သတင်း

လေအားလျှပ်စစ်စီမံကိန်း ၁၈ ခု စီစဉ်ထားဟု စစ်ကောင်စီလျှပ်စစ်ဝန်ကြီးပြော

တစ်နိုင်ငံလုံးအနေအထားဖြင့် လေအားလျှပ်စစ်စီမံကိန်း ၁၈ ခု စီစဉ်ထားကာ စုစုပေါင်းလျှပ်စစ်မဂ္ဂါဝပ် ၂၂၆၀ ရှိသည်ဟု ရုရှားနိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီး ဦးသောင်းဟန်က ထုတ်ဖော်ပြောဆိုသည်။

မကွေးတိုင်းတွင် လေအားလျှပ်စစ်စီမံကိန်း ၄ ခု အကောင်အထည်ဖော်ရေး ယခုလ ၁၅ ရက်နေ့က ရုရှားကုမ္ပဏီနှင့် လက်မှတ်ရေးထိုးစဉ် ဦးသောင်းဟန်က ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“၂၀၃၀ အရောက်မှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကနေ ၁၁ ရာခိုင်နှုန်း (ရင်းမြစ်အလိုက် လျှပ်စစ်ထုတ်လုပ်ရာတွင် ပါဝင်သည့်အချိုး) ရည်မှန်းထားပါတယ်။ ဒီနေ့ လက်မှတ်ထိုးတဲ့စီမံကိန်းတွေ အပါအဝင် လေအားလျှပ်စစ်စီမံကိန်း ၁၈ ခုရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုသည် လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ရေးကို ခိုင်မာစေပြီး ရုရှားနိုင်ငံပိုင်ကုမ္ပဏီထံမှ နည်းပညာလွှဲပြောင်း ရယူနိုင်ရန် မျှော်လင့်ထားသည်ဟုလည်း ဦးသောင်းဟန်က ဆိုသည်။

မကွေးတိုင်းတွင် လေအားလျှပ်စစ်စီမံကိန်း ၄ ခုအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည့်အကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ကြေညာသည့်နည်းတူ ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်းကလည်း ထုတ်ပြန်သည်။

မင်းလှနှင့် မင်းတုန်းတို့တွင် လျှပ်စစ် ၁၁၆ နှင့် ၅၆ မဂ္ဂါဝပ် ထုတ်လုပ်မည့် စီမံကိန်းကို ရုရှားကုမ္ပဏီ Nova Wind နှင့် မြန်မာဘက်မှ Primus Advanced Technologies ကုမ္ပဏီ၊​ ကျောက်ပန်းတောင်းနှင့် ညောင်ဦးတွင် ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်ရန် ရည်ရွယ်ထားသည့် စီမံကိန်းအတွက် Nova Wind နှင့် မြန်မာဘက်မှ Zeya & Associates ကုမ္ပဏီတို့ လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

လေအားလျှပ်စစ်စီမံကိန်း ပါဝင်မည့် Nova Wind ကုမ္ပဏီမှာ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်း၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သည်။

“မကြာမီမှာ စီမံကိန်းရဲ့အစောပိုင်း ပြင်ဆင်မှုတွေ စတင်နိုင်ဖို့ မျှော်လင့်ပါတယ်။ Rosatom အနေနဲ့ နှစ်ပေါင်းများစွာ မြန်မာနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု Nova Wind ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Grigoriy Nazarov က ပြောဆိုကြောင်း Rosatom ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Primus ကုမ္ပဏီမှာ ရခိုင်ပြည်နယ်အတွင်း အမ်း၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် အကောင်အထည်ဖော်မည့် လေအားလျှပ်စစ်စီမံကိန်းသုံးခုအတွက်လည်း တရုတ်ကုမ္ပဏီများနှင့် လွန်ခဲ့သည့် မတ်လအတွင်း လက်မှတ်ရေးထိုးထားသည်။

စစ်ကောင်စီလက်ထက်တွင် လျှပ်စစ်မီးပြတ်တောက်မှု သိသိသာသာ ဆိုးရွားလာကာ အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်မဂ္ဂါဝပ် ၄၀၀၀ နီးပါးအထိ ထုတ်လုပ်နိုင်ခဲ့သော်လည်း နှစ်နှစ်အကြာ လွန်ခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ၂၀၀၀ စွန်းစွန်းသာ ရှိတော့သည်။

လျှပ်စစ်မီးပြတ်တောက်ရသည့် အကြောင်းရင်းများတွင် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများ တိုက်ခိုက်ဖျက်ဆီးခံရသောကြောင့်ဖြစ်ကြောင်း၊ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ယခုနှစ် ဧပြီလအထိ အကြိမ်ပေါင်း ၂၀၀ ကျော်ရှိကြောင်း စစ်ကောင်စီက ဆိုသည်။

ပြီးခဲ့သည့် အစိုးရများလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လျှပ်စစ်ဓာတ်အားရရှိရေးစီမံချက် (National Electrification Plan – NEP) အရ ၂၀၂၅ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၃၀ ပြည့်နှစ်တွင် ၁၀၀ ရာခိုင်နှုန်း လျှပ်စစ်မီး အပြည့်အဝရရှိရန် ရည်မှန်းထားသည်။

တစ်နိုင်ငံလုံးမီးလင်းရေး ထိုစီမံချက်အရ အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံအထိ ရင်းနှီးမြှုပ်နှံမှုရန် လိုအပ်ကာ ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ သွယ်တန်းရေးအတွက် ဒေါ်လာ သန်း ၄၀ ထက်မနည်း ထပ်မံလိုအပ်မည်ဖြစ်သည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာကုမ္ပဏီများ ထွက်ခွာသွားခြင်းနှင့်အတူ ဖွံ့ဖြိုးရေးအကူအညီများ ရပ်ဆိုင်းခံထားရသဖြင့် စစ်ကောင်စီက တရုတ်နှင့် ရုရှားရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေသည်။ ၂၄ နာရီအပြည့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခြင်း မရှိသည်မှာ နှစ်နှစ်နီးပါး ရှိလာပြီဖြစ်ကာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်မှာ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်သည်ဟု အာဏာသိမ်းခေါင်းဆောင်က ယခုနှစ်ဆန်းပိုင်းတွင် ဝန်ခံပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button