စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ဒေသအခြေစိုက်တော်လှန်ရေးခေါင်းဆောင်တစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့က လူသတ်မှုသံသယဖြင့် ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးသွားကြောင်း သိရသည်။
တိုက်နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတစ်ဦး ပျောက်ဆုံးသည့်ကိစ္စတွင် ဇာမဏီအမည်ရှိ မြင်းမူနှင့် မြောင်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုဇော်မိုးနှင့် အခြား ၃ ဦးကို ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က လူသတ်မှုသံသယဖြင့် ဖမ်းဆီး စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇွန် ၁ ရက်က မြို့နယ်ပလဖက ဖမ်းဆီးထိန်းသိမ်းထားသည့် ကိုဇော်မိုးအပါအဝင် ၄ ဦး သေဆုံးသွားသည်မှာ ဟုတ်မှန်ကြောင်း စစ်ကိုင်းခရိုင် ပလဖတာဝန်ခံ ဦးစံဖဲက Myanmar Now ကို ယနေ့ ပြောသည်။
“ကိုဇော်မိုး သေဆုံးသွားတယ်ဆိုတာတော့ သေချာပါတယ်။ အဲ့ဒါတစ်ခု ကျွန်တော်တို့ ပြောပြနိုင်ပါသေးတယ်။ ဘယ်ပုံဘယ်လို သေဆုံးတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မပြောပြနိုင်သေးပါဘူး။ ကျွန်တော်တို့အသေးစိတ် မပြောနိုင်သေးပါဘူး။ ကျွန်တော့်ဆီ အစီရင်ခံစာ ရောက်လာရင်တော့ တက်လာတဲ့ အစီအရင်ခံစာအပေါ် မူတည်ပြီးတော့ ပြောလို့ရတယ်” ဟု ဆိုသည်။
“အဲ့ဒီဖြစ်စဉ်ကို အသေးစိတ် ဝန်ကြီးဌာနကို ပို့ဖို့ ညွှန်ကြားထားပါတယ်။ ကျွန်တော်တို့ ရဲချုပ်ရော၊ ဝန်ကြီးဌာနရော၊ ဒါကို အသေးစိတ်အစီအရင်ခံစာ တင်ပါလို့၊ လောလောဆယ် အဲဒီလောက်ပဲ လုပ်နိုင်ပါသေးတယ်။ လက်လွန်သွားတယ်ဆိုတဲ့ကိစ္စကိုတော့ သူကိုယ်တိုင် (မြို့နယ်ပလဖတာဝန်ခံ) အစီရင်ခံစာနဲ့ ကျွန်တော့်ဆီတော့ ရောက်မလာသေးဘူးပေါ့လေ”
ဆက်လက်၍ “ဘာလို့လဲဆို၊ မြောင်မြို့နယ်ကိစ္စဆိုရင် ရဲချုပ်က တိုက်ရိုက်ကိုင်တွယ်တယ်။ ကျွန်တော်တို့ခရိုင်ကိုတော့ အစီရင်ခံစာ မိတ္တူပို့ရင်ပို့၊ လိပ်မူပြီးပို့ရင်ပို့ပေါ့၊ ကျွန်တော်တို့က အဲ့လိုမျိုးလုပ်ရပါတယ်။ တိကျတဲ့၊ သေချာခိုင်လုံတဲ့ သတင်းကတော့ အွန်ပေပါမှာ ဘာတစ်ခုမှ မရှိသေးတဲ့အတွက် ပြောပြဖို့ ခဲယဉ်းပါတယ်ခင်ဗျ” ဟု ဦးစံဖဲက ပြောသည်။
မတ် ၂၆ ရက်က မြောင်မြို့နယ် မရိုးကုန်းကျေးရွာတွင် တိုက်နယ်အဆင့် ပကဖတာဝန်ခံ ကိုဖိုးထောင် ပျောက်ဆုံးခဲ့ပြီး ၎င်းပျောက်ဆုံးခဲ့သော နေရာအနီး ကျည်ဆန်ခွံ နှစ်ခုတွေ့ရာမှ ထိုရွာအနီး လှုပ်ရှားသော ဇာမဏီအဖွဲ့က သတ်ဖြတ်သည်ဟု မြို့နယ်ပလဖက ကောက်ချက်ချခဲ့သည်။
ထို့နောက် ဇာမဏီအဖွဲ့ဝင်တချို့ကို ဖမ်းဆီးစစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ကာ ဇွန် ၁ ရက် နံနက်အစောတွင် မြို့နယ်ပလဖအဖွဲ့က မရိုးကုန်းရွာ ရောက်နေသော ဇာမဏီအဖွဲ့ခေါင်းဆောင် အသက် ၄၀ ဝန်းကျင် ကိုဇော်မိုး၊ ပဒတ္ထိုင်းကျေးရွာ ပကဖခေါင်းဆောင် ကိုလှမျိုးဦးနှင့် ဇာမဏီအဖွဲ့ဝင် ၂ ဦးကို အင်အားသုံး ဖမ်းဆီးခဲ့သည်ဟု ဇာမဏီအဖွဲ့ ဒုတာဝန်ခံအဆိုအရ သိရသည်။
ထိုစဉ်က ကိုဇော်မိုးမှာ ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးခံနေရ၍ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းခရိုင် အမှတ် (၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ယက္ခနှင့် ဇာမဏီအဖွဲ့ ဒုတာဝန်ခံ ကိုဒိုးကြီးက ဇွန်လ ၆ ရက်နေ့က Myanmar Now ကို ပြောထားသည်။
ကိုဇော်မိုးတို့ ၄ ဦး သေဆုံးသည်ဟုသာ သိရပြီး မည်သည့်ရက်တွင် မည်သို့သေဆုံးသည် ဟူ၍ အတိအကျမသိရပေ။

ဥပဒေအတိုင်းသာ ဖြစ်စေချင်
NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်တွင် စီမံအုပ်ချုပ်ရေးပိုင်းအတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ရဲလုပ်ငန်းအတွက် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) ၊ တိုက်ခိုက်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ဖွဲ့စည်းထားသည်။
ပကဖအဖွဲ့သည် ကာကွယ်ရေးဝန်ကြီးဌာန (MOD) အောက်ရှိ PDF တပ်ဖွဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ကိုဇော်မိုးနှင့်အဖွဲ့ကို ဖမ်းဆီးထားသည်ဟု မြို့နယ်ပလဖက သတင်းပို့ထားပြီး နောက်ဆက်တွဲ အခြေအနေအသေးစိတ်ကို ၎င်းအနေဖြင့် မသိရသေးကြောင်း မြောင်မြို့နယ် ပအဖအဖွဲ့ခေါင်းဆောင် ဦးကံကြီးမောင်က ပြောသည်။
“ကျွန်တော်တို့ကို သတင်းပို့တာကတော့ လွန်ခဲ့တဲ့ ၁၀ ရက်ဝန်းကျင်က ၃ ယောက် ဖမ်းထားတယ်လို့ သတင်းပို့ထားတယ်။ တိတိကျကျတော့ မသိဘူး။ ပလဖတာဝန်ခံ ပြောတာကတော့ ကိုဇော်မိုးနဲ့ အဖွဲ့ပဲ ပြောတယ်” ဟု သူက ဆိုသည်။
“တိုက်နယ်ပအဖ တာဝန်ခံ အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးစရာရှိတယ်ဆိုပြီးတော့ သိရတာ”
ဖမ်းဆီးထားကြောင်း အကြောင်းကြားပြီးပါက တရားရုံးသို့ တင်ပို့ရန် ပအဖအနေဖြင့် ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သော်လည်း မြို့နယ်ပလဖအဖွဲ့က ထပ်မံသတင်းပို့ခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။
“လမ်းညွှန်ချက်က တိတိပပရှိပါတယ်။ တော်လှန်ရေးတပ်သားအချင်းချင်းဖြစ်လို့ရှိရင် စပြီးတော့ ဖမ်းဆီးတဲ့အချိန်က စပြီးတော့ ပအဖကို သတင်းပို့ရမယ်၊ ပြီးရင် ဥပဒေအတိုင်းပဲ ဖမ်းဆီး၊ ဖမ်းဆီးပြီးရင် တရားရုံးကိုတင်၊ တရားစီရင်ရေးအဖွဲ့ ရှိတယ်၊ အကြောင်းကြားပြီးတော့ လုပ်ငန်းလုပ်ဖို့ ညွှန်ကြားထားတာ ရှိပါတယ်” ဟု ဦးကံကြီးမောင်က Myanmar Now ကို ယနေ့ ပြောသည်။
“ပအဖအနေနဲ့ကတော့ ဖမ်းဆီးတဲ့နေ့က သတင်းပို့တာရှိတယ်၊ ဒီနောက်ပိုင်း ဘာမှ သတင်းပို့တာမရှိဘူး။ ကျွန်တော်လည်း ပြောရရင်၊ ကျွန်တော်တို့ရုံးကို အကြောင်းကြား၊ လူတွေကို့ ဒီဘက်ရွှေ့ပေး၊ ပြီးရင် တရားရုံးတင်ဖို့ လုပ်ဆောင်ပေးမယ်လို့ သိထားတာ၊ ဒါပေမဲ့ အခု ဖမ်းဆီးထားတယ်ဆိုတဲ့နောက် ကျွန်တော်တို့ဆီကို ဘာမှ သတင်းပို့တာ မရှိတော့ဘူး”
NUG လက်အောက်ခံအဖွဲ့များနှင့် ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအကြား အငြင်းပွားဖွယ် ပွတ်တိုက်မှုများ ရှိနေစဉ် ထိုသို့ ဒေသကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ဆေးနေစဉ် သေဆုံးခဲ့မှုသတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ဥပဒေစည်းမျဉ်းအတိုင်းသာ ဖြစ်စေချင်သည်ဟု မြောင်မြို့နယ် ပအဖအဖွဲ့ခေါင်းဆောင်က မှတ်ချက်ပြုသည်။
“ကျွန်တော်တို့က မတရားမှုကို တော်လှန်နေတဲ့အချိန်မှာ ဥပဒေအတိုင်းပဲ ဖြစ်စေချင်တယ်။ သူ့ဘက်ပဲဖြစ်ဖြစ်၊ ကိုယ့်ဘက်ပဲဖြစ်ဖြစ်၊ မတရားမှုကို တော်လှန်နေသူအချင်းချင်း။ တကယ်လို့ သူသည် ပြစ်မှုတစ်ခုခု ကျူးလွန်သည်ဖြစ်စေ၊ သူ့လူပဲဖြစ်စေ၊ ကိုယ့်လူပဲဖြစ်စေ၊ ပြစ်မှု တကယ်ကျူးလွန်ထားရင်တော့ ကျွန်တော်တို့က ဥပဒေစည်းမျဉ်းစည်းကမ်းအတိုင်းပဲ ဖြစ်စေချင်တဲ့သဘောရှိပါတယ်” ဟု သူက ပြောသည်။
စစ်ကိုင်းခရိုင် ပလဖတာဝန်ခံ ဦးစံဖဲကလည်း အဆိုပါကိစ္စမျိုးဖြစ်ပါက ဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ပြီး ညွှန်ကြားလာမှသာ ခရိုင်ပလဖအနေဖြင့် ဆောင်ရွက်ခွင့်ရှိကြောင်း ဆိုသည်။
“ကျွန်တော်တို့က ရဲတပ်ဖွဲ့ဖြစ်တဲ့အတွက် ရဲလက်စွဲရှိပါတယ်။ ရဲလက်စွဲအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်ရပါတယ်။ အကယ်၍ အဲ့ဒီဖြစ်စဉ်မျိုး ဖြစ်ခဲ့တယ်ဆိုရင် ရဲချုပ်က တိုက်ရိုက် ကိုင်တွယ်တာ၊ ဝန်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်တာ ရှိမယ်။ ကျွန်တော်တို့ ကြားခံအနေနဲ့တော့ အဲ့ဒါမျိုး ကိုင်တွယ် ဆောင်ရွက်ခွင့် မရှိသေးပါဘူး။ ဒါပေမဲ့ ဝန်ကြီးဌာနက ခရိုင်ပလဖအနေနဲ့ ဆောင်ရွက်ပါဆိုရင်တော့ ကျွန်တော်တို့က ဆောင်ရွက်ရပါတယ်” ဟု သူက ပြောသည်။
ကိုဇော်မိုးအတွက် တရားမျှတမှုရလို
ပြီးခဲ့သည့် ဇွန် ၁၀ ရက်က NUG ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများနှင့် မြောင်မြို့နယ်ပလဖတို့ ပြုလုပ်သည့် အွန်လိုင်းအစည်းအဝေးတွင် ဖမ်းဆီးထားသည့် ကိုဇော်မိုးတို့ ၄ ဦး သေဆုံးသွားခဲ့ကြောင်း မြောင်မြို့နယ်ပလဖ တာဝန်ခံ ဦးမြင့်တင်(ခ)ဗိုလ်ကျားသစ်က တင်ပြခဲ့သည်ဟု ကြားသိရကြောင်း စစ်ကိုင်းခရိုင် PDF အမှတ် (၁) တပ်ရင်း တပ်ရင်းမှူး ဗိုလ်ယက္ခနှင့် ဇာမဏီအဖွဲ့ ဒုတာဝန်ခံ ကိုဒိုးကြီးတို့က Myanmar Now ကို ပြောသည်။
“ပြည်ထဲရေးဝန်ကြီးဌာနကို မြို့နယ်ပလဖက တင်လိုက်ပြီ။ သူတို့လက်လွန်သွားပြီဆိုတဲ့အကြောင်း၊ အစည်းအဝေးမှာ တင်တာလို့ သိရတယ်” ဟု ကိုဒိုးကြီးက ဆိုသည်။
မဟာမိတ်များဖြစ်ကြသည့် မြို့နယ် ပကဖ၊ ပအဖ အရာရှိများက ဆက်သွယ် အကြောင်းကြားပေးသည့်အတွက် သိရှိရခြင်းဖြစ်ကြောင်း ဗိုလ်ယက္ခထံမှ သိရသည်။
“အစည်းအဝေးမှာကို ဖွင့်ပြောတာ။ မြောင်မြို့နယ်အစည်းအဝေးမှာ ဖွင့်ပြောတယ်တဲ့။ မြောင်ပအဖတာဝန်ခံက ကျွန်တော့်ကို လှမ်းဆက်တယ်။ စစ်ကိုင်းခရိုင် ပကဖတာဝန်ခံကလည်း လှမ်းဆက်တယ်။ စစ်ရင်းဆေးရင်း လက်လွန်သွားတယ်၊ ဒါပဲပြောတာ”
ထိုအစည်းအဝေးမတိုင်မီ ဇွန် ၉ ရက်တွင် ဇနီးဖြစ်သူ မချိုက ကိုဇော်မိုးနှင့် တွေ့ခွင့်ရရှိရေးအတွက် စစ်ကိုင်းခရိုင်အဆင့် တာဝန်ရှိသူများနှင့် မြောင်မြို့နယ်အဆင့် တာဝန်ရှိသူများ၏ ထောက်ခံချက်ဖြင့် မြို့နယ်ပလဖထံ တောင်းဆိုခဲ့သော်လည်း တွေ့ဆုံခွင့်မပေးခဲ့ဟု သိရသည်။
“မှန်ရာမှန်ကြောင်းတော့ ဖြစ်အောင် လုပ်မှာ။ ဥပဒေအတိုင်း ညီအောင်တော့ လုပ်ရမယ်ရှင့်။ ကျွန်မတို့ဘက်ကတော့ ဒီတစ်သက်မပြောနဲ့ နောင်ဆယ်သက်တောင် မကျေနပ်ဘူးရှင့်။ ကျွန်မတို့မှာ သူ့ကိုပဲ မှီခိုနေရတာ။ သူမရှိရင် မဖြစ်ပါဘူး။ အဲ့ဒါကြောင့် ဒီကိစ္စကို မှန်အောင်လုပ်ပေးပါလို့ တောင်းဆိုချင်ပါတယ်ရှင့်” ဟု ကိုဇော်မိုး၏ ဇနီးဖြစ်သူ မချိုက ပြောသည်။
ထိုဖြစ်ရပ်သည် NUG အစိုးရ၏ ညွှန်ကြားချက်၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း ဖြစ်သည်ဟု ဗိုလ်ယက္ခက ဝေဖန်သည်။
“တော်တော်ဆိုးဆိုးရွားရွားပါဗျာ။ NUG အစိုးရသွားနေတဲ့လမ်းကြောင်းကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်တာပေါ့။ ကိုဇော်မိုး ပြစ်မှုကျူးလွန်တာ စစ်မယ်ဆေးမယ်ဆို တရားရုံးတင်ပေါ့။ တရားရုံးက ပြစ်ဒဏ်ချမှတ်ပေါ့။ တရားခံဘက်က အယူခံတက်မယ်ဆို တက်ပေါ့။ ဥပဒေကို ဘာမှန်းမသိတဲ့လူတွေက စီရင်ချက်ချလို့မှ မရတာ” ဟု ဗိုလ်ယက္ခက ပြောသည်။
ကိုဇော်မိုးနှင့် မချိုတို့တွင် သားသုံးယောက်ရှိပြီး ၂၂ နှစ်အရွယ် အကြီးဆုံးသားမှာ စစ်ကိုင်းခရိုင် PDF အမှတ် (၁) တပ်ရင်းတွင် PDF တပ်ဖွဲ့ဝင်ဖြစ်သည်၊ ၁၈ နှစ်အရွယ် သားအလတ်မှာ ဒရုန်းတပ်သားအဖြစ် တာဝန်ထမ်းဆောင်နေသည်ဟု သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး မြောင်မြို့နယ်ပလဖတာဝန်ခံ (စစ်ကိုင်းခရိုင်) ဦးမြင့်တင်(ခ)ဗိုလ်ကျားသစ်က ကိုဇော်မိုးနှင့် ၃ ဦးကို ၎င်းတို့ ဖမ်းဆီးထားခြင်းမရှိကြောင်း Myanmar Now ကို ဇွန် ၆ ရက်က ပြောခဲ့ဖူးသည်၊ ယခု သေဆုံးကြောင်း အတည်ပြုချက်များ ထွက်လာပြီးနောက် မေးမြန်းရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။
NUG အစိုးရကလည်း ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မည်သို့ ကိုင်တွယ် အရေးယူမည်ကို ထုတ်ပြန်ခြင်း မရှိသေးပေ။
မကွေးတိုင်းအခြေစိုက် လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့ (Warriors of Liberation Force, W.O.L.F) အဖွဲ့ကလည်း ၎င်းတို့၏ တပ်ရင်းမှူးဆိုင်ဂုံနှင့် တပ်သား ၆ ဦး ဧပြီ ၁၁ မှစ၍ နိုင်ငံမြောက်ပိုင်း လွတ်မြောက်နယ်မြေတစ်နေရာတွင် ထိန်းသိမ်းခံနေရသဖြင့် ဥပဒေအတိုင်း ကိုင်တွယ်ပေးရန် NUG ထံ တိုင်ကြားထားကြောင်း သိရသည်။
(ယခင် ကနဦးသတင်းတွင် သတ်ဖြတ်ခံရသည်ဟု ယူဆထားသော ကိုဖိုးထောင်ကို ကျေးရွာပကဖ တာဝန်ခံဟု ဖော်ပြခဲ့သော်လည်း တိုက်နယ်အဆင့် ပအဖတာဝန်ခံဖြစ်ကြောင်း အတည်ပြုနိုင်၍ ပြင်ဆင်ထားပါသည်)
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)



