သတင်း

ပြည်တော်ပြန် CDM ဒုတိယဗိုလ်မှူးကြီးကို အကျဉ်းသားသဖွယ် ပုံ​ဖော်၍ စစ်ကောင်စီ ဝါဒဖြန့်

တော်လှန်ရေးသမားများ အကူအညီဖြင့် စစ်တပ်မှ ထွက်ပြေး၍ ထိုင်းနိုင်ငံသို့ ရောက်ခဲ့သည့် ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် အမှတ် (၃၅၁) ခြေမြန်တပ်ရင်း၏ ယာယီတပ်ရင်းမှုး ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် မဲဆောက်ရှိ အိမ်တစ်အိမ်တွင် လျှို့ဝှက်နေထိုင်နေရာမှ ပျောက်ဆုံးသွားခဲ့သည်။ ၎င်းသည် ယခုအချိန်တွင် စစ်ကောင်စီလက်ထဲသို့ ပြန်လည်ရောက်ရှိနေပြီး ၎င်းအား စစ်ကောင်စီက အကျဉ်းသားတစ်ဦးသဖွယ် အသုံးချ၍ ဝါဒဖြန့်ချိနေပြီဖြစ်သည်။

စစ်တပ်ပိုင် မြဝတီသတင်းဌာနနှင့် စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက် Facebook နှင့် Telegram အကောင့်များတွင် တွေ့ရသော ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း၏ ရုပ်သံဖိုင်တွင် ၎င်းက သူသည် တပ်ရန်ပုံငွေများ အလွဲသုံးထားသည်ကို မဖြေရှင်းနိုင်၍ ဘက်ပြောင်းခဲ့သည်၊ တော်လှန်ရေးအဖွဲ့များက ဩစတြေးလျနိုင်ငံသို့ ပို့ပေးမည်ဆိုသော်လည်း ဖြစ်မလာကြောင်း၊ ၎င်းကဲ့သို့ အရာရှိတစ်ဦးကို သြစတြေးလျနိုင်ငံမပို့နိုင်ပါက အခြားအဆင့်များကိုလည်း ပို့နိုင်စရာမရှိကြောင်း အစရှိသည့် စာသားများကို ၎င်းက ပြောဆိုနေသည်ကို တွေ့ရသည်။ 

“ခွင့်မဲ့ပြုလုပ်ပြီး CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဝင်ခဲ့တာ၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) အဖွဲ့ရဲ့ ခိုင်းစေတဲ့အတိုင်း လိမ်ညာပြောဆိုခဲ့တာတွေအတွက် ကြီးလေးတဲ့ပြစ်ဒဏ်တွေကို ချမှတ်ခံရမယ်ဆိုတာ သိပါတယ်” ဆိုသည့် စာသားများကို ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ညှိုးငယ်စွာဖြင့် ထိုရုပ်သံတွင် ပြောခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် တတိယနိုင်ငံတွင် ခိုလှုံခွင့်ရရန် စာရင်းဝင်ထားပြီးဖြစ်သည်ဟု ၎င်းနှင့် တွေ့ဆုံခဲ့ဖူးသူ နောက်တစ်ဦးက ဆိုသည်။ “သူက ဩစီသွားဖို့ ဖိုင်နံပါတ်ကျထားတဲ့ သူတွေထဲမှာ ပါတယ်။ မေလလောက်ထဲက ကျထားတယ်” ဟု ၎င်းက ပြောသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လိုသူ၊ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်တပ်၏ လုပ်ရပ်ကို လက်သင့်မခံနိုင်သူ၊ တော်လှန်ရေးကို အားတက်သရော ထောက်ခံသူမဟုတ်ကြောင်းကိုမူ ဘက်ပြောင်းလာကာစတွင် သတင်းဌာနအချို့ထံ ဖြေကြားချက်များအရ သိရသည်။

“စစ်ကောင်စီအောက်မှာ တာဝန်ထမ်းဆောင်နေရတာ အမေ့အိမ်ပြန်ဖို့တောင်မှ ခွင့်ပြန်လို့မရတော့တဲ့ အနေအထားတွေ။ အခုက ပြည်သူနဲ့ ပြန်တိုက်နေရတော့ ကိုယ်က အရင်ကတော့ စစ်သားပေါ့ အခုက သူပုန်ဖြစ်နေတယ်” ဟု အင်တာဗျူးတစ်ခုတွင် ဗိုလ်မှူးမျိုးမင်းထွန်းက ပြောခဲ့သည်။

CDM စစ်သားများဖြင့် စုဖွဲ့ထားသည့် ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊ People’s Soldiers Defense Force အဖွဲ့များက ဗိုလ်မှူးမျိုးမင်းထွန်း၏ လုပ်ရပ်ကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း ယနေ့ (အောက်တိုဘာ ၇) ရက်တွင် ကြေညာသည်။  

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းမှာ တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိ၊ စိတ်ဓာတ်ပျော့ညံ့ကာ အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်လိုစိတ်မရှိဘဲ အမှန်တရားကို မျက်ကွယ်ပြုသူဖြစ်သည်ဟု ထိုအဖွဲ့တို့က ဆိုသည်။ ထို့အပြင် NUG နှင့် CDM တို့ကို ကူညီထောက်ပံ့နေသည့် အဖွဲ့အစည်းများကို ထိုးနှက် တိုက်ခိုက်လိုသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်အတိုင်း လိမ်လည်ပြောဆို ဝါဒဖြန့်သူအဖြစ် ထိုအဖွဲ့တို့က သတ်မှတ်သည်။

အာဏာသိမ်းပြီး တစ်နှစ်ခွဲအတွင်း ဘက်ပြောင်းလာသည့် စစ်ကောင်စီတပ်သား ၃၅၀၀ ကျော်ရှိနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောထားသည်။ စစ်သား CDM များထဲတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးအတွင်း တစ်နည်းနည်းဖြင့် ပါဝင်သူများ၊ လွတ်မြောက်နယ်မြေ၊ ထိုင်းနိုင်ငံ၊ တတိယနိုင်ငံများတွင် ခိုလှုံနေထိုင်သူများရှိသည်။

၎င်းကဲ့သို့ အရာရှိတစ်ဦးအား သြစတြေးလျမပို့နိုင်သည်ကို ထောက်ရှုပါက ကျန်အဆင့်များလည်း နိုင်ငံခြားတွင် ခိုလှုံခွင့်မရရှိနိုင်ဟူသော သတင်းစကားအား ဗိုလ်မှုမျိုးမင်းထွန်းမှတစ်ဆင့် စစ်ကောင်စီက ထုတ်လွှင့်ခြင်းသည် ဖရိုဖရဲဖြစ်နေသော စစ်ကောင်စီတပ်မှ တပ်သားနှင့် အရာရှိများ ဆက်လက်၍ ဘက်ပြောင်းမည်ကို စစ်ကောင်စီက အလွန်အမင်းစိုးရိမ်နေကြောင်း ထင်ရှားသည့်အချက်ဖြစ်သည်။

“ဒါပေမဲ့ ကိုယ်တိုင်ကြုံတွေ့ရတဲ့ ပကတိအခြေအနေမှန်တွေအရ အသိတရားရခဲ့လို့ ဘယ်သူရဲ့ တိုက်တွန်းချက်မှ မပါဘဲ နိုင်ငံတော်နဲ့ တပ်မတော်က ပေးအပ်တဲ့ အပြစ်ကို ကြည်ဖြူစွာ ခံယူမယ်လို့ ဆုံးဖြတ်ခဲ့တာပါ” ဟု ၎င်းက ဆက်ပြောခဲ့သည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းသည် ကျောက်ကြီးတပ်နယ်တပ်ရင်းတွင် တပ်ရင်းမှူးအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ မတ်လတွင် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၅ နယ်မြေ၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိသို့ တိမ်းရှောင်၍ ဘက်ပြောင်း ခိုလှုံသည်။

ဖာပွန်မှ ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ရောက်ရှိနေထိုင်စဉ်အတွင်း စိတ်ညစ်ညူးနေဟန်ရှိသည့် ဗိုလ်မှူးမျိုးမင်းထွန်းက အခန်းအတွင်း၌သာ အချိန်ကုန်ခဲ့သည်ဟု ထိုစဉ်က အနီးကပ်ရှိဖူးသူအချို့က ပြန်ပြောပြသည်။

ထို့နောက် ဘက်ပြောင်းလာပြီး ၆လဝန်းကျင်အကြာ စက်တင်ဘာတွင် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်း မဲဆောက်မှ ရုတ်တရက် ပျောက်သွားသည်။ အောက်တိုဘာ ၅ရက်တွင် လူမှုကွန်ရက်များ၌ ပြန့်နှံ့လာသည့် ရုပ်သံဖိုင်များတွေ့ရမှသာ စစ်ကောင်စီထံ ၎င်း ပြန်ရောက်သွားပြီဟု သိကြရသည်။

ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းကို စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာများတွင် အကျဉ်းသားတစ်ဦးသဖွယ် တွေ့မြင်ရသည်။

စစ်တပ်က အဆက်မပြတ်ဝင်ရောက်စီးနင်းကာ ရွာလုံးကျွတ်မီးရှို့ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေသော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဇာတိဖြစ်သူ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်း စိတ်ပြောင်းသွားခြင်းမှာ မိသားစု၊ ငွေကြေးအခက်အခဲကြောင့် ဖြစ်မည်ဟု ၎င်းနှင့် နီးစပ်သူအချို့က သုံးသပ်သည်။

“အဓိကက သူ့မှာ ပိုက်ဆံမရှိဘူး။ ပိုက်ဆံလည်း သူ့မှာ ပါလာတာမရှိဘူး။ ငွေကြေးရေးအတွက် သူ့မှာ ပြဿနာတော်တော်ရှိတယ်” ဟု တစ်ဦးက ပြောသည်။

ထို့အပြင် သူသည် ဘက်ပြောင်းလာသော အခြားစစ်သည်များကဲ့သို့ မိသားစု တစ်ပါတည်း ပါမလာသဖြင့် အထီးကျန်မှုကို ပိုမိုရင်ဆိုင်ခဲ့ရကြောင်း၊ တတိယနိုင်ငံသို့ သွားရောက် ခွင့်ရရန် ကြန့်ကြာနေသဖြင့် စိတ်ဓာတ်ကျသွားခြင်းဖြစ်နိုင်ကြောင်း  ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းနှင့် မဲဆောက်တွင် အတူနေထိုင်ဖူးသူတို့ထံမှ သိရသည်။

သို့ရာတွင် စစ်တပ်ကို CDM ပြုလုပ်ပြီး သြစတြေးလျနိုင်ငံတွင် ခိုလှုံနေထိုင်နေသူ ဗိုလ်ကြီးဟောင်းတစ်ဦးကမူ တတိယနိုင်ငံကို သွားရန်စောင့်ဆိုင်းနေရသဖြင့် စိတ်ညစ်ပြီး CDM ဒုဗိုလ်မှုးကြီး ပြည်တွင်းသို့ပြန်ဝင်သည်ဆိုသော ထိုပြောဆိုချက်များသည် ယုတ္တိမရှိဟု သုံးသပ်သည်။ CDM ပြုလုပ်ပြီးနောက် စစ်တပ်လက်ထဲသို့ ပြန်လည်ရောက်ရှိပါက မည်မျှအတိဒုက္ခရောက်မည်ကို  ဒုတိယဗိုလ်မှူးကြီးတစ်ဦးအဆင့်အနေဖြင့် သိရှိမည်ဖြစ်ကြောင်း ၎င်း၏ မိဘများ သို့တည်းမဟုတ် အခြားအနားကပ်မိသားစုဝင်များကို ဖမ်းဆီးအကျပ်ကိုင်၍သော်လည်းကောင်း သို့တည်းမဟုတ် ထိုင်းအာဏာပိုင်များ၏ အကူအညီဖြင့် ၎င်းကို မြန်မာဘက်သို့လွှဲပြောင်းပေးခြင်း နည်းလမ်းနှစ်မျိုးသာ ဖြစ်နိုင်သည်ဟု တပ်မတော်စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးတွင် တာဝန်ထမ်းဆောင်ခဲ့သည် CDM ဗိုလ်ကြီးက ပြောဆိုသည်။ 

“သူလို့ တပ်ရင်းမှုးတစ်ယောက်တောင် CDM လုပ်ပြီး တပ်က ထွက်တယ်ဆိုရင် ကျန်တဲ့အဆင့်တွေကလည်း အလွယ်တကူပိုပြီးလာနိုင်တယ်။ ဒါကို စစ်ကောင်စီက တော်တော်စိုးရိမ်ပြီး သူ့ကို မရရတဲ့နည်းနဲ့ ပြန်ဖမ်းဖို့ ကြိုးစားတယ်လို့ပဲ မြင်တယ်” 

“သူ့ကို စံနမူနာပြအနေနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးပြီး တပ်တွင်းမှာ ဒီလိုအပြစ်ပေးတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် လုပ်လိမ့်မယ် ထင်တယ်” ဟု အမည်မဖော်လိုသူ သြစတြေးလျရောက် ဗိုလ်ကြီးက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button