သတင်း

ပြင်ဦးလွင် သစ်တောမြေရောင်းဝယ်မှုကို အရေးယူမည်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် သစ်တောမြေတွင် တရားမ၀င် အကွက်ရိုက်ရောင်းချထားသော မြေကွက်များကို သစ်တောဦးစီးဌာနက ပြန်လည်ရယူနိုင်ရေးအတွက် တရားစွဲဆိုရန် ပြင်ဆင်နေသည်။ 

ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်၍ သွပ်ဆူးကြိုးကာရံခြင်း၊ အုတ်တံတိုင်းခတ်၍ အဆောက်အအုံ အခိုင်အမာဆောက်လုပ်ထားခြင်းများ စစ်ဆေးတွေ့ရှိသဖြင့် ကျူးကျော်လုပ်ကိုင်သူများအား ဖော်ထုတ်၍ ဥပဒေအရ အရေးယူသွားမည်ဟု ဇန်နဝါရီ ၆ တွင် သစ်တောဦးစီးဌာနက ဌာန၏ Facebook စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။ 

သစ်တောဌာနမှ ဓာတ်ပုံများ ထုတ်ပြန်ခဲ့ရာတွင်လည်း အုတ်တံတိုင်းနှင့် အဆောက်အအုံဆောက်ရန် ဆောင်ရွက်ထားသည့် ခြံဝင်းများဖြစ်နေကြောင်း တွေ့ရှိရသည်။ 

ထိုသို့ အဆောက်အအုံအခိုင်အမာဆောက်ပြီးမှ အရေးယူခြင်းသည် မသိနားမလည်ဘဲ ဝယ်ယူသူများအတွက် နစ်နာနိုင်ပြီး သစ်တောဦးစီးဌာနမှ ကြိုတင်သတိပေးပြီးမှသာ အရေးယူသင့်သည်ဟု လူမှုကွန်ရက် အသုံးပြုသူများအကြား ဝေဖန်နေကြသည်။

ထိုသို့ အကွက်ရိုက်ရောင်းချသော မြေကွက်အများစုမှာ ကာလပေါက်ဈေးအရ ပေ ၂၀×၄၀ ဝန်းကျင် တစ်ကွက်လျှင် ကျပ်သိန်း ၅၀ ဝန်းကျင်ခန့်ဖြစ်ပြီး အချို့က အရစ်ကျစနစ်ဖြင့်ပင် အရောင်းအဝယ်လုပ်ကြကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ 

သစ်တောဧရိယာအတွင်း ခွင့်ပြုချက်မရှိဘဲ ကျူးကျော်၍ ဥပဒေအရ အရေးယူခြင်းဖြစ်ပြီး နစ်နာသူများက တရားရုံး၌သာ ဖြေရှင်းကြရန် မန္တလေးတိုင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောသည်။ 

“မြို့ပြတည်ဆောက်မှုတွေ များလာလေ၊ လက်ဦးမှုတွေ ယူကြတာပေါ့ဗျာ။ ဥပဒေအရ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောထဲမှာ ပြည်ထောင်စုဝန်ကြီးဌာန ခွင့်ပြုချက်မရှိဘဲ ဘာမှ လုပ်ခွင့်မရှိဘူး။ ဒါကြောင့် တရားရုံးမှာ အမှုရင်ဆိုင်တဲ့အခါ ဖြေရှင်းကြပါ။ ဘယ်လောက်နစ်နာတယ်၊ မနစ်နာဘူး။ ဘယ်လိုကျူးထားတယ်ဆိုတာ ပေါ်လာမှာပဲ” ဟု ဝန်ကြီးဦးမျိုးသစ်က Myanmar Now ကို ပြောသည်။ 

၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ ၄၀(က) အရ သစ်တောနယ်မြေအတွင်း ကျူးကျော်ဝင်ရောက်အခြေချနေထိုင်ခြင်း၊ အိမ်မွေးတိရစ္ဆာန်မွေးမြူခြင်း၊ ခွင့်ပြုမိန့်မရဘဲ သစ်တောနယ်မြေအတွင်း ပျက်စီးစေရန် တမင်ရည်ရွယ်ချက်ဖြင့် ခုတ်ထွင်ခြင်း၊ ရှင်းလင်းခြင်း၊ တူးဆွခြင်း(သို့) မူလအနေအထားကို ယိုယွင်းစေသည့် ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံစေရမည်ဟု ပြဋ္ဌာန်းထားသည်။ 

ယင်းဥပဒေပြဋ္ဌာန်းပြီး ၂ နှစ်အတွင်း ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဧရိယာကျူးကျော်ခြင်းကြောင့် တရားစွဲခံထားရသူ ၁၁၇ ဦးရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနထံမှ သိရသည်။ 

“မြေပြင်မှာ လက်ဝယ်တွေ့ရှိသူကိုပဲ အရင်တရားစွဲဆိုတာပါ၊ တရားရုံးရောက်မှ ရောင်းသူ၊ ဝယ်သူ မည်သူမည်ဝါဆိုတာ ဆက်လက်စစ်ဆေးတာပါ” ဟု ပြင်ဦးလွင်မြို့နယ်သစ်တောဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

လတ်တလောကိစ္စတွင်မူ သစ်တောဧရိယာအတွင်း မြေဧက မည်မျှကျူးကျော်ထားသည်ကို တွက်ချက်နေဆဲဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူမဟုတ်သဖြင့် အမည်ထုတ်ဖော်မပြောလိုသော ထိုအရာရှိက ရှင်းပြသည်။ 

မန္တလေးမြို့နှင့် မိုင် ၄၀ ခန့်သာ ဝေးသော ပြင်ဦးလွင်မြို့သည် ရာသီဥတုမျှတခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းခြင်းတို့ကြောင့် အိမ်ခြံမြေရင်းနှီးမြှုပ်နှံလိုသူများအပါအဝင် မြေအကျိုးဆောင်တို့ မျက်စိကျသော ဒေသဖြစ်သည်။ 

ထို့အတွက်ကြောင့် သစ်တောမြေ၊ လယ်မြေများအား တရားမဝင် အကွက်ရိုက်ကာ ဈေးသက်သာစွာ ရောင်းချလေ့ရှိသဖြင့် ဒေသတွင်းမြေစျေးကွက်အကြောင်း နားမလည်ဘဲ ဈေးသက်သာ၍ ဝယ်ယူသူအများအပြား ထိခိုက်ဆုံးရှုံးလေ့ရှိကြောင်း မန္တလေးအခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ 

“အစိုးရကလည်း လူတစ်ဦးချင်းကို လိုက်ပြောနိုင်မှာမဟုတ်သလို မြေဝယ်မဲ့သူတွေကလည်း ကိုယ်ဝယ်မဲ့မြေက တရားဝင် ဟုတ်ခြင်း၊ မဟုတ်ခြင်းကို သေချာစိစစ်သင့်တယ်။ အဲဒီမဟုတ်ရင်တော့ ဥပဒေကို လက်တစ်လုံးခြား လုပ်နေတဲ့သူတွေက ငွေထုပ်ပိုက်ပြီး မသိနားမလည်တဲ့သူတွေကပဲ နစ်နာနေရဦးမှာ” ဟု ရွှေမန္တလေးအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးနေလင်းအောင်က Myanmar Now ကို ပြောသည်။ 

သစ်တောဦးစီးဌာနကလည်း သစ်တောမြေကျူးကျော်ခြင်း မပြုရန် သတိပေးတားမြစ်ဆိုင်းဘုတ်များ စိုက်ထူနေသည်။ ကျူးကျော်ထားသည်ကို စစ်ဆေးတွေ့ရှိပါက လူကိုယ်တိုင်သတိပေးတားမြစ်နေပြီး ၃ ကြိမ်မက ကျူးလွန်ပါက တရားစွဲဆိုကြောင်း၊ တရားရုံးစီရင်ချက်ချပြီး ရက် ၃၀ အတွင်း ကျူးကျော်ထားသောမြေကို မူလမြေပိုင်ဖြစ်သော သစ်တောဦးစီးဌာနသို့ ပြန်အပ်ရကြောင်း သိရသည်။ 

Related Articles

Back to top button