
ထိုင်းအစိုးရ ဦးဆောင်ကာ ဇွန်လ ၁၉ ရက်တွင် ပြုလုပ်မည့် Track 1.5 ဆွေးနွေးပွဲ တက်ရန် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားထားသည်ဟု သံတမန်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ထိုဆွေးနွေးပွဲကို အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်နိုင်ဖွယ်ရှိသော်လည်း အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား တက်ရောက်လိမ့်မည် မဟုတ်လည်း ၎င်းက ဆိုသည်။
မြန်မာစစ်တပ်နှင့် ဖက်လဲတကင်း ဆက်ဆံရေးရှိသည့် ထိုင်းအစိုးရ ကမကထပြုလုပ်မည့် ထိုဆွေးနွေးပွဲအကြောင်း သီးခြား အတည်မပြုနိုင်သော်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ထိုင်းအစိုးရက အလားတူစီစဉ်ခဲ့ဖူးသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ဖိအားပေးနေချိန် စစ်ကောင်စီကို အာဆီယံနိုင်ငံအချို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ပေးတွေ့ရန် ထိုင်းအစိုးရက တိတ်တဆိတ်စီစဉ်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလကုန်က ဘန်ကောက်မြို့၌ တိတ်တဆိတ်ပြုလုပ်ခဲ့သော စစ်ကောင်စီ ဝန်ကြီးများနှင့် တွေ့ဆုံပွဲသို့ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ လာရောက်ခဲ့သော်လည်း အာဆီယံဦးဆောင်နိုင်ငံများက လျစ်လျူရှုခဲ့သည်။
စားသောက်ဆိုင်တစ်ခုတွင် ပြုလုပ်သော အလွတ်သဘောတွေ့ဆုံပွဲသို့ အာဏာသိမ်းစစ်တပ်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ကို စေလွှတ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF များကို အားပေးထောက်ခံခြင်း မပြုရန် ဆွေးနွေးခဲ့သည်ဟုလည်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံသည် ရန်ကုန်ရှိ သံရုံး၌ သံအမတ်ကြီးမထားရှိဘဲ တစ်နှစ်နီးပါး လစ်လပ်ခဲ့ရာမှ လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်း၌ သံအမတ်သစ်ခန့်အပ်ကာ ဆက်ဆံရေးတိုးမြှင့်ခဲ့သည်။ သံအမတ်သစ် ခန့်အပ်ပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ဒုဝန်ကြီးချုပ်ဖြစ်သူ Don Pramudwinai နေပြည်တော် လာရောက်ခဲ့သည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အိမ်နီးချင်းနိုင်ငံများ ဦးဆောင်နေသည့် Track 1.5 ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဧပြီလအတွင်း အိန္ဒိယနိုင်ငံက လက်ခံကျင်းပခဲ့ကာ နောက်တစ်ကြိမ်ဆွေးနွေးပွဲကို လာအိုနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သည်။
အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်အထိ စစ်ကောင်စီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှာ အာဆီယံထိပ်သီးဆွေးနွေးပွဲများမှ ဖယ်ကြဉ်ခံထားရသည်။ မြန်မာ့အရေးနှင့် ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။
ဘရူနိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့လက်ထက်တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်ကာ နေပြည်တော်စေလွှတ်ခဲ့သော်လည်း တစ်စုံတစ်ရာ တိုးတက်ပြောင်းလဲမှု မရှိခဲ့ပေ။ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကမူ အထူးကိုယ်စားလှယ် ခန့်အပ်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)