ဆောင်းပါး

အကျဉ်းစံ မွေးနေ့ရှင်နှင့် မပြီးဆုံးသေးသော ဒီမိုကရေစီခရီး

မြန်မာပြည်သူများ နှစ်စဉ် မွေးနေ့ပွဲ ကျင်းပပေးကြ၊ ဆုတောင်းပေးကြသော လူပုဂ္ဂိုလ်နှစ်ဦး ရှိပါသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးမှာ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ပါသည်။

နှစ်စဉ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပကြသလို၊ ဇွန်လ ၁၉ ရက်နေ့ ရောက်တိုင်း ဗိုလ်ချုပ်သမီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျင်းပကြသည်။ မည်သူတစ်ဦးတစ်ယောက်၏ စီစဉ်တိုက်တွန်းမှုကြောင့်မဟုတ်ဘဲ မြန်မာပြည်သူလူထု၏ စိတ်နှလုံးဝယ် အစဉ်လေးစား တန်ဖိုးထား ချစ်ခင်မြတ်နိုး၍ ကျင်းပကြသော မွေးနွေးပွဲများ ဖြစ်သည်။

ယနေ့ ကျရောက်သော ၇၈ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ပြည်သူက တရားဝင် ရွေးကောက်တင်မြှောက် အပ်နှင်းထားသော အာဏာကို အရပ်သားအစိုးရလက်ထဲမှ ဥပဒေချိုးဖောက် လုယက်ထားသော စစ်တပ်၏ မတရားဖမ်းဆီးအကျဉ်းချထားသော အကျဉ်းစံဘဝ ၃ ကြိမ်မြောက် မွေးနေ့ဖြစ်သည်။

ယခင်နှစ်များကလို လူထုခေါင်းဆောင်အတွက် လူထုက သတိတရကျင်းပပေးသော မွေးနေ့ပွဲများက မြန်မာပြည်အနှံ့တွင်သာမက ကမ္ဘာအနှံ့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများကပါ ကျင်းပလျက်ရှိသည်။ ထိုအရှိတရားက မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအတွက် မြားအစင်းပေါင်းများစွာ စူးနစ် ဝင်ရောက်ဘိသကဲ့သို့ ခံစားကြရပေလိမ့်မည်။

မင်းအောင်လှိုင်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြည်သူများက ရွံရှာသွားစေရန် မဟုတ်မှန်သော လာဘ်စားမှုစွဲချက်များစွာဖြင့် အမှုဆင် ထောင်ချခဲ့သည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ထိုအမှုများကို ကျူးလွန်ထားသလားဟု ပြည်သူလူထုက မြူမှုန်မျှပင် သံသယမရှိကြပါ။ သူ့အပေါ် မေတ္တာမှာ တိုး၍သာ ကြီးထွားနေသည်ကို ရန်ငြိုးအာဃာတကြီးမားသော မင်းအောင်လှိုင် တွေ့မြင်နေရပေသည်။

နိုင်ငံရေးသက်တမ်း ၃၅ နှစ်အတွင်း အကျဉ်းစံမွေးနေ့ပေါင်း ၁၇ ကြိမ်

၁၉၄၅ ခုနှစ် ဇွန်လ ၁၉ ရက် (အင်္ဂါနေ့) တွင် မွေးဖွားခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ ခုနှစ် မြန်မာ့နိုင်ငံရေးထဲ စတင်ဝင်ရောက်ချိန်က ၄၃ နှစ်ရှိပြီး၊ အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်ဆင်း၊ သားနှစ်ယောက် မိခင် ပညာတတ် အမျိုးသမီးတစ်ဦး ဖြစ်သည်။

သို့ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးခေါင်းဆောင်မှုသက်တမ်းမှာ ယခုအခါ ၃၅ နှစ် ရှိပြီ ဖြစ်သည်။ ထိုကာလအတွင်း အကျဉ်းချခံထားရသည့် နှစ်ကာလမှာ ယခင်စစ်အစိုးရလက်ထက်က နေအိမ်အကျယ်ချုပ်ဘဝ သုံးကြိမ်ကို စုစုပေါင်း ၁၅ နှစ် ဖြတ်သန်းခဲ့ရပြီး၊ ယခုစစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တွက်လျှင် ၂ နှစ် ၄ လကျော်၊ စုစုပေါင်း ၁၇ နှစ်ကျော်ရှိနေပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိအခြေအနေမှာ ထောင်ဒဏ် ၃၃ နှစ် ချခံထားရသဖြင့်၊ ၎င်း၏ လက်ကျန်ဘဝသက်တမ်းတစ်လျှောက်လုံး အကျဉ်းထောင်ထဲတွင်သာ ကုန်ဆုံးရတော့မည် အခြေအနေနှင့် ရင်ဆိုင်နေရပါသည်။

နိုင်ငံရေးသက်တမ်း ၃၅ နှစ်၏ ထက်ဝက်ခန့် အချိန်ကာလကို စစ်အာဏာရှင်အဆက်ဆက်၏ အကျဉ်းသားဘဝဖြင့် ဖြတ်သန်းခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မွေးနေ့ ၁၇ ကြိမ်ကို အကျဉ်းစံဘဝဖြင့် တစ်ကိုယ်တည်း ဖြတ်သန်းခဲ့ရသည်။

ထို့ကြောင့် ယနေ့ ကျရောက်သော မွေးနေ့တွင်လည်း နိုင်ငံအနှံ့က သူ့ကို ချစ်ခင်လေးစားသော ပြည်သူများက မွေးနေ့ဆုတောင်းပွဲများ ကျင်းပကြမည်ကို ကောင်းစွာသိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယခင်နှစ်များကဲ့သို့ပင် စိတ်နှလုံးအေးချမ်းစွာဖြင့် ဖြတ်သန်းလိမ့်မည်ဟု ယူဆပါသည်။

သူအလွန်သဘောကျသော ပြည်သူများ၏ ဆုတောင်းစကားကို ဒေါ်အောင်ဆန်းစုကြည် တစ်ချိန်က ထုတ်ဖော်ပြောဆိုဖူးပါသည်။ ယင်းမှာ “အမေစု ကျန်းမာပါစေ” ဆိုသည့် ဆုတောင်းစကားဖြစ်သည်။

စစ်အာဏာရှင်များသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် မည်မျှအာဃာတအငြိုးကြီးမားသနည်းဆိုလျှင် သူ့ကို “ကျန်းမာပါစေ” ဟု ဆုတောင်းပေးခဲ့၍ ဖမ်းဆီးထောင်ချခံခဲ့ရသော ပြည်သူများစွာ ရှိသည်ဟု ဆိုလျှင် ကမ္ဘာကြီးက အံ့ဩကြမည် ထင်သည်။

၂၀၂၁ ဖေဖော်ဝါရီလက အာဏာသိမ်း စစ်ကောင်စီကို ရန်ကုန်တွင် လမ်းပေါ်ထွက် ဆန္ဒပြသူများထဲတွင် တချို့က ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံ ကိုင်ဆောင်ထားကြသည်။

စစ်တပ်၏ တိုက်ခိုက်မှုမျိုးစုံ နိုင်ငံရေးရေဆန်လှိုင်းတံပိုးကြား “သံမဏိ နှင်းဆီ”

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ပြည်တွင်းပြည်ပ ပညာရှင်များက ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ဗိုလ်ချုပ်များအကြား အခြေခံပြဿနာကို လေ့လာရေးသား ဖော်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆန်ဆန် ပုံဖော်မှုများက အဓိက လွှမ်းမိုးခဲ့သည်။

ထိုအချက်များကို စစ်ဗိုလ်ချုပ်များ လက်မခံနိုင်သဖြင့် ဒေါ်အောင်ဆန်းစုကြည်ကြောင့် မြန်မာ့နိုင်ငံရေးပြဿနာများ ဖြစ်နေရသကဲ့သို့ ပုံဖော်ခဲ့ကြသည်။ တစ်နည်းအားဖြင့် စစ်ဗိုလ်ချုပ်များ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော ဝါဒဖြန့်စစ်ဆင်ရေး အတန်အသင့် အောင်မြင်သည်ကို လေ့လာတွေ့ရှိရသည်။

ဥပမာ ဒေါ်အောင်ဆန်းစုကြည်၏ ၃၅ နှစ် နိုင်ငံရေးသက်တမ်း အစောပိုင်းကာလများတွင် စစ်တပ်၏ အဓိက ဝါဒဖြန့်စစ်ဆင်ရေးမှာ နိုင်ငံခြားသားနှင့် အိမ်ထောင်ပြုပြီး၊ နိုင်ငံခြားတွင် ကာလကြာရှည် နေထိုင်ခဲ့သူဖြစ်၍ မြန်မာနိုင်ငံအကြောင်းနှင့် မြန်မာ့နိုင်ငံရေးကို သိရှိနားလည်သူမဟုတ်ကြောင်း၊ ထို့ကြောင့် မြန်မာလူမျိုးများကို ချစ်မြတ်နိုးစိတ် အမှန်တကယ်မရှိကြောင်း၊ မြန်မာနိုင်ငံသားပင် မဟုတ်တော့ကြောင်း တပ်တွင်းဝါဒဖြန့်မှုများ ရှိခဲ့သလို၊ နိုင်ငံပိုင်သတင်းစာများထဲ ကလောင်ဝှက်များဖြင့် ဆောင်းပါးများ ရေးသား တိုက်ခိုက်ခဲ့ကြသည်။

နောက်ပိုင်း ပြည်သူများက “လူထုခေါင်းဆောင်” အဖြစ် သတ်မှတ်ခေါ်ဝေါ်လာသည့်အခါ၊ အနောက်အင်အားကြီးနိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုးဆွဲပြီး မြန်မာ့နိုင်ငံရေးကို ခြယ်လှယ်ရန် ကြိုးပမ်းနေကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသမီး ဖြစ်ခြင်းကြောင့် လူတွေက မမြင်ဖူး၍ စိတ်ဝင်စား ထွက်ကြည့်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူအများစု၏ ထောက်ခံမှုရရှိထားသူ မဟုတ်ကြောင်း စသည်ဖြင့် နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့် တိုက်ခိုက်ခဲ့ကြသည်။

သူနှင့် ပတ်သက်သော တီးတိုးဝါဒဖြန့်တိုက်ခိုက်မှုများကို မြန်မာ့နိုင်ငံရေးထဲ အတိအလင်း ပါဝင်လာသော ၁၉၈၈ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ ရွှေတိဂုံဘုရား အနောက်ဘက်မုခ်ဦးတွင် နာမည်ကျော် လူထုမိန့်ခွန်း ပြောကြားစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အောက်ပါအတိုင်း ဖြေရှင်းခဲ့ရသည်။

“တချို့က ပြောကြတယ်…ကျမဟာ နိုင်ငံခြားမှာ နေတယ်၊ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျနေတယ်၊ ဗမာပြည်နိုင်ငံရေးအကြောင်း ဘာသိသလဲလို့ ပြောကြပါတယ်။ အဲ့တော့ ဒီကနေစပြီး ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျမနိုင်ငံခြားမှာ နေခဲ့တယ်ဆိုတာလဲ မှန်ပါတယ်၊ ကျမ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာလဲ မှန်ပါတယ်၊ ဒါပေမဲ့ ဒါလေးအတွက်ကြောင့်နဲ့ ကျမ တိုင်းပြည်အပေါ်ထားတဲ့ မေတ္တာဟာ ဘယ်လိုကြောင့်မှ ပျက်မသွားနိုင်ပါဘူး။ နောက်တစ်ခု ပြောတာကတော့ ကျမကို ဗမာပြည်နိုင်ငံရေးအကြောင်း ဘာမှနားမလည်ဘူးတဲ့၊ နားလည်လွန်းလို့ ခက်နေတာပဲ” 

ယခုအခါ ၃၅ နှစ် နိုင်ငံရေးရေဆန်ခရီးတွင် စစ်ဗိုလ်ချုပ်များ၏ ဖမ်းဆီးအကျဉ်းချခြင်းကို မဆုံးနိုင်အောင် ကြုံတွေ့နေရသော ဒေါ်အောင်ဆန်းစုကြည်ကို အကြမ်းမဖက်နိုင်ငံရေးလမ်းကြောင်းဖြင့် မဆုတ်မနစ် ထိပ်တိုက်ရင်ဆိုင်သော “သံမဏိ နှင်းဆီ” ဟု တင်စားခေါ်ဝေါ်ခဲ့ကြသည်။ သူ့အပေါ် တစ်ချိန်က ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများက ရေပေါ် အရုပ်ရေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

သူ့အကြောင်း မဟုတ်မမှန် ဝါဒဖြန့်တိုက်ခိုက်နေသော စစ်အာဏာရှင်များကို ရင်ဆိုင်သော သူ၏ နိုင်ငံရေးဗျူဟာမှာ ရိုးရှင်းလှသည်။ ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံအနှံ့ မိုင်ထောင်ချီ မနားမနေ စည်းရုံးရေးခရီးထွက်ခဲ့ပြီး၊ သူနှင့် ပြည်သူအကြား နိုင်ငံရေးသစ္စာကြိုး အခိုင်အမာချည်နှောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

နိုင်ငံအနှံ့ မည်သည့်နေရာရောက်ရောက် ပြည်သူများ၏ သောင်ပြိုကမ်းပြို ကြိုဆိုနှုတ်ဆက် ထောက်ခံအားပေးခဲ့ကြခြင်းက အကျဉ်းစံနှစ်ကာလများကလွှဲလျှင် ၃၅ နှစ်လုံးလုံး မပြောင်းမလဲ စံချိန်တင်ထားနိုင်ခဲ့သော နိုင်ငံရေးဩဇာအာဏာ ဖြစ်သည်။

ပြည်သူ့အင်အားကို မပြိုလဲနိုင်သောခံတပ်ကြီးအဖြစ် တည်ဆောက်ခဲ့ခြင်းကြောင့် စစ်အာဏာရှင်များက အကြိမ်ကြိမ် အကျဉ်းချခဲ့သော်လည်း သူ၏ နိုင်ငံရေးဩဇာအာဏာကို မဖြိုချနိုင်ခဲ့ပါ။ ထိုအချက်ကြောင့်ပင် စစ်ဗိုလ်ချုပ်များ အကြိမ်ကြိမ် အရှုံးနှင့် ရင်ဆိုင်ကြရသည်။

ယခင်စစ်အာဏာရှင်ဟောင်း သန်းရွှေနှင့် လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်အားလုံးသည် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးချုပ်နှောင်ပြီး ပြည်သူများနှင့်ရော၊ ကမ္ဘာကြီးနှင့်ပါ အဆက်အသွယ်ဖြတ်ထားရန်မှတစ်ပါး၊ ဂုဏ်သိက္ခာရှိရှိ အနိုင်ယူနိုင်မည့် အခြားနည်းလမ်း မရှိကြပါ။

၂၀၂၁ ဖေဖော်ဝါရီ ၂၀ ရက်နေ့က တွေ့ရသော စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူများ။

ဒေါ်အောင်ဆန်းစုကြည်ကို မလိုလားသော အရပ်သားနိုင်ငံရေးသမားများနှင့် မဟာမိတ်ပြုလာခြင်း

စင်စစ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ တိုက်ခိုက်သူများထဲ စစ်ဗိုလ်ချုပ်များချည်း မဟုတ်ကြပါ၊ အရပ်သားနိုင်ငံရေးသမားများလည်း ရှိကြသည်။

၎င်းတို့အထဲ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်ဘက်နိုင်ငံရေးလောက သင်းသတ်ခံခဲ့ရပြီး၊ ဘေးထွက်ထိုင်နေခဲ့ကြသော သက်ကျားအို အရပ်သားနိုင်ငံရေးသမားတချို့လည်း ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကာလတွင် နိုင်ငံရေးရေစီးကြောင်းထဲ ပြန်လည်ဝင်ရောက်ခွင့် ရလာကြပြီး၊ တချို့ဆိုလျှင် အစပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံရေးပါတီ ထူထောင်ခဲ့ကြပြီး၊ စစ်အာဏာရှင်စနစ်ကို လက်တွဲတိုက်ပွဲဝင်ခဲ့ကြသူများပင် ဖြစ်သည်။

သို့သော် ၎င်းတို့သည် နိုင်ငံရေးလမ်းခုလတ်တွင် သူ၏ ပြိုင်ဘက်များ ဖြစ်လာကြပြီး၊ ယခုနောက်ဆုံး စစ်အာဏာသိမ်းရန် မင်းအောင်လှိုင်ကို ချဉ်းကပ်မြှောက်ပင့်ကာ အာဏာသိမ်းစစ်ကောင်စီဝင်များအဖြစ် အာဏာရှင်၏ လက်ပါးစေ အသုံးတော်ခံဘဝ ရောက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာအာဏာကို ဖြိုချရန်မှာ အရပ်ဘက်နိုင်ငံရေးလောကကို ပြည်သူများ ရွံရှာ စိတ်ကုန်သွားစေရန်မှာ အဓိကအချက်ဖြစ်ကြောင်း စစ်ဗိုလ်ချုပ်များ ကောင်းစွာသိရှိကြသည်။ ထို့ကြောင့် အာဏာကို မည်သည့်နည်းနှင့်ရရ အာဏာငန်းဖမ်းနေသော ထိုအရပ်သားနိုင်ငံရေးသမားတချို့သည် စစ်ခေါင်းဆောင်များအတွက် အလွန်အသုံးဝင်လှသည်။

အဆိုပါ အာဏာနိုင်ငံရေးသမားတချို့သည် စစ်ခေါင်းဆောင်များနှင့် ပူးပေါင်းပြီး၊ နိုင်ငံတစ်ဝန်း ပြည်သူများ၏ ထောက်ခံမှု ဆယ်စုနှစ်နှင့်ချီ မယိုင်မလဲ ရရှိထားသော ဒေါ်အောင်ဆန်းစုကြည်ကို “ဒီမိုကရေစီ အနိုင်ကျင့်သူ” အဖြစ် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပြန်သည်။

အတိုက်အခံဘဝ ၂၇ နှစ်အတွင်း နေအိမ်အကျယ်ချုပ်ဖြင့် ၁၅ နှစ်လုံးလုံး စစ်တပ်၏ မတရားဖမ်းဆီး ချုပ်နှောင်ခံခဲ့ရစဉ်ကလည်း သူသည် “အလွန်ခေါင်းမာသူ” ၊ စေ့စပ်ဆွေးနွေး အပေးအယူညှိနှိုင်းလိုစိတ် မရှိသူအဖြစ် ပုံဖော်ခဲ့ကြပြီး နိုင်ငံရေးထွက်ပေါက်ပိတ် ဖြေရှင်းမရခြင်းမှာ သူ့ကြောင့်ဟု စစ်တပ်က ဝါဒဖြန့်ခဲ့ဖူးသည်။

ထိုဝါဒမှိုင်းကို ရန်ကုန်အခြေစိုက် သံတမန်အသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ထိပ်တန်းအရာရှိများပင် ကာလတစ်ခုအထိ ယုံကြည်ထင်မှတ်မှားခဲ့ကြသည်။

စင်စစ် စစ်ဗိုလ်ချုပ်များ ဒေါ်အောင်ဆန်းစုကြည်နှင့် စေ့စပ်ဆွေးနွေး အပေးအယူလုပ်ချင်သည့် အချက်မှာ တစ်ခုတည်းရှိသည်။ ယင်းမှာ နိုင်ငံရေးလုပ်ခြင်းကို စွန့်လွှတ်ပြီး မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာသွားရန် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းတို့လက်ထဲမှ နိုင်ငံတော်အာဏာကို လုယူရန် ကြိုးစားနေသောကြောင့် စစ်ခေါင်းဆောင်များ မလုံမခြုံခံစားနေရပြီး၊ သူ့ကို “ရန်သူ” အဖြစ် သဘောထားကြသည်။

မကြာသေးမီက သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူတစ်ဦးလည်းဖြစ်၊ ပါတီနာယကဖြစ်သူ ဦးတင်ဦးထံ လာရောက်ပြီး၊ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလုပ်ခြင်းမှ စွန့်လွှတ်ရန် ပြောဆိုခြင်းသည် စစ်ဗိုလ်ချုပ်များ ၁၉၈၈ ခုနှစ်ကတည်းက ကြိုးစားလာခဲ့သော အချက်ဖြစ်သည်။

မတရားသဖြင့် နည်းလမ်းမျိုးစုံသုံး ဖိနှိပ်ခဲ့ပြီး၊ နိုင်ငံရေးလောကကို စွန့်လွှတ်ရန် မည်မျှကြိုးပမ်းခဲ့သော်လည်း၊ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၆ ခုနှစ်တွင် အာဏာရရှိလာသည်အထိ ကြိုးပမ်းနိုင်ခဲ့သည်။

အာဏာကို လက်မလွှတ်တမ်း ချုပ်ကိုင်နိုင်ရန် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို နှစ်ပေါင်းများစွာ စနစ်တကျ ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး၊ စိတ်ချလက်ချ နိုင်ငံရေးအပြောင်းအလဲလုပ်ခဲ့ကြသော စစ်ဗိုလ်ချုပ်များ လုံးဝ မျှော်လင့်မထားဘဲ အငိုက်မိသွားသော အချက်ဖြစ်ပြီး၊ ခါးသီးလှသော အလှည့်အပြောင်းတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ ထိုအချိန်ကတည်းက အာဏာပြန်သိမ်းရန် စနစ်တကျ စီစဉ်ခဲ့ကြပုံရသည်။

မြန်မာ့နိုင်ငံရေးပြဿနာများ၏ ဇာစ်မြစ်ဖြစ်သော စစ်တပ်၏ နိုင်ငံရေးတွင် ပါဝင်နေခြင်းမှ ဂုဏ်သိက္ခာရှိရှိ ဆုတ်ခွာနိုင်ရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတွင် ဂုဏ်သိက္ခာရှိသော စစ်တပ်အဖြစ် ရပ်တည်ရန် စစ်ဗိုလ်ချုပ်များနှင့် ရင်ကြားစေ့ ဆွေးနွေးနိုင်မည့် နည်းလမ်းများကို ဒေါ်အောင်ဆန်းစုကြည် ကြိုးပမ်း ရှာဖွေခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။

စင်စစ် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံမှတစ်ဆင့် စစ်တပ်ကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးစာချုပ် အစိတ်အပိုင်းများ ထွက်ပေါ်လာရန်နှင့် ကမ္ဘာသိထုတ်ပြန်ကြေညာခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်ကို ဂုဏ်သိက္ခာရှိသော ထွက်ပေါက် ဖန်တီးပေးခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားအဖွဲ့အစည်းများက စစ်တပ်နှင့်သာ ရင်ကြားစေ့နေပြီး တိုင်းရင်းသားအရေး အလေးမထားသူအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူများ၏ တစ်ခဲနက်ထောက်ခံမဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ဒုတိယသက်တမ်း ဆက်လက်အုပ်ချုပ်ခွင့် ရရှိချိန်တွင်၊ ပထမသက်တမ်းအတွင်း ရရှိခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ် အစိတ်အပိုင်းများတွင် သဘောတူထားပြီးအချက်များကို တတိယအကြိမ်လွှတ်တော်သက်တမ်း စတင်သည်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်း ပြင်ဆင်ခြင်းကို စတင်ရန် စီစဉ်ထားခဲ့သည်။

ထိုအချက်ကို ၂၁ ရာစုပင်လုံ နောက်ဆုံးအစည်းအဝေးမှတ်တမ်းများတွင် လေ့လာနိုင်ပါသည်။ ထိုမှတစ်ဆင့် မြန်မာ့သမိုင်းစာမျက်နှာသစ်တွင် ငြိမ်းချမ်းရေးမော်ကွန်းကို သူနှင့်အတူ လက်တွဲရေးထိုးရန် မျှော်လင့်ခဲ့သော်လည်း၊ မင်းအောင်လှိုင်က အာဏာသိမ်းခြင်းဖြင့် ငြင်းဆန်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်နေ့က တွေ့ရသော စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင်သူများ။

စစ်ဗိုလ်ချုပ်များနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား အခြေခံပြဿနာ

စစ်ဗိုလ်ချုပ်များသည် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေးနောက်ခံကို အကြောင်းပြုပြီး၊ သူ့ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် မည်သို့မျှ လက်ခံ၍မရနိုင်သော အခြေခံပြဿနာအဖြစ် ဖန်တီးခဲ့ကြသည်။ ၂၀၀၈ ခြေ/ဥ၏ ပုဒ်မ ၅၉ (စ) ကို ထည့်သွင်းကန့်သတ်ထားခြင်းဖြင့် ထိုအချက်ကို လူအများ ယုံကြည်လက်ခံလာစေရန် ဖန်တီးခဲ့ကြသည်။

အမှန်စင်စစ် စစ်ခေါင်းဆောင်များ၏ အတွင်းစိတ်သဏ္ဌာန်တွင် ရှိသော အခြေခံပြဿနာမှာ ဗိုလ်ချုပ်နေဝင်း ကြိုးပမ်းခဲ့သော၊ ကျဆုံးခဲ့ပြီဖြစ်သော ဆိုရှယ်လစ်လူ့ဘောင်ကိုသာ ယုံကြည်သက်ဝင်လျက်ရှိပြီး၊ ဒီမိုကရေစီကို အနောက်နိုင်ငံများ၏ နိုင်ငံရေးအယူဝါဒအဖြစ် ဆန့်ကျင်နေကြခြင်း ဖြစ်သည်။

ဇွန်လ ၁၆ ရက်နေ့က နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ရုံးတွင် တာဝန်ထမ်းဆောင်နေသော အရာရှိငယ်များကို တွေ့ဆုံပြီး “တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု” အကြောင်း သမိုင်းနှင့်ချီပြီး မင်းအောင်လှိုင် မိန့်ခွန်းပြောကြားစဉ် စိတ်ဝင်စားဖွယ် အောက်ပါအချက်အချို့ကို ထည့်သွင်း ပြောဆိုခဲ့သည်။

“မိမိနိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းကို မှန်မှန်ကန်ကန် သိရှိရန် လိုအပ်မည်ဖြစ်ကြောင်း…လွတ်လပ်ရေးကြိုးပမ်းခဲ့စဉ်ကတည်းက လွတ်လပ်ရေးသည် ပထမ၊ ဒီမိုကရေစီအရေးသည် ဒုတိယ၊ ဆိုရှယ်လစ်အရေးသည် တတိယဟူ၍ ကြွေးကြော်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း…၁၉၈၈ ခုနှစ်အရေးအခင်း ဖြစ်ပွားခဲ့ရခြင်းသည် နိုင်ငံရေးပဋိပက္ခများထက် စီးပွားရေးကျဆင်းခဲ့ရမှုများကြောင့် အခြေခံပြီး ဖြစ်သည်ကို တွေ့ရှိရကြောင်း” စသဖြင့် ပြောဆိုသွားသည်။

ထိုအချက်သည် လွတ်လပ်ရေးကြိုးပမ်းမှုကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း ပြောဆိုခဲ့သည်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဗိုလ်ချုပ်အောင်ဆန်းက “တိုင်းသူပြည်သားဆန္ဒအရမဟုတ်ဘဲ တိုင်းသူပြည်သားတွေနဲ့ ကင်းကွာပြီး၊ မင်းစိတ်ပေါက်တဲ့ အရာရှိတွေ ခြယ်လှယ်တဲ့ စနစ်ဆိုးတစ်မျိုးရှိနေရင် အများပြည်သူတို့ ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်ဘဲ၊ ဖက်ဆစ်ဝါဒဆင်တူယိုးမှားတွေ ပေါ်လာနိုင်တယ်။ ဒီဝါဒမျိုးတွေ ပေါ်လာရင် တိုင်းသူပြည်သားတွေဟာ လွတ်လပ်ရေးဆိုတာကို မရနိုင်တော့ဘူး။ ဒါကြောင့် ကျနော်တို့ဟာ ဒီမိုကရေစီကိုသာ ခေတ်စားအောင် လုပ်ရမယ်။ အဲ့ဒီဝါဒမျိုးအရသာ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်။ ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒသာ ငြိမ်းချမ်းရေးကို အားပေးတယ်။ အဲ့ဒါကြောင့် ဒီဝါဒကိုသာ ကျနော်တို့ ရည်ရွယ်ရမယ်” ဟု ပြောဆိုခဲ့သည်။

ဗိုလ်ချုပ်ပြောသည့်အတိုင်း ယနေ့အချိန် မင်းအောင်လှိုင်လက်အောက် မြန်မာပြည်သူများ ကြုံတွေ့နေရပြီဖြစ်သည်။ စစ်ခေါင်းဆောင်များသည် ဆိုရှယ်လစ်သူငယ်နာ မကင်းစင်ကြသေးပါ။ ထို့ကြောင့်လည်း အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် ကွန်မြူနစ်နိုင်ငံများဖြစ်သော ရုရှားနှင့် တရုတ်နိုင်ငံများကို အားကိုးအားထားပြုလာခြင်း ဖြစ်သည်။

စင်စစ် ၂၀၀၈ ခြေ/ဥ တွင် “စည်းကမ်းပြည့်ဝသော” ဒီမိုကရေစီဟု သုံးနှုန်းထားခြင်းမှာ အဓိပ္ပာယ်မဲ့ မဟုတ်ပါ။ “စည်းကမ်းပြည့်ဝသော” ဆိုသည့် အသုံးအနှုန်းကို ခြေ/ဥ တွင် အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း မရှိသော်လည်း၊ ယင်းသည် နိုင်ငံတကာက လက်ခံထားသည့် ဒီမိုကရေစီ၏ အခြေခံသဘောတရားဖြစ်သော “အာဏာသည် ပြည်သူထံမှ ဆင်းသက်ရမည်” ဆိုသည့် အနှစ်သာရနှင့် ပြည်သူများ၏ အခြေခံလွတ်လပ်ခွင့်များကို အာမခံသော ဒီမိုကရေစီအမျိုးအစား မဟုတ်ပါ။

ထို့ကြောင့် စစ်ကောင်စီခန့် တရားမဝင်ရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲစနစ်ကို ပြည်သူ့ဆန္ဒမပါဘဲ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ပြည်သူကို ကိုယ်စားပြုသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို တိုက်ရိုက်မဲပေး ရွေးချယ်ခွင့်မရှိသော PR (Proportional Representation) စနစ်သို့ ဗြောင်ကျကျ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင်များသည် ပြည်သူလူထု၏ တောင်းဆိုချက်ကြောင့်သာ ဒီမိုကရေစီဟု သုံးစွဲနေသော်လည်း၊ ၎င်းတို့လိုလားသော ဒီမိုကရေစီမှာ စစ်တပ်က ပါတီထောင်ပြီး၊ စစ်တပ်အကျိုးစီးပွားကို မထိပါးသော၊ အခြားပါတီများကို အသာစီးယူ ယှဉ်ပြိုင်ရွေးကောက်တင်မြှောက်ကာ အာဏာကို ရေရှည်ချုပ်ကိုင်နိုင်သော ဒီမိုကရေစီစနစ်မျိုးသာ ဖြစ်သည်။

ထို့ကြောင့် အသက် ၇၈ နှစ် ပြည့်ပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည် သဘာဝတရားအရ မကြာမီ နှစ်အနည်းငယ်အတွင်း နိုင်ငံရေးမှ မဖြစ်အနေ အနားယူရတော့မည်ကို စစ်ခေါင်းဆောင်များ တိတ်တဆိတ် မျှော်လင့် လက်ချိုးရေတွက်နေကြသည်။

သို့သော် လက်ရှိနိုင်ငံရေးအခြေအနေမှာ စစ်တပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ပြဿနာ လုံးဝမဟုတ်တော့သည်ကို စစ်ခေါင်းဆောင်များ လက်မခံနိုင်ကြသေးပါ။

လွန်ခဲ့သော ၃၅ နှစ်အတွင်း သူ၏ ဘဝတစ်ခုလုံး မြှုပ်နှံ ရုန်းကန် ပြုစုပျိုးထောင်ခဲ့သည့် နိုင်ငံအနှံ့ စစ်မှန်သော ဒီမိုကရေစီပန်းခင်းကြီးထဲမှ ပန်းပေါင်း သန်းနှင့်ချီ ဖူးပွင့်တော်လှန်နေကြပြီ ဖြစ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button