
ရန်ကုန်တိုင်းအစိုးရ ရောင်းချမည့် မြေကွက်များကို ဝယ်ယူခွင့်ရသူများသည် မြေတန်ဖိုးအပြင် အခြေခံအဆောက်အအုံ တည်ဆောက်စရိတ်များပါ ပိုပေးရမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၁ရက်နေ့က ရန်ကုန်စည်ပင်အရာရှိများက ပြောသည်။
လတ်တလော ရောင်းချနေသည့် မြေကွက်များအတွက် ရေပိုက်လိုက်များတပ်ဆင်ခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်းနှင့် လျှပ်စစ်မီးတပ်ဆင်ခြင်းတို့အတွက် ကုန်ကျငွေများရှိမည်ဖြစ်ရာ ထိုအတွက် မြေကွက်ဝယ်ယူသူများက ထပ်ဆောင်းပေးရမည်ဟု ယမန်နေ့က ရန်ကုန်မြို့တော်ခန်းမတွင် ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောသည်။
သို့ရာတွင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် မည်မျှရှိမည်ကို တိတိကျကျ မသိရသေးသလို တာဝန်ယူလုပ်ကိုင်မည့် သူကိုလည်း ရွေးချယ်ရန် ပြင်ဆင်နေဆဲဖြစ်သည်။
အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လိုမှု အဆိုပြုလွှာ (Exxpression of Interest) EOI အောင်မြင်သည့် ကုမ္ပဏီများသည် ရေ၊ လျှပ်စစ်မီးနှင့် ရေနုတ်မြောင်း ဖော်ဆောင်ခြင်းတို့အတွက် စျေးနှုန်းများ တင်ပြလာမည်ဖြစ်ပြီး အဆိုပါစျေးနှုန်းပေါ်မူတည်၍ သက်ဆိုင်ရာမြေကွက်ဝယ်ယူသူများထံမှ ငွေကြေး ကောက်ခံသွားမည်ဟု ရန်ကုန်စည်ပင်အရာရှိများက ဆိုသည်။
မြေကွက်တစ်ကွက်လျှင် သိန်း ၆၀ ဖြင့် ဝယ်ယူထားသူသည် ရေနှင့်လျှပ်စစ်မီး ရရှိရန် အခြေခံအဆောက်အအုံ တည်ဆောက်ရေးစရိတ် သိန်း ၅၀ ထပ်ပေါင်းလိုက်လျှင် မြေကွက်တန်ဖိုးမှာ စုစုပေါင်း ကျပ်သိန်း ၁၁၀ ခန့် ကျသင့်သွားမည်ဖြစ်ကြောင်း ဦးသန်းက ဥပမာပေး ရှင်းလင်းခဲ့သည်။
ယင်းအပြင် လက်ရှိရောင်းချနေသည့် မြေကွက်များတွင် လမ်းရှိသည့် မြေကွက်များရှိသလို လမ်းမပေါက်သည့် မြေကွက်များလည်းရှိသဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးစရိတ်မှာ တစ်နေရာနှင့်တစ်နေရာ မတူညီနိုင်ကြောင်း သူက ဆက်ပြောသည်။ ရောင်းချမည့် မြေကွက်များ၏ ၉၀ ရာခိုင်နှုန်းမှာ လမ်းရှိပြီးသားဖြစ်ပြီး လျှပ်စစ်မီးတိုင်များလည်း တပ်ဆင်ပြီးစီးထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါမြေကွက်များ၏ တန်ဖိုးကို အစိုးရဘက်က တရားဝင်သတ်မှတ်ထားခြင်း မရှိသေးဘဲ ရန်ကုန်တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့က ၂၀၁၈–၂၀၁၉ ခုနှစ်အတွက် မြို့နယ်အလိုက် သတ်မှတ်ထားသည့် ဈေးနှုန်းကို အခြေခံပြီး သတ်မှတ်မည် ဖြစ်သည်။ မြေကွက်များ၏ အကျယ်အဝန်းနှင့် တည်နေရာကို မူတည်ပြီး ကျပ်သိန်း ဆယ်ဂဏန်း မှ ထောင်ဂဏန်းအထိ ရှိမည်ဟု ရန်ကုန်စည်ပင် တွဲဖက်အတွင်းရေးမှူးက ဆိုသည်။
ဒဂုံလေးမြို့နယ်(ဒဂုံမြို့သစ် အရှေ့ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း၊ ဆိပ်ကမ်း) နှင့် လှိုင်သာယာ၊ ရွှေပြည်သာ စုစုပေါင်း ခြောက်မြို့နယ်တွင် ရှိသည့် မြေကွက်များကို ရောင်းချသွားမည်ဖြစ်ပြီး၊ ငွေပေးသွင်းခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိသည့်နေ့မှ စကာ ခြောက်လအတွင်း ငွေပေးသွင်းရမည်ဖြစ်သည်။
မြေကွက်ဝယ်ယူနိုင်သည့် လျှောက်လွှာများကို ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့မှ စတင်ရောင်းချပေးခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့အထိ နောက်ဆုံးအခြေအနေအရ လျှောက်လွှာဝယ်ယူသူပေါင်း ၇၈၀၀ နီးပါး ရှိပြီဖြစ်ကြောင်း ရှင်းလင်းပွဲတွင် စည်ပင်ကော်မတီအရာရှိများက ပြောသည်။ လျှောက်လွှာတစ်စောင်ကို ငွေကျပ် တစ်သောင်းဖြင့် ရောင်းချနေပြီး နိုဝင်ဘာ ၈ ရက်နေ့အထိ နောက်ဆုံးထား ရောင်းချပေးသွားမည် ဖြစ်သည်။