သတင်း

အင်းစိန်ထောင်၌ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုပြုလုပ် 

ယနေ့ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်၊ အင်းစိန်ထောင်ရှိ အကျဉ်း သားများက နိုင်ငံရေးဆွေး‌နွေးပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

နိုင်ငံရေးအကျဉ်းသားများ အများစုနေထိုင်ရာ အဆောင်များ၌ ငါးဦးစီစုကာ စစ်အာဏာရှင်စနစ်၏ ဆိုးယုတ်မှုများအကြောင်း ဆွေးနွေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးခြင်းများ ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူများထံမှ သိရသည်။

“တစ်ဆောင်တည်းမှာ စုလုပ်တာမျိုးမဟုတ်ဘဲ အဆောင်တိုင်းမှာ ၅ ယောက်စီ စုလုပ်ကြတယ်။ နိုင် ကျဉ်းတွေသာမက အခြားအမှုတွေနဲ့ ကျနေတဲ့အကျဉ်းသားတွေကိုလည်း စစ်ကောင်စီရဲ့မသမာမှုတွေ ကို ပြောပြကြပါတယ်” ဟု အင်းစိန်ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူ အမျိုးသမီး တစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားပြုလုပ်ရန် လွန်ခဲ့သည့်သီတင်းပတ်အတွင်း အကျဉ်းသားများက တောင်းဆိုခဲ့ရာ၌ မွေးနေ့မတိုင်မီ တစ်ရက်၌ စာပေဟောပြောပွဲပြုလုပ်ရန် ထောင်အာဏာပိုင်များက ခွင့်ပြုခဲ့သည်ဟု သိရသည်။

အင်းစိန်အကျဉ်းထောင်အတွင်း လူ ၅ ဦးထက် ပိုစုပါက ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်လေ့ ရှိသဖြင့် အဆောက်အလိုက် လူနည်းနည်းချင်းသာ စုစည်းကာ စည်းရုံးဟောပြောခဲ့ရသည်ဟုလည်း အထက်ပါ အမျိုးသမီးထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က ထောင်ဒဏ်နှစ် ၂၀၀ ကျော်အထိ ချမှတ်နိုင်သော ပုဒ်မများဖြင့်တရားစွဲပြီးနောက် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ကာ နေပြည်တော် အကျဉ်းထောင်၌ သီးခြားပိတ်လှောင်ထားသည်။

အင်းစိန်ထောင်မှပေးပို့သော ဒေါ်အောင်ဆန်းစုကြည့်အတွက် မွေးနေ့ဆုတောင်းစကားများတွင် တော် လှန်ရေးကို လက်လျှော့ကြမည် မဟုတ်ကြောင်း၊ ပြင်ပမှ နိုင်ငံရေးအင်အားစုများ ပိုမိုစည်းလုံးစေလို ကြောင်း ဖော်ပြထားသည်။

“ထောင်ထဲရောက်မှ အမေ့ဘဝကို ပိုပြီးနားလည်လာတယ်။ အမေ့စွန့်လွှတ်မှုကိုပို ပြီးလေးစား တတ် လာတယ်။ ကျွန်တော်တို့ မကြာခင် ကျန်းကျန်းမာမာနဲ့ပြန်တွေ့ကြမယ်” ဟု အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားလူငယ်တစ်ဦး ပေးပို့သောစာတွင် ဖော်ပြသည်။

 ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် အင်းစိန်ထောင်မှ ပေးပို့သော သတင်းစကားများ။

အင်းစိန်ထောင်၌ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှု၊ အနိုင်ကျင့်မှုများ တစ်နေ့တစ်ခြား ပို ဆိုး လာကြောင်းလည်း သိရသည်။

“တစ်ခါတလေ ဘဝကြီးကို အရှုံးပေးလိုက်ရင်ကောင်းမလားတောင် တွေးမိတယ်။ ဒါပေမဲ့ အရေး တော်ပုံအောင်မယ်လို့ ယုံကြည်မှုရှိတယ်” ဟု နိုင်ငံရေးအကျဉ်းသားလူငယ်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တော်လှန်ရေးအင်္ဂါရပ်များနှင့်အညီ လုပ်ဆောင်ရန် လည်း အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများက သတင်းစကားပါးသည်။

ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့အထိမ်းအမှတ်အနေဖြင့် နိုင်ငံတစ်ဝန်းမှပြည်သူများကို ပန်းသပိတ် တွင်ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တောင်းဆိုထားသည့်နည်းတူ ယနေ့တွင် ပန်းပါဝင် သည့် လှုပ်ရှားမှုများပြုလုပ်ကြသည်ကို တွေ့ရှိရသည်။

ပန်းပန်ခြင်း၊ ဘုရားပန်းအိုးလဲခြင်း၊ အိမ်တွင်းအိမ်ပြင် ပန်းအလှဆင်ခြင်းတို့ ပြုလုပ်ကြရန်တောင်းဆို ထားကြ၍ ထိုလှုပ်ရှားမှုများအကြောင်း လူမှုကွန်ရက်တွင် ပြန်လည်မျှဝေထားသည်ကို တွေ့ရသည်။ လက်နက်ကိုင် ခုခံတော်လှန်မှုအားကောင်းသည့် စစ်ကိုင်းနှင့် မကွေးတို့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဆန္ဒပြပွဲများ ပြုလုပ်သည်ကိုလည်း တွေ့ရှိရသည်။

“အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်” ဟု ပန်းသပိတ်ပြုလုပ်ကြရန်တိုက်တွန်းသည့် နိုင်ငံတစ်ဝန်းမှသပိတ်အဖွဲ့များ စုပေါင်း ထားသည့် GSCB မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။

Show More

Related Articles

Back to top button