သတင်း

Fact-Check | နာမည်ကြီးစာရေးဆရာနာမည်များသုံး သတင်းမှားဖြန့်သည့် Page အတုများ

သတင်းမှားဖြန့်ဝေသူများသည် လူသိများ ထင်ရှားသည့် စာရေးဆရာများ အသုံးပြုသယောင် နာမည်တူ Facebook Page များဖွင့်၍ သတင်းမှားများကိုဖြန့်ဝေနေကြသည်ကို တွေ့ရသည်။

လတ်တလော တွေ့ရှိထားချက်များအရ တက္ကသိုလ်ဘုန်းနိုင်၊ အောင်သင်း၊ ဂျူး၊ ပုညခင် နှင့် အကြည်တော် တို့ကဲ့သို့ နာမည်ကြီးစာရေးဆရာများအပါအဝင် ဦဘုန်း-ဓာတု ကဲ့သို့ပုဂ္ဂိုလ်များ၏ နာမည်များကို အသုံးပြုထားသည့် Page အတု ၃၀ ထက်မနည်းရှိနေသည်။

၎င်းနာမည်များနှင့် Facebook Page များမှာ အခြား သတင်းမှားဖြန့်သည့် Page များနည်းတူ သတင်းမှားများမှတစ်ဆင့် ဝင်ငွေရှာနေကြသည်ကိုလည်း တွေ့ရသည်။

လက်ရှိတွင် Juu – Depression, Juu – ဂျူး , Juu, ဦးဘုန်း – ဓာတု, ဦးဘုန်း – ဓာတု ဆိုသည့် Page အတုများ ကဖြန့်ဝေနေသည့် “မှတ်ပုံတင်ရှိတဲ့ နိုင်ငံသားတိုင်း WAVEMONEY က ၄၀,၀၀၀ ကျပ်ထောက်ပံ့မည့် အစီအစဉ် စတင်ပါတော့မည်” ဆိုသည့်သတင်းမှားသည် ပျံ့နှံ့မှုအားကောင်းနေသည်။ အဆိုပါသတင်းမှားသည် မေ ၂၃ ညနေပိုင်းက စတင်ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။

နိုင်ငံ‌တော်သမ္မတရုံး၏ မေ ၁၆ က ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲကို အခြေခံပြီး အချက်အလက်အမှန်နှင့်အမှားရောကာ ရေးသားထားခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် အခြေခံလူတန်းစားများကို ‘အွန်လိုင်းငွေ‌ပေးချေမှု တစ်ခုမှ ငွေထောက်ပံ့ပေးဖို့ စီစဉ်နေကြောင်း’ ပြောကြားထားသည်မှာ မှန်သော်လည်း သတင်းမှားပျံ့နှံ့နေနေသကဲ့သို့ ‘မှတ်ပုံတင်ရှိသည့် နိုင်ငံသားတိုင်းကို ထောက်ပံ့မည်’ ဆိုသည်မှာ ရှင်းလင်းပွဲတွင် မပါဝင်သည့်အကြောင်းအရာဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက “အထူးသဖြင့်ကတော့ ပြီးခဲ့တဲ့ ရိက္ခာငါးမျိုးဝေတုန်းက ၃ ဒသမ ၉၉ သန်း ရှိပါတယ်။ ဒီဟာကိုအခြေခံပြီး နောက်ထပ်ပိုမိုသေချာအောင်၊ နောက် ဒစ်ဂျစ်တယ်အင်ဖော်မေးရှင်းတွေရအောင် ရအောင်လည်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနဲ့ ညှိနှိုင်ပြီးဆောင်ရွက်နေပါတယ်၊ နောက်ထပ် ပို့ဆောင်ဆက်သွယ်ရေးရယ် ဗဟိုဘဏ်ရယ် စီမံဘဏ္ဍာနဲ့ညှိနှိုင်းပြီးတော့ ဘယ်မြို့နယ်တွေမှာ ဘယ်အွန်လိုင်း ငွေပေးချေမှုတွေက အဆင်ပြေလဲ၊ ဘယ်ဒေသတွေမှာ ဘယ်အွန်လိုင်းငွေပေးချေမှုတွေ ရောက်လဲဆိုတာ ဆွေး‌နွေးနေတာရှိတယ်” ဟု ပြောကြားခဲ့သည်။

မှတ်ပုံတင်ရှိသည့် နိုင်ငံသားတိုင်းကို ပေးမည်ဟု လုံးဝ ပြောဆိုခဲ့ခြင်းမရှိပေ။ ထို့အပြင် မည်သည့် ငွေပေးချေစနစ်ကို အသုံးပြုမည်ဆိုသည်ကိုလည်း မသိရသေးပေ။ နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး Myanmar Now ၏ထုတ်လွှင့်မှုအပြည့်အစုံကို ဤနေရာတွင်ကြည့်ရှုနိုင်သည်။

အဆိုပါသတင်းမှားကို သတင်းမှားဖြန့်ကာ ဝင်ငွေရှာလေ့ရှိသည့် ဝက်ဘ်ဆိုက်ပေါင်း ၃၀ နီးပါးက ဖြန့်ဝေခဲ့ပြီး စုစုပေါင်း ပြန်လည်မျှဝေမှု တစ်သောင်းကျော် ရှိခဲ့သည်။

Page အတုပြုလုပ်ခံရသည့် စာရေးဆရာများတွင် ဂျူး နှင့် ဦးဘုန်း-ဓာတု တို့သည် အများဆုံးဖြစ်သည်။ စစ်ဆေးမှုများအရ စာရေးဆရာမ ဂျူး နာမည်ဖြင့် ဖွင့်လှစ်ထားသည့် Page အတုပေါင်း ၂၀ ကျော်အထိတွေ့ရပြီး ဦးဘုန်း-ဓာတု နာမည်ဖြင့် Page အတုပေါင်း ၁၀ ခုထက်မနည်းရှိသည်။ ထို Page များသည် Like လုပ်ထားသူ တစ်သိန်းကျော်မှ တစ်သန်းခွဲအထိ ရှိသည်။

ဂျူးနာမည်ဖြင့်ဖွင့်လှစ်ထားသည့် Page အတုများထဲတွင် Juu – ဂျူးJuu – Depression Juu-အတိုအစလေးများJuu – ဂျူးJuuJuuJuu – ဂျူး ဆိုသည့် Page များသည် သတင်းမှားများကို အဓိကဖြန့်ဝေနေပြီး khitalinmedia.com, iteachmedia.info,lugyinews.com, bahuthutagabar.net, innlaymedia.com, tatinhtoo.com, lupyonews.com, kalaykalar.com စသည့် သတင်းမှားဖြန့် ဝက်ဘ်ဆိုက်များမှ အကြောင်းအရာများကို ပုံမှန်ဖြန့်‌ဝေနေသည်။

ဆရာမဂျူး၏ အနေဖြင့် သူ၏ကလောင်နာမည်ကို အလွဲသုံးစားလုပ်ကာ ဖွင့်လှစ်ထားသည့် Page အတုများ များပြားနေသည့်အတွက် သူ၏ နာမည်အရင်း Tin Tin Win နာမည်ဖြင့် Facebook account တစ်ခုသာ အသုံးပြုကြောင်း သူ၏ Facebook account တွင် ပြန်လည် ရှင်းလင်းခဲ့ဖူးသည်။

“ကျွန်မ မရေးခဲ့ဖူးတဲ့ စကားလုံးတွေ စာကြောင်းတွေ စာပိုဒ်တွေကို ဂျူး ဆိုတဲ့ Facebook account နဲ့ တင်နေတာတွေ ၄ -၅ ခုလောက်တွေ့ရပါတယ် အဲဒါတွေအားလုံး ကျွန်မ မဟုတ်ပါဘူး။​ Tin Tin Win နာမည်နဲ့ အခု Account က လွဲလို့ ကျွန်မ Account ဖွင့်မထားပါဘူး I will take legal action against those fake accounts (အကောင့်အတုတွေကို တရားစွဲပါမယ်)” ဟု ဆရာမဂျူးက ရေးသားဖြေရှင်းခဲ့သည်။

ဦးဘုန်း ဓာတု နာမည်ဖြင့် ဖွင့်လှစ်ထားသည် Page အတုများမှာ ဦးဘုန်း – ဓာတုဦးဘုန်း – ဓာတုဦးဘုန်း – ဓာတုဦးဘုန်း – ဓာတု တို့ဖြစ်သည်။ အဆိုပါ Page များသည် naethitmyanmar.com, pyawsayar.com,realgamingmyanmar.net, sweetmyanmar.com စသည့် ဝက်ဘ်ဆိုက်များနှင့် အဓိက ချိတ်ဆက်ထားသည်ကို တွေ့ရသည်။

“ကျွန်တော် ကိုယ်တိုင်သုံးတာကတော့ Phone Naing Oo ကျွန်တော့ရဲ့မှတ်ပုံတင်နာမည်ပေါ့။ Page ကတော့ ဦးဘုန်း ၊ ဓာတု ၊ ၏စာများ ဆိုတဲ့ Page ပဲသုံးပါတယ်။ ကျန်တာတွေကအတုတွေပါ။ အတုတွေကများတော့ ကျွန်တော်လည်း ဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ ကျွန်တော်သဘောကတော့ အဲ့ဒီ Page အတုတွေကိုလေ ကျွန်တော်က Online လည်းမကျွမ်းတော့ သူတို့ (Facebook team) ကို ဘယ်လိုပြောပြီး ဖျက်ရမလဲ နားမလည်ဘူးဗျ။ ဒီလိုအချိန်မျိုးမှာ ဒီလိုမလုပ်သင့်ဘူးလို့ထင်တယ်ခင်ဗျ ကျွန်တော်သဘောမကျဘူး” ဟု ဦးဘုန်း၊ ဓာတု က Myanmar Now ကို ပြောသည်။

ထို့အပြင် Like လုပ်ထားသူပေါင်း နှစ်သိန်းကျော်ရှိသည့် ပုညခင် – Knowledge ဆိုသည့် Page သည် သတင်းမှားများဖြန့်ဝေနေသည့် celemedia.club မှ ဝက်ဘ်ဆိုက်မှ အကြောင်းအရာများကို ပြန်လည်ဖြန့်ဝေနေပြီး Like လုပ်ထားသူပေါင်း ငါးသိန်းကျော်ရှိသည့် အကြည်တော် ဆိုသည့် Page သည်လည်း သတင်းမှားများဖြန့်ဝေနေသည့်‌ amaranews.info, media.shwemm.com ဝက်ဘ်ဆိုက်များမှ အကြောင်းအရာများကို ပြန်လည်ဖြန့်ဝေနေကြသည်။

ကွယ်လွန်သွားပြီဖြစ်သည့် တက္ကသိုလ်ဘုန်းနိုင်၊ အောင်သင်း နာမည်များဖြင့် Page များသည်လည်း သတင်းမှားဖြန့်သည့် Page များတွင် ပါဝင်သည်။ Like လုပ်ထားသူပေါင်း တစ်သန်းကျော်ရှိသည့် တက္ကသိုလ်ဘုန်းနိုင် ဆိုသည့် Facebook Page သည် everytimestory.com, myanmarnewsteam.com, firstmyanmar.com စသည့် ဝက်ဆိုက်များမှ အကြောင်းအရာများကို ပုံမှန်ဖြန့်ဝေခဲ့ပြီး ယခု အခါ ဖြန့်ဝေခဲ့သည့် အကြောင်းအရာများကို ပြန်ဖျက်ထားကြောင်းတွေ့ရသည်။

ထို့အပြင် U Aung Thin ဦးအောင်သင်း ဆိုသည့် Page သည်လည်း firstmyanmar.com ဆိုသည့် ဝက်ဆိုက်မှအကြောင်းအရာများ ဖြန့်ဝေနေကြောင်းတွေ့ရသည်။ အဆိုပါ ဝက်ဘ်ဆိုက်များသည် ကွန်ရက်သဖွယ် ချိတ်ဆက်နေပြီး ကိုဗစ်နိုင်တင်းကာလအတွင်း ဝက်ဘ်ဆိုက်အသစ်အများအပြားထပ်မံဖွင့်ကာ သတင်းမှားများအများအပြားကို ဖြန့်ဝေခဲ့ကြသည့် ဝက်ဘ်ဆိုက်များ ဖြစ်သည်။

တက္ကသိုလ်ဘုန်းနိုင် နာမည်ကိုအလွဲသုံးစားပြုလုပ်ကာ Page အတုပြုလုပ်သည့် ကိစ္စနှင့်ပတ်သက်၍ ၎င်း၏ မိသားစုဝင် ဒေါ်ဝေသီအိက အဆိုပါ page အတုများကို “တားဆီးကိုင်တွယ်” မည်ဟု ပြောသည်။

“တော်တော်ကိုမဖြစ်သင့်တာ။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ ဂုဏ်သိက္ခာနဲ့ လုံးဝမလျော်ညီပါဘူး။ ကျွန်မတို့ကိုယ်တိုင်လည်း အဲ့ဒီကိစ္စကို မိသားစုအနေနဲ့ ဒီကိစ္စကို တားဆီးဖို့ ကိုင်တွယ်ဖို့ပေါ့။ အခုက အကျပ်ကာလကြီးဖြစ်သွားတဲ့အခါကျတော့ နည်းနည်းနှောင့်နှေးသွားပေမဲ့ ဒီဟာကိုတော့ လုပ်မှာပါ” ဟု Myanmar Now ကို ပြောသည်။

ယခုကဲ့သို့ Account အတုများမှာ နာမည်ခံပြီး သတင်းမှားဖြန့် စီးပွားရေးလုပ်နေသည့် အကြောင်း Facebook Account အစစ်များက ဖြေရှင်းချက်များ ထုတ်နေသော်လည်း သတင်းအချက်အလက် အမှန်ရရှိမှု အားနည်းကြသည့် အင်တာနက်အသုံးပြုအများစုမှာ အဆိုပါ Page များမှ တင်သမျှကို တစ်ဆင့်ယုံကြည်ကာ ပြန်လည်မျှဝေနေကြဆဲဖြစ်သည်။

ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာလအတွင်း ကပ်ရောဂါကူးစက်မှုများနှင့် အတူ သတင်းတု၊ သတင်းမှား များသည်လည်း ဗိုင်းရပ်သဖွယ် ပျံ့နှံ့လျက်ရှိသည်။ Facebook ပေါ်ရှိ မြင်မြင်ရာ လူစိတ်ဝင်စားနိုင်မည့် အကြောင်းအရာများကို အံ့အားသင့်စေမည့် သတင်းတု၊ သတင်းမှားများအဖြစ် ပြန်ပြောင်းရေးသားကြကာ Facebook ၏ Instant Articles မှတစ်ဆင့် ဝင်ငွေရှာနေကြခြင်းဖြစ်သည်။

နာမည်ကြီးစာရေးဆရာ နာမည်များကို အသုံးပြုထားသည့် Page အတုများကို ထိန်းချုပ်ထားသူများမှာ မြန်မာနိုင်ငံပြည်တွင်းမှ ပါဝင်သလို ထိုင်း၊ မလေးရှား၊ စင်ကာပူနိုင်ငံတို့မှ Account များလည်းပါဝင်နေကြောင်း တွေ့ရသည်။

Related Articles

Back to top button