
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပိတ်ဆို့ တိုက်ခိုက်မှု ၁၁ ရက်ကျော် ကြာလာချိန်တွင် နှစ်ဖက်အထိအခိုက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ထံမှ သိရသည်။
ဇွန် ၃ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော တပ်မ (၆၆) လက်အောက်ခံတပ်ကို မြို့အနောက်ဘက် ၅ မိုင်ခန့်အကွာရှိ ခေါင်းအိရွာနှင့် စက်တော်ရွာအကြား ပိတ်ဆို့တိုက်ခိုက်ရာမှ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်။
ဇွန် ၁၃ အထိ ၁၁ ရက်ကြာ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ အရာရှိတစ်ဦး အပါအဝင် ၂၇ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့သည်ဟု ဖယ်ခုံအခြေစိုက် အမှတ် (၁၀၀၂) PDF တပ်ရင်း၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“စစ်တပ်က မဆုတ်သေးဘူး။ တပ်စွဲနေတုန်းပဲ။ ဒီရက်ပိုင်းတွေမှာ ထိပ်တိုက်တိုက်ပွဲတွေလည်း ဖြစ်နေတုန်းပဲ။ တိုက်ပွဲတွေက ဆက်ဖြစ်နေဦးမဲ့ အနေအထားပါ” ဟု ၎င်းက ဆိုသည်။
အလားတူ ဖယ်ခုံမြို့အခြေစိုက် အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇)၊ အမှတ် (၃၃၆) ခြေမြန်တပ်ရင်း စသည့် စစ်စခန်းတို့က ဇွန် ၈ မှ ၁၁ အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြောသည်။
“သူတို့ဘက်က အရာရှိတစ်ယောက်လည်း ကျထားတာဆိုတော့ အဆမတန် လက်နက်ကြီးပစ်ကူ သုံးတယ်။ လေယာဉ်ပစ်ကူတော့ မလာဘူး။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုက မိုးလည်း ရွာတယ်၊ တိမ်လည်း အုံ့တယ်။ အဲဒါကြောင့် လေယာဉ်မလာတာ ဖြစ်မယ်” ဟု ၎င်းက ပြောသည်။
တိုက်ပွဲအတွင်း မိုးဗြဲမြို့အခြေစိုက် အမှတ် (၁၀၀၇) PDF တပ်ရင်းမှ ရဲဘော် ၂ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖယ်ခုံအခြေစိုက် အမှတ်(၁၀၀၂) တပ်ရင်း၊ ဒီးမော့ဆိုအခြေစိုက် အမှတ် (၁၁၀၁)၊ (၁၁၀၂)၊ (၁၁၀၇) တပ်ရင်းများ၊ မိုးမြို့ဗြဲအခြေစိုက် အမှတ် (၁၀၀၅)၊ (၁၀၀၇)၊ (၁၀၀၈)၊ (၁၀၀၉)၊ လွိုင်ကော်အခြေစိုက် PDF တပ်ရင်း (LKPDF) များနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) တို့ ပူးပေါင်း ပိတ်ဆို့တိုက်ခိုက်နေခြင်း ဖြစ်သည်။

ဖယ်ခုံမြို့ပေါ်မှ လာသော အဆိုပါ စစ်ကောင်စီတပ်မှာ ခေါင်းအိရွာဘက်မှတစ်ဆင့် ဖယ်ခုံမြို့ အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာရှိ မိုးဗြဲမြို့သို့ အင်အားဖြည့်တင်းရန် လာသည်ဟု ကာကွယ်ရေးတပ်များက ယူဆနေသည်။
အာဏာသိမ်း စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်သို့ ဝင်ပေါက်ဟု ခေါ်ဝေါ်နေသည့် ရှမ်း-ကယားနယ်စပ် ဖယ်ခုံနှင့် မိုးဗြဲမြို့တို့သည် မြေပုံပေါ်၌ အဖြောင့်တိုင်းလျှင် နေပြည်တော်နှင့် မိုင် ၆၀ ခန့်သာ ကွာဝေးသောကြောင့် ကရင်နီဒေသနှင့် ဆက်စပ်နေသော အဆိုပါဒေသကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက အပြင်းအထန် ကြိုးပမ်းနေသည်ဟု လေ့လာသူတို့က ဆိုသည်။
စစ်ကောင်စီသည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ကို ထိန်းချုပ်နိုင်ရန် မေ ၂၇ က မြို့အနီး စတင် စစ်ကြောင်းထိုးခဲ့ပြီး ဇွန် ၅ တွင် အင်အား ၁၅၀ ဝန်းကျင်ဖြင့် အင်အားဖြည့်ကာ မြို့အတွင်း အင်အားဖြန့်ခွဲကာ တပ်စွဲလိုက်သည်။
နှစ်ဖက်တပ်များ အဝင်အထွက်ရှိသော ထိုမြို့ကို စစ်တပ်က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး မြို့အတွင်းသို့ အနီးရှိ အခြေစိုက်တပ်များက လက်နက်ကြီးများ ပစ်ခတ်ခဲ့သလို ရပ်ကွက်များအတွင်း နေရာယူထားသော စစ်သားများ၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
ပြီးခဲ့သည့် ဇွန် ၁၁ ကလည်း မိုးဗြဲမြို့အတွင်း တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးသလို PDF ၁ ဦး၊ KNDF တပ်ဖွဲ့ဝင် ၂ ဦး၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) မှ ၁ ဦး သေဆုံးခဲ့သည်။
ဇွန် ၁၃ တွင် ထိုင်းနှင့် ကယားနယ်စပ် မယ်စဲ့မြို့နယ်ရှိ ရဲစခန်း၊ စစ်ကောင်စီစခန်း သုံးခုကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မယ်စဲ့မြို့နယ် ရဲစခန်းမှူး သေဆုံးပြီး သေနတ် အလက် ၄၀ ခန့် သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
စစ်ကောင်စီက တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထောက်များကို ထုတ်ဖော်ပြောဆိုလေ့မရှိပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)