သတင်း

ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ရုပ်သိမ်းရန် ပြည်ခိုင်ဖြိုးအဆိုတင်

ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်၍ဟုဆိုကာ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းပေးရန် ယနေ့ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ-၁၁၅ အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ လေးပုံတစ်ပုံဖြစ်သော ၁၁၀ ဦးက လက်မှတ်ရေးထိုးပြီး မေ ၂၇ က ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ထံသို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီဝင်လွှတ်တော်အမတ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ဦးတီခွန်မြတ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သည့်အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်းတစ်ဝက်ကို ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ပူးတွဲတာဝန်ယူထားသူဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် ဦးတီခွန်မြတ် တာဝန်ထမ်းဆောင်ချိန်တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်၏ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတစ်ရပ်ကို ဖွဲ့စည်းရန် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခွင့်ပြုခဲ့ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီကို အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ကြောင်း၊ ထိုအချက်မှာ အခြေခံဥပဒေနှင့်ညီညွတ်မှု မရှိကြောင်း၊ ထို့ကြောင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းပေးရန် ပြည်ခိုင်ဖြိုးပါတီ၏ မိုင်းပြင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က လွှတ်တော်တွင် ပြောသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသိန်းထွန်း(ကျောင်းကုန်း)၊ ဒေါက်တာမောင်သင်း(မိတ္ထီလာ)၊ ဦးစိုင်းသန်းနိုင်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးချုပ် မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ဆန်းချစ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို လက်ခံဆွေးနွေးခြင်းမရှိခဲ့သည်မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှုမရှိ၍ လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ ရုပ်သိမ်းပေးရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ဦးတီခွန်မြတ်သည် ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်ချိန်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ချိန်များတွင် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်များ၏ အဆိုများ၊ အရေးကြီးအဆိုများကို ဆွေးနွေးခွင့်မပေးဘဲပယ်ချခဲ့သည့် အကြောင်းပြချက်လည်းပါဝင်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပသည့် ကာလတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသောင်းအေး(ပျော်ဘွယ်)တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း၊ ဦးမောင်မြင့်(မင်းကင်း) တင်သွင်းသည့် ကိုဗစ်-၁၉ ရောဂါ တွေ့ရှိမှုကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီခေါ်ပြီး ညှိနှိုင်းရန် စသည့် အရေးကြီးအဆိုများကိုလည်း ဦးတီခွန်မြတ်က ပယ်ချခဲ့သည်ဟု အဆိုတင်သွင်းသူ ဦးစိုင်းထွန်းစိန်က ပြောသည်။

ထို့ပြင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပသည့် ကာလတွင်လည်း ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာမောင်သင်း(မိတ္ထီလာ)တင်သွင်းသည့် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ဆိုင်းငံ့ထားရန်အဆို၊ ဦးသောင်းအေး(ပျော်ဘွယ်) တင်သွင်းသည့် လက်နက်ကိုင် သောင်းကျန်းသူများ၏ ဥပဒေမဲ့ ဖမ်းဆီးစစ်ဆေးသတ်ဖြတ်ခြင်းများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှုကို ထိရောက်လျင်မြန်စွာ ကာကွယ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း စသည့် အရေးကြီးအဆိုများ ပယ်ချခံခဲ့ရကြောင်း ၎င်းက ပြောသည်။

ထိုသို့ ပယ်ချခံရခြင်းမှာ ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၂၁ ပါ ဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌတစ်ဦးကို ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်း ဆိုသည့် အချက်နှင့် ငြိစွန်းနေ၍ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၁၅ အရ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်မှ ရုပ်သိမ်းပေးရန် အဆိုတင်သွင်းရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က “ရွေးကောက်ပွဲကလည်း နီးလာပြီ။ ကိုဗစ်ကိစ္စတွေနဲ့ အရေးပေါ်အစည်းအဝေးတွေလုပ်နေတဲ့အချိန်မှာ ဒီအဆိုကို တင်တဲ့ဟာကတော့ သိပ်တော့ သဘာဝမကျဘူးလို့ မြင်တယ်” ဟု Myanmar Now ကိုပြောဆိုသည်။

ယင်းအပြင် ဦးတီခွန်မြတ်၏ လုပ်ဆောင်မှုများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီသည့်အတွက်ကြောင့်သာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလိုအချိန်တွင် ယင်းသို့လုပ်ဆောင်ခြင်းမှာ လွှတ်တော်အတွင်း ပြဿနာရှုပ်ထွေးစေရန် လုပ်သည်ဟုမြင်ကြောင်း ၎င်းကဆိုသည်။

ယင်းအဆိုနှင့်ပတ်သက်၍ ဆွေးနွေးလိုသူများရှိပါက မေ ၂၉ နောက်ဆုံးထားကာ အမည်စာရင်းတင်သွင်းရန် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကြေညာခဲ့သည်။

အသက် ၆၉ နှစ်အရွယ် ဥပဒေချုပ်ရုံး၊ ဥပဒေညွှန်ကြားရေးမှူးဟောင်း ဦးတီခွန်မြတ်သည် တပ်မတော်အစိုးရလက်ထက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲချိန်တွင် တာဝန်ယူခဲ့သူများထဲမှ တစ်ဦးဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီမဖြစ်ခင် အသင်းဘဝကတည်းက ကာလရှည်လက်တွဲခဲ့သူဖြစ်သည်။

သူသည် ၂၀၀၇ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မရှင် နှင့် ၂၀၀၈ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

၁၉၈၈ တပ်မတော် အာဏာသိမ်းချိန်တွင် ဦးတီခွန်မြတ်သည် ကွတ်ခိုင်မြို့နယ် မဝတ အတွင်းရေးမှူးဖြစ်လာခဲ့ပြီး၊ ၁၉၉၀ မှ ၂၀၁၀ အထိ နှစ် ၂၀ ကြာ ကွတ်ခိုင်ပြည်သူ့စစ်(ဌာနေ)၊ တိုက်ခိုက်ရေးရဲတပ်ဖွဲ့ခေါင်းဆောင်အဖြစ် တပ်မတော်အစိုးရက ခန့်အပ်ခဲ့သည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးကို ကိုယ်စားပြု ဝင်ပြိုင်ရင်း ကွတ်ခိုင်မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော်အမတ် ဖြစ်လာခဲ့သော်လည်း ၂၀၁၇ တွင် ပြည်ခိုင်ဖြိုးနှင့် လမ်းခွဲခဲ့သည်။

ထို့နောက် သမ္မတ ဦးထင်ကျော် နိုင်ငံတော်သမ္မတ တာဝန်မှ အနားယူခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခဲ့သည့်အခါ ဦးတီခွန်မြတ်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

၂၀၁၉ နှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်အတွင်း ဆွေးနွေးမှုများတွင် တပ်နှင့် ပြည်ခိုင်ဖြိုးအမတ်များ၏ ပြောဆိုဆွေးနွေးမှုများနှင့်ပတ်သက်၍ ဦးတီခွန်မြတ်နှင့် ၎င်းတို့အကြား ထိပ်တိုက်တွေ့ဆုံမှုများ မကြာခဏဖြစ်ခဲ့ကြသည်။

Show More

Related Articles

Back to top button