သတင်း

နှစ်နှစ်သား စစ်ကောင်စီဝင်များ နေပြည်တော်တွင် မြေကွက် ဈေးပေါပေါဖြင့်ရ

အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းပြီးကတည်းက နှစ်နှစ်ကျော်ကြာ လက်တွဲလုပ်ကိုင်ခဲ့သည့် ကောင်စီအဖွဲ့ဝင်များနှင့် ဝန်ကြီး၊ ဒုဝန်ကြီးတချို့ကို စစ်ကောင်စီက ဈေးပေါပေါဖြင့် မြေကွက်များချပေးနေသည်။

ပြန်လည်ရောင်းချခြင်း မပြုရဟူသော ကန့်သတ်ချက်ဖြင့် စစ်ကောင်စီက အကွက်အကွင်းကောင်းသည့် နေရာမှ စတုရန်းပေ ၁၀၀ ကျော် အကျယ်ရှိ မြေကွက်များကို ကျပ် သိန်း ၇၀ ဖြင့် ရောင်းချပေးနေခြင်း ဖြစ်သည်။

နေပြည်တော်စည်ပင်သာယာရေးကော်မတီက ချထားပေးသည့် ထိုမြေကွက်များမှာ ဟိုတယ်ဇုန်၊ လူစည်ကားရာ ရွှေကြာပင်ရပ်ကွက်အနီး ရွှေကြာပင်လမ်းနှင့် တော်ဝင်ရတနာ လမ်းထောင့်ရှိ ဒက္ခိဏသီရိမြို့နယ် ထန်းတပင်ရပ်ကွက်အတွင်းမှ မြေကွက်ကျယ်ကြီးများဖြစ်သည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်က ပြည်ထောင်စုအဆင့်အဖြစ် သတ်မှတ်ထားသည့် စစ်ကောင်စီအဖွဲ့ဝင်နှင့် အစိုးရဌာနတွင် ဝန်ကြီး၊ ဒုဝန်ကြီး သက်တမ်းနှစ်နှစ်ဆက် တာဝန်ထမ်းဆောင်ခဲ့ပြီးသူ၊ မြေပိုင်ဆိုင်မှုမရှိသူတို့ကို ဦးစားပေးချထားခြင်းဖြစ်သည်။

ကျောက်မျက်ရတနာသင်တန်းကျောင်း၏ ကားလမ်းတစ်ဖက်ခြမ်း မျက်နှာချင်းဆိုင်ရှိ ထန်းတပင်ရပ်ကွက်အတွင်း လူနေထိုင်ခြင်းမရှိသေးသည့် မြေကွက်များကို စစ်ကောင်စီက ၎င်း၏ သစ္စာတော်ခံများကို ဆုလာဘ်အဖြစ် ပေးနေကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်နေသည့် အရာထမ်းတစ်ဦး၊ စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

ထိုသတင်းရင်းမြစ်နှစ်ဦးမှာ လုပ်သက်ရင့် အစိုးရဝန်ထမ်းအမျိုးသားများဖြစ်ပြီး လုံခြုံရေးအရ အမည်နှင့် အချက်အလက်အသေးစိတ်ကို ထုတ်မပြောလိုကြပေ။

ထန်းတပင်ရပ်ကွက်၌ မြေကွက်ရရှိသူများထဲတွင် စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီက မြှောက်စားထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း၊ လက်ရှိ ဟိုတယ်၊ ခရီးသွားလာရေးဆိုင်ရာဝန်ကြီး ဒေါ်သက်သက်ခိုင်တို့ ပါဝင်ကြောင်း သိရသည်။

ထို့အတူ စစ်ကောင်စီစဖွဲ့ချိန်မှစ၍ ယနေ့တိုင် ရာထူးဖြုတ်မခံရသေးသည့် အရပ်သားများဖြစ်သော သက်တမ်းရင့် တော်လှန်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင်ဟောင်း ဖဒိုမန်းငြိမ်းမောင်၊ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်လည်းဖြစ်သည့် ဦးရွှေကြိမ်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းတို့သည်လည်း မြေကွက်ရထားသည်ဟု အထက်ပါ သတင်းရင်းမြစ်နှစ်ဦးက ဆိုသည်။

အထက်ပါ ၅ ဦး ရရှိသည့် မြေကွက်များမှာ အရပ်အခေါ် ထန်းတပင် VIP ရပ်ကွက်အတွင်းရှိ  မြစန္ဒာလမ်းနှင့် မြသီတာ (၂) လမ်းများပေါ်တွင် ရှိသည်ဟု သိရသည်။

“ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ဒေါ်သက်သက်ခိုင်တို့ မြေကွက်တွေက အုတ်တံတိုင်း ခြံစည်းရိုးခတ်ပြီး အိမ်တောင် ဆောက်နေပြီ။ မန်းငြိမ်းမောင်နဲ့ ဦးရွှေကြိမ်းတို့က ရတာ နောက်ကျတော့… ခုမှ မီတာလျှောက်တာတို့၊ မြေဖို့တာတွေ လုပ်နေကြတာ”။

စစ်ကောင်စီကို ကာကွယ်ပြောဆိုရာတွင် အာဝဇ္ဇန်းသွက်သဖြင့် အာဏာစန်းလာဘ်တက်နေဆဲဖြစ်သည့် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ စိန်ရွှေရတနာဆိုင်နှင့် စီးပွားရေးလုပ်ငန်းကြီးများ ပိုင်ရှင် ဒေါ်သက်သက်ခိုင်တို့၏ ထန်းတပင်မြေကွက်ပေါ်တွင် အိုးအိမ်ဆောက်လုပ်ရေးကို နီးစပ်ရာလုပ်ငန်းရှင်တို့က အားဖြည့်ကူညီနေသည်ဟု ၎င်းက ဆိုသည်။ အသေးစိတ် မသိရပေ။

အရပ်သားကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဖဒိုမန်းငြိမ်းမောင်နှင့် ဦးရွှေကြိမ်းတို့မှာမူ အချိုအချောင်ရထားသည့် မြေကွက်တွင် ခြံခတ်၊ မြေညှိ၊ အိမ်ဆောက်၊ ဆောက်လုပ်ရေးလုပ်ငန်းအပြီးသတ်နိုင်ရန် ပံ့ပိုးမည့် လုပ်ငန်းရှင်နှင့် အလှူရှင်ကို မျှော်နေကြကြောင်း စစ်ကောင်စီအဖွဲ့နှင့် နီးစပ်သူက ဆက်ပြောသည်။

“ခြံစည်းရိုးလား၊ အိမ်လား၊ အလှူရှင်ရှိရင် လူကြီးတွေက အကြိုက်ပဲလေ၊ .. အလှူရှင်ပေါ်ပြီလားပဲ မေးကြတာ၊ အလှူရှင်ပေါ်ပြီဆို ပြီးပြီ (အိမ်ဆောက်ဖို့ စိတ်ပူရန် မလိုတော့)”။

ထန်းတပင် VIP ရပ်ကွက်ရှိ မြေကွက်များမှာ ကာလပေါက်ဈေး ကျပ်သိန်း ၅,၀၀၀ မှ ၁၀,၀၀၀ ဝန်းကျင် တန်ကြေးရှိကြောင်း နေပြည်တော်အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်နှစ်ဦးက ပြောသည်။

အာဏာသိမ်းပြီး သုံးနှစ်နီးပါး ရှိလာချိန်၊ တစ်နိုင်ငံလုံး စစ်မီးတောက်လောင်နေချိန်တွင် အရာရှိ၊ အရာခံနှင့် ကြေးရတတ်မိသားစုများမှာ စစ်ကောင်စီရုံးစိုက်သဖြင့် လုံခြုံရေးအထူးတင်းကျပ်ထားသည့် နိုင်ငံအလယ်ဗဟိုချက်ဒေသသို့ လာရောက်ခိုလှုံနေကြသည်ဖြစ်ရာ နေပြည်တော်အိမ်ခြံမြေဈေးမှာ ခေါင်ခိုက်နေသည်ဟု အထက်ပါ အကျိုးဆောင် အမျိုးသားနှစ်ဦးထံမှ သိရသည်။

“လက်ရှိက ပုဗ္ဗ (သီရိ) နဲ့ ဒက္ခိဏ (သီရိ) မှာ အရောင်းအဝယ် ကောင်းတယ်။ ငွေသား လက်ထဲ မထားချင်လို့ ဝယ်ကြတဲ့သူ များတယ်” ဟု အကျိုးဆောင်တစ်ဦးက ပြောသည်။

စစ်ကောင်စီဖွဲ့ခါစ၌ ပါဝင်ခွင့်ရခဲ့ပြီး ယခုအခါ ဗဟိုအကြံပေးအဖြစ် ချောင်ထိုးခံထားရသည့် NLD ခွဲထွက် ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေနှင့် ကောင်စီဝင်ဟောင်းများ၊ ဌာနဆိုင်ရာအကြီးအကဲများအတွက်လည်း စစ်ကောင်စီက မြေပေါသည့် နေပြည်တော်တွင် မြေကွက်များ စီစဉ်ပေးနေဆဲဖြစ်သည်ဟု အထက်ပါ လုပ်သက်ရင့် အစိုးရဝန်ထမ်းနှစ်ဦးက ဆိုသည်။

“ထန်းတပင်မှာက မြေကွက်လွတ်က နည်းနည်းပဲ ရှိတော့တာ၊ အကုန်ပေးမယ်ဆိုရင် မလောက်လို့ မြေနေရာထပ်ဖော်နေတာ” ဟု နေပြည်တော်စည်ပင်မှ အရာထမ်းက ပြောသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၅ တွင် ရုံးဌာနများကို နေပြည်တော်သို့ ရွှေ့ပြောင်းစေပြီးနောက်တွင် အစိုးရတာဝန်ယူသူများအတွက် မြေကွက်ပေးလေ့ရှိသည့် အစဉ်အလာ ထွန်းကားကျယ်ပြန့်လာခြင်းဖြစ်သည်။ ကိုယ်တိုင်ပင် အာဏာရှိစဉ်က ၎င်းနှင့်အတူ ထိပ်တန်းတာဝန်များယူခဲ့သည့် အခြားငါးဦးနှင့်အတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းပေါ်တွင်ရှိ အိမ်ယာဝင်းတစ်ခုတွင် ဦးသန်းရွှေက နေထိုင်ပြီး ထိုနေရာကို ခြောက်လုံးတန်းဟု လူသိများသည်။

၂၀၁၅ ရွေးကောက်ပွဲရလဒ်ဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီအထိ တာဝန်ယူခဲ့သည့် NLD အစိုးရသည်လည်း ထိုအစဉ်အလာကို ဖျက်သိမ်းခြင်းမပြုဘဲ ပါတီခေါင်းဆောင်များဖြစ်သည့် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည်ပင်လျှင် ဥတ္တရသီရိမြို့နယ် ရတနာသိဒ္ဓိရပ်ကွက်တွင် မြေကွက်များ ရယူခဲ့ဖူးသည်။

အာဏာသိမ်းပြီးနောက်တွင် စစ်တပ်က ၎င်းတို့ ဖမ်းထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ မြေကွက်ပိုင်ဆိုင်မှုများမှာ အဂတိမကင်းဟု စွပ်စွဲ၍ ထောင်ဒဏ်များ ချခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button