲ့သည့် မြေကွက်များကို စိစစ်ကာ အမှန်တကယ်စိုက်ပျိုးနေသူများသာ လုပ်ပိုင်ခွင့်ပေးမည်ဟု ထိုဇုန်ကော်မတီက မေ ၂၂ နိုင်ငံပိုင်သတင်းစာတွင် ကြေညာခဲ့သည်။ ထို့နောက် စစ်ဗိုလ်ချုပ်များ၏ မြေကွက်အလွှဲအပြောင်းများ ထွက်ပေါ်လာခဲ့သည်။
စီမံကိန်းတွင် အမှန်တကယ်စိုက်ပျိုးနေသည်ဟု ဆိုသူတို့က လုပ်ကိုင်ခွင့်အသစ်အတွက် ဇုန်ကော်မတီထံ လျှောက်ထားပြီး မြေကွက်လုပ်ပိုင်ခွင့်ကို ကန့်ကွက်နိုင်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာရာတွင် လွှဲပြောင်းရောင်းချခဲ့သူ ဒု−ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးချုပ်နှင့် ဗိုလ်ကြီးအဆင့် စစ်အရာရှိ ၅ ဦး အနည်းဆုံး ရှိကြောင်း တွေ့ရသည်။
ပြန်ကြားရေးဝန်ကြီးဟောင်းဟု ယူဆရသည့် ဗိုလ်မှူးချုပ်ကျော်ဆန်း အမည်နှင့် လုပ်ကိုင်ခွင့်ရှိသူက ဇုန် ၃ ရှိ မြေကွက်အမှတ် (၁၉၂) ကို ဦးမာမက်ဟူစိန်ထံ လွှဲပြောင်းခဲ့သလို ဒုဗိုလ်ချုပ်ကြီးခင်မောင်သန်းက ဇုန် (၁) နှင့် (၂) ရှိ မြေကွက်အမှတ် (၁) နှင့် (၂) ကို ဒေါ်မြခိုင်၊ ဒေါ်ရီရီဝင်းနှင့် ဒေါ်အိကြီးတို့ထံ လွှဲပြောင်းခဲ့ကြောင်း ဇွန် ၁၈ ထုတ် မြန်မာ့အလင်းသတင်းစာတွင် တွေ့ရသည်။
အခြား ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးကလည်း မြေလွှဲပြောင်းထားသည်ကို တွေ့ရပြီး စစ်တပ်အရာရှိမဟုတ်သူ အခြားလုပ်ပိုင်ခွင့်ရထားသူ အများအပြားလည်း အလားတူ လွှဲပြောင်းရောင်းချထားကြောင်း ဇွန် ၁၈ နှင့် ၁၉ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် တွေ့ရသည်။
မြေကွက်များကို စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ရန် ချပေးသော်လည်း လုပ်ပိုင်ခွင့်ရထားသူတို့သည် စီမံကိန်းစတင်ချိန်မှစ၍ ၂၃ နှစ်အတွင်း အမွေပေးခြင်း၊ လက်လွှဲရောင်းချခြင်း၊ လုပ်ငန်းမလုပ်နိုင်၍ လွှဲပြောင်းခြင်း စသည်ဖြင့် အကြောင်းအမျိုးမျိုးရှိကြောင်း ဇုန်ကော်မတီတာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ပြောင်းချင်တဲ့သူက သူတို့ဝယ်ထားပါတယ်။ သူတို့အဖေ သေသွားပါပြီ။ ဘယ်သူ့ကိုတော့ လွှဲပေးပါတယ်။ ဒါကြောင့်မို့လို့ သူတို့လုပ်နေပါတယ်ဆိုတဲ့ အထောက်အထားတွေနဲ့ဆို ဒီလူကို နာမည်ပြောင်းပေးရမှာပေါ့။ လက်ရှိလုပ်နေတဲ့သူကို ယခင်လူကလည်း လွှဲပြောင်းထားတယ်ဆိုရင်ပေါ့” ဟု သူက ဆိုသည်။
အဆက်ဆက် ပိုင်ဆိုင်မှုရှိသူများကို လွှဲပြောင်းရောင်းချရာတွင် မြေပြင်၌ အမှန်တကယ်လုပ်နေသူကို အမည်ပေါက်လုပ်ပိုင်ခွင့် ပြောင်းလဲပေးခြင်းဖြစ်သည်၊ သတင်းစာများတွင် အကြိမ်ရေ ရာနှင့်ချီ ထုတ်ပြန်ခဲ့ပြီး ကန့်ကွက်မှုများလည်း ရှိသည်ဟု ဇုန်ကော်မတီထံမှ သိရသည်။
“ပြောရရင် Renew (အသစ်ပြန်) လုပ်တာပေါ့ဗျာ။ ဖအေက သေသွားပြီ။ သားရောက်တယ်။ သားကနေ ချွေးမ ရောက်တယ်ပေါ့ဗျ။ အဲ့ဒါမျိုးဆို ဖအေနာမည်တွေရှိနေလို့ မရတော့ဘူး။ Update လုပ်တယ်ပြောပြော၊ Renew လုပ်တယ်ပြောပြော နောက်ဆုံးလုပ်နေသူကို အဆက်ဆက်ပိုင်ဆိုင်မှုရှိရင် လွှဲပေးလိုက်တာပဲ” ဟု ထိုသူကပင် ဆက်ပြောသည်။
ထိုဇုန်တွင် မြေကွက်ပေါင်း ၁၇၀၀ ကျော်ရှိပြီး အကြောင်းအမျိုးမျိုးဖြင့် လွှဲပြောင်းသူ ရာဂဏန်းထိရှိကာ အရေအတွက်အတိအကျကို မသိရကြောင်း ၎င်းက ဆိုသည်။
နအဖ စစ်အစိုးရလက်ထက်တွင် စတင်ခဲ့သည့် စိုက်ပျိုးမွေးမြူရေးဇုန်တွင် အပြည့်အဝမလုပ်ကိုင်ကြောင်း အထောက်အထားများဖြင့် လုပ်ကိုင်ခွင့်လက်မှတ်လျှောက်ထားခြင်းကို ဇွန် ၂၃ နောက်ဆုံးထားပြီး မတင်ပြနိုင်လျှင် မြေကွက်များသိမ်းဆည်းမည်ဟု ဇုန်ကော်မတီက ထုတ်ပြန်ထားသည်။
ညောင်နှစ်ပင်ဇုန်စတင်ချိန်တွင် အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များက မြေ ၅ ဧကစီ ခွဲယူထားကြပြီး လုပ်ငန်း လုံးဝမလုပ်သူ များစွာရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်များက ထောက်ပြလေ့ရှိသည်။
စစ်တပ်အရာရှိများက လုပ်ကိုင်ခွင့်ရသည့်မြေကို အကြောင်းအမျိုမျိုးဖြင့် လွှဲပြောင်းနေသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါစီးပွားရေးဇုန်တွင် စိုက်ပျိုးမွေးမြုရေးနှင့် မသက်ဆိုင်သည့် မြေအသုံးချမှုမရှိစေရန် မေ ၂၀ က ဇုန်ကို သွားရောက်စဉ် ပြောဆိုခဲ့သည်။
စစ်တပ်ကြီးစိုးရေးအတွက် အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမွေးဖွားရာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ညောင်နှစ်ပင်စခန်းရှိ သုသာန်တစပြင်လိုဖြစ်နေသည့် အမျိုးသားညီလာခံခန်းမကို အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ပြန်လည်မွမ်းမံပြင်ဆင်နေသည်။