မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း သရက်ခရိုင်အတွင်း အခြေစိုက်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့တစ်ခုက ၎င်းတို့၏ တပ်ရင်းမှူး အမှုအများအပြားဖြင့် စွပ်စွဲခံရပြီးနောက် တပ်ဖွဲ့ဝင်တချို့နှင့်အတူ လွတ်မြောက်နယ်မြေတစ်နေရာတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ တိုင်ကြားထားကြောင်း သိရသည်။
လွတ်မြောက်ရေးအင်အားစုစစ်သည်များအဖွဲ့ (Warriors of Liberation Force, W.O.L.F) အဖွဲ့ခေါင်းဆောင် တပ်ရင်းမှူးဆိုင်ဂုံနှင့် တပ်သားခြောက်ဦးမှာ ဧပြီ ၁၁ မှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတစ်နေရာတွင် ထိန်းသိမ်းခံရခြင်းဖြစ်သည်ဟု အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။ ကိုဆိုင်ဂုံကို စွပ်စွဲထားသည့် အဖွဲ့အစည်းမှာမူ ပြည်သူ့စစ်မဟာဗျူဟာအကြံပေးဗျူရို (PMSAB) ဟု ခေါ်သည့် မြန်မာနိုင်ငံအလယ်ပိုင်းအခြေစိုက် တော်လှန်ရေးအဖွဲ့ဖြစ်သည်။
အင်အား ၇၀ ခန့်ရှိသည့် W.O.L.F အဖွဲ့သည် သရက်ခရိုင်ရှိ ကံမ၊ မင်းလှ၊ မင်းတုန်း မြို့နယ်တို့တွင် အခြေစိုက်ပြီး ယခုနှစ် အစောပိုင်းအထိ PMSAB လက်အောက်ခံ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ စစ်ဒေသ ၁၀၁ အဖွဲ့ဝင်ဟောင်းများ ဖြစ်သည်။ ထိုအဖွဲ့ကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် စစ်သားနှင့် ရဲ အများအပြားဖြင့် ဖွဲ့စည်းထားသည်ဟု ဆိုသည်။ CDM စစ်ဆရာဝန် ကိုမင်းမောင်မောင်နှင့် ၈၈ မျိုးဆက်တက်ကြွလှုပ်ရှားသူ ဦးမောင်မောင်ဝမ်းတို့က ဦးဆောင်စီမံသည့် PMSAB နှင့် သဘောထားမတိုက်ဆိုင်မှုများကြောင့် သီးခြားခွဲထွက်ရပ်တည်ခဲ့သည်ဟု W.O.L.F အဖွဲ့ဝင် ကိုစာကလေးက ပြောသည်။
ကိုဆိုင်ဂုံကိုယ်တိုင်မှာလည်း CDM ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်ကြောင်း အဖွဲ့ဝင်များနှင့် စစ်တပ် CDM အသိုင်းအဝိုင်းထံမှ သိရသည်။ PMSAB နှင့် W.O.L.F အဖွဲ့များမှာ NUG လက်အောက်ခံ တော်လှန်ရေးအဖွဲ့အစည်းများ မဟုတ်သော်လည်း ညှိနှိုင်းဆောင်ရွက်မှုများရှိသည်ဟု မကွေးတိုင်းရှိ မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။
PMSAB က ကိုဆိုင်ဂုံသည် “တော်လှန်ရေးသစ္စာဖောက်” ဖြစ်သောကြောင့် ဖမ်းဆီးအရေးယူမည်ဟု စွပ်စွဲချက် ၁၃ ချက်ပါ စာတစ်စောင်ထုတ်ပြန်ထားသည်။
ဧပြီ ၈ ရက်စွဲဖြင့် လက်အောက်ခံအဖွဲ့များနှင့် မဟာမိတ်အဖွဲ့များထံ ပေးပို့ခဲ့သော PMSAB ၏ ထိုအသိပေးစာပါ စွပ်စွဲချက်များတွင် ကိုဆိုင်ဂုံသည် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၏ ဖွဲ့စည်းပုံ၊ မူဝါဒနှင့် ညွှန်ကြားချက်များကို မလိုက်နာခြင်း၊ ငွေစာရင်းရှင်းတမ်း မတင်ပြခြင်း၊ ၂၀၂၁ ခုနှစ် ကရင်လွတ်မြောက်နယ်မြေအတွင်း ရှိစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆက်သွယ်ပြောဆိုခြင်း၊ အဖွဲ့ဝင်အချင်းချင်း သွေးကွဲအောင် ပြုလုပ်ခြင်း၊ တရားမဝင်လက်နက်ခဲယမ်းရောင်းဝယ်ခြင်း၊ စစ်ကောင်စီတပ်များကို ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုမရှိခြင်း စသည်တို့ ပါဝင်သည်။
ထို့ပြင် ၎င်းထံမှ အချက်အလက်ပေါက်ကြားမှုကြောင့် တပ်ရင်းတစ်ခု စီးနင်းတိုက်ခိုက်ခံရသည်ဟုလည်း ဆိုထားသည်။
PMSAB ၏ စွပ်စွဲချက်များမှာ လုပ်ကြံဖန်တီးမှုများသာ ဖြစ်ကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းကို ကြားဝင်ဖြေရှင်းပေးရန် W.O.L.F အဖွဲ့မှ ကျန်ခေါင်းဆောင်သုံးဦးက NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် သမ္မတရုံးတို့အပြင် KIA ထံ ဧပြီနှင့် မေတို့တွင် စာပို့ တိုင်ကြားခဲ့သည်ဟု W.O.L.F အဖွဲ့ထံမှ သိရသည်။
“တပ်ရင်းမှူး ကိုဆိုင်ဂုံနှင့် အဖွဲ့သားများကို လက်ရှိအနေအထားတွင် နှုတ်ပိတ်ရှင်းလင်းမခံရစေရန်နှင့် တရားဥပဒေအတိုင်း သက်ဆိုင်ရာမှ စုံစမ်းဖော်ထုတ်ပေးပါရန် တင်ပြအပ်သည်” ဟု Myanmar Now က ဖတ်ရှုခွင့်ရသည့် ဧပြီ ၁၆ ရက်စွဲပါ တိုင်ကြားစာတွင် တောင်းဆိုထားသည်။
ထို့ပြင် PMSAB ၏ စွပ်စွဲချက်များမှာ ပုဂ္ဂိုလ်ရေးခံစားချက်အပေါ် အခြေခံနေကြောင်း၊ စွပ်စွဲချက်များနှင့် ပတ်သက်၍ ချေပပေးရန် လူသက်သေများ ရှိကြောင်းလည်း ဆိုထားသည်။
မေ ၉ ရက်စွဲဖြင့် NUG သမ္မတရုံးထံ တိုင်ကြားထားသော W.O.L.F အဖွဲ့၏ စာတွင်မူ ကိုဆိုင်ဂုံနှင့် ခြောက်ဦးကို “တရားဥပဒေမဲ့၊ သက်သေမဲ့” ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ အမြန်ဆုံးလွှတ်ပေးရန်၊ PMSAB အဖွဲ့၏ လုပ်ရပ်များကိုပါ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။
“ဒီကိစ္စကို KIA ရဲ့ တာဝန်ရှိတဲ့သူတွေက မျက်ကွယ်ပြုမထားဘဲနဲ့ KIA ရယ် MOD ရယ် NUG ရယ် တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ အမှန်တရားကို ရှာဖွေပေးစေချင်တာပါ” ဟု W.O.L.F အဖွဲ့ဝင် ကိုစာကလေးက Myanmar Now ကို ပြောသည်။
PMSAB ခေါင်းဆောင်တစ်ဦးဖြစ်သော ကိုမင်းမောင်မောင်ကို Myanmar Now က မေ ၁၀ တွင် ဆက်သွယ်မေးမြန်းခဲ့ရာ ကိုဆိုင်ဂုံနှင့် ပတ်သက်မှုများသည် ရန်သူနှင့် ဆက်စပ်သည့် လျှို့ဝှက်ကိစ္စရပ်များဖြစ်သည့်အတွက် အသေးစိတ် ထုတ်မပြောလိုသေးကြောင်း တုံ့ပြန်သည်။
စွပ်စွဲမှုများနှင့် ပတ်သက်၍ သက်သေများ ရထားသည်ဟု ဆိုပြီး ၎င်း၏ ဖြစ်စဉ်ကို CDM ဝင်ပြီးနောက် စစ်ကောင်စီထံ ပြန်လည်ခိုလှုံသွားသော ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း၏ ဖြစ်စဉ်နှင့်လည်း ဥပမာပေး ပြောဆိုသည်။
“ဒီကိစ္စတွေဆိုတာက အချက်အလက် အထောက်အထားတွေ အများကြီး ကျွန်တော်တို့မှာ ရထားပြီးပြီ” ဟု ကိုမင်းမောင်မောင်က ပြောသည်။
မေလဆန်းအထိ ကိုဆိုင်ဂုံနှင့် တပ်သားခြောက်ဦးကို ခြေထိတ်လက်ထိတ်ခတ်ကာ တိုက်ပိတ်ထိန်းသိမ်းထားဆဲဖြစ်ပြီး ဖုန်းများ သိမ်းဆည်းထားကြောင်း၊ တစ်ရက်လျှင် သုံးနာရီခန့် မျက်နှာကို အဝတ်စည်းကာ စစ်ဆေးခံရကြောင်း၊ ငှက်ဖျားဖြစ်နေကြောင်း၊ ရိုက်နှက်ခြင်း မရှိကြောင်း ၎င်းတို့ထိန်းသိမ်းခံထားရသည့် အခြေအနေကို သိရှိသည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက မေ ၅ တွင် ပြောသည်။ ၎င်း၏ ပြောဆိုချက်များကို Myanmar Now က သီးသန့်အတည်မပြုနိုင်ပါ။
ကိုဆိုင်ဂုံနှင့် ခြောက်ဦးမှာ KIA လွတ်မြောက်နယ်မြေတစ်နေရာတွင် ဖမ်းဆီးခံထားရသည်ဟူသော အချက်နှင့် ပတ်သက်၍ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါ။
ကိုဆိုင်ဂုံသည် အာဏာသိမ်းပြီး သုံးလအကြာတွင် CDM ပြုလုပ်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၇) တွင် ခိုလှုံပြီးနောက် ၂၀၂၁ ဩဂုတ်တွင် မကွေးတိုင်းအတွင်း ပြန်လည်ဝင်ရောက်ကာ မိုးကြိုးပြောက်ကျားအဖွဲ့ စစ်ဒေသ ၁၀၁ ကို ၂၀၂၃ နှစ်ဆန်းအထိ ဦးစီးလှုပ်ရှားခဲ့သည်။
၎င်းမှာ သရက်ခရိုင်အတွင်း တော်လှန်ရေးအဖွဲ့များကြားတွင် နာမည်ကောင်းရှိသူတစ်ဦးဖြစ်ပြီး စစ်ရေးဗျူဟာများနှင့် ပတ်သက်၍ မျှဝေမှုများစွာ ပြုလုပ်ခဲ့ဖူးသူဖြစ်ကြောင်း၊ နှိမ့်နှိမ့်ချချ ပြောဆိုနေထိုင်တတ်သူဖြစ်ကြောင်း မကွေးတိုင်းအခြေစိုက် အခြားတော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် People’s Revolution Alliance (PRA-Magway) ၏ ပြောခွင့်ရပုဂ္ဂိုလ် ကိုဟာကြူလီက ဆိုသည်။ သို့သော် ကိုဆိုင်ဂုံ၏ အဖွဲ့အတွင်း ကျူးလွန်သည်ဟု စွပ်စွဲချက်များနှင့် ပတ်သက်၍မူ မသိရှိကြောင်း ဆိုသည်။
“လုပ်ခဲ့တဲ့တစ်လျှောက်တော့ သူ့ကြောင့် ဒုက္ခရောက်ခဲ့တာ မရှိဘူး… PRA အနေနဲ့တော့ ဘာမှတော့ မရှိဘူး။ အဲဒါကြောင့် ကိုဆိုင်ဂုံနဲ့ ပတ်သက်ပြီး သက်သေအထောက်အထားမရှိဘူး၊ သူတို့အချင်းချင်းဖြစ်တဲ့ ပြဿနာ၊ ဒီလိုပဲ ပြောနိုင်တာ။ တိတိကျကျစွပ်စွဲဖို့ ဘာညာဆိုတာ ကျွန်တော်တို့မှာ သက်သေအထောက်အထား အခိုင်အလုံမရှိဘူး” ဟု ကိုဟာကြူလီက ပြောသည်။
တော်လှန်ရေးကာလတွင် လူတစ်ဦးတစ်ယောက်၏ အသက်အန္တရာယ်နှင့် ယှဉ်တွဲနေသည့် “သူလျှို၊ ဒလန်” သံသယအမှုများကို ကိုင်တွယ်ရာတွင် သက်သေအထောက်အထားအပေါ် အခြေပြု၍သာ စဉ်းစားတွေးခေါ်သင့်ကြောင်း ကိုဟာကြူလီက တိုက်တွန်းသည်။
“စွပ်စွဲခံရတဲ့သူတွေကို ဥပဒေအတိုင်းပဲ စီမံဆောင်ရွက်သင့်ပါတယ်။ လူ့ဂုဏ်သိက္ခာနဲ့ ညီညွတ်တဲ့ပုံစံမျိုးကိုပဲ သွားသင့်တယ်” ဟု ၎င်းက ပြောသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)