သတင်း

စစ်တပ် တပ်စွဲထားသည့် မိုးဗြဲတွင် ပစ်သတ်ခံရသူ ၁၃ ဦးထက်မနည်း ရှိလာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ရပ်ကွက်များအတွင်း စစ်တပ် ဝင်ရောက်တပ်စွဲထားစဉ် အရပ်သား ၁၃ ဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံထားရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မိုးဗြဲမြို့ရှိ ဘုန်းကြီးကျောင်းအချို့နှင့် ရပ်ကွက်တိုင်းနီးပါး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက မေ ၂၇ မှ ဇွန် ၉ အတွင်း လမ်းပေါ်တွင် တွေ့ရသူများ၊ နေအိမ်အတွင်း ရှိနေသူများကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ ပုဂ္ဂိုလ်များက ဆိုသည်။

၁၃ ဦးသည် မြို့ပေါ် စည်ကား (၂) ရပ်ကွက်တွင် ပစ်ခတ်သတ်ဖြတ်ခံရခြင်း ဖြစ်ပြီး ထိုအထဲတွင် အသက်မပြည့်သေးသူ နှစ်ဦး ပါဝင်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတို့က Myanmar Now ကို အတည်ပြုကြသည်။

မေ ၂၇ ရက် မွန်းလွဲပိုင်းတွင် အသက် ၆၀ ခန့်အရွယ် ဦးစိန်မောင်ဆိုသူ ၎င်း၏ တောင်ယာမှ ထွန်စက်မောင်းပြီး ပြန်လာစဉ် ပစ်ခတ်ခံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“စက်မောင်းရင်းတန်းလန်းနဲ့ ရင်ဘတ် ကျည်မှန်တယ်။ ပြီးတော့ အဲဒီနေရာမှာ လဲတယ်။ ပြီးတော့ သူ့စက်က မြောင်းထဲ ထိုးကျသွားတာပေါ့” ဟု လဲကျနေသည့် ရုပ်အလောင်းကို မျက်မြင်တွေ့သူ အထက်ပါအမျိုးသားက ပြောသည်။

၁၉ နှစ်နှင့် ၁၆ နှစ်အရွယ် ညီအစ်ကိုနှစ်ဦးမှာ ဇွန် ၈ မွန်းလွဲပိုင်း နေအိမ်တွင် ရှိနေစဉ် ပစ်သတ်ခံရသည်။

ဇွန် ၉ ညပိုင်းတွင်လည်း အသက် ၆၀ ခန့်အရွယ် ဗေဒင်ဆရာ ဦးအေးဝင်းနှင့် ၎င်း၏ သမီးနှစ်ဦး နေအိမ်တွင် ရှိနေစဉ် ပစ်သတ်ခံရသည်။ သမီးကြီးမှာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး သမီးငယ်မှာ ၁၅ နှစ်ဝန်းကျင်ဖြစ်ကြောင်း သိရသည်။

အထက်ပါ ၆ ဦးမှာ မည်သူမည်ဝါဖြစ်သည်ကို ဒေသခံတို့ အတည်ပြုနိုင်သည့် သေဆုံးမှုများ ဖြစ်သည်။

ထို့ပြင် စစ်ကောင်စီတပ်စွဲထားသည့် စည်ကား (၂) ရပ်ကွက် လယ်တီဘုန်းကြီးကျောင်းအနီး အမျိုးသား ၆ လောင်းနှင့် ဘုန်းကြီးကျောင်းဝင်ပေါက်တွင် ကျား၊ မ အတည်မပြုနိုင်သည့် ပုပ်ပွနေသော အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း ဒေသခံအခြားတစ်ဦးက ဆိုသည်။

“ပစ်သတ်ခံရတာ ဦးခေါင်းမှာ များတယ်။ ဆိုင်ကယ်နဲ့ ကောင်လေးတစ်ဦးဆိုလည်း ရင်ဘတ်တွေမှာ ထိတာပေါ့။ ပြီးမှ ခေါင်းပွင့်တယ်။ အလောင်းတော်တော်များများ ဦးခေါင်းထိတယ်” ဟု ၎င်းက ပြောသည်။

မိုးဗြဲမြို့ အခြားရပ်ကွက်များတွင်လည်း စစ်ကောင်စီက သတ်ဖြတ်ထားသူများနှင့် လက်နက်ကြီး ထိမှန်သဖြင့် သေဆုံးသူများ ရှိနိုင်ကြောင်း၊ အရပ်သားများ ဝင်ခွင့်မရသည့်အတွက် ထိုရပ်ကွက်အတွင်း အခြေအနေများကို မသိရကြောင်း သူက ဆိုသည်။

လက်နက်ငယ်ဖြင့် ပစ်သတ်ခံရသူများအပြင် မေ ၂၇ မှ ၂၉ အတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်သဖြင့် ကလေး ၂ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့သည်။

ထို့ကြောင့် စစ်တပ်က နယ်မြေ ခြေကုပ်ရယူနိုင်ရေးအတွက် မေလ နောက်ဆုံးပတ်ကတည်းက ကြိုးပမ်းနေသော မိုးဗြဲမြို့တွင် နှစ်ပတ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် သေဆုံးသူ ၂၁ ဦးထက်မနည်း ရှိသည်။

နှစ်ဖက်တပ်များ အဝင်အထွက်ရှိနေသော ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ကို ရနိုင်ရန် စစ်တပ်က ကြိုးပမ်းနေပြီး ယခု မြို့အတွင်း တပ်စွဲကာ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်နေသလို ဒေသအခြေစိုက် တော်လှန်ရေးတပ်များ၊ နယ်မြေထိစပ်နေသော ကရင်နီဒေသမှ ပူးပေါင်းတပ်များနှင့် တိုက်ပွဲ ဆက်တိုက်ဖြစ်နေသည်။

တိုက်ပွဲများ မကြာခဏဆိုသလိုဖြစ်နေသော မိုးဗြဲမြို့တွင် ဒေသခံများက ထွက်မပြေးဘဲ နေအိမ်များအတွင်း၌သာ နေထိုင်ကြသော်လည်း စစ်တပ်ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ဒေသခံ တစ်သောင်းကျော် နေရပ်စွန့် ထွက်ပြေးနေရသည်။

ယမန်နှစ် နှစ်ဆန်းက တွေ့ရသော ကရင်စစ်ရှောင်တချို့။ (ဓာတ်ပုံ- -ခွန်လှဉာဏ်/Myanmar Now)

ဘုန်းကြီးကျောင်းတွင် တပ်စွဲသည့် စစ်ကောင်စီ

ဇွန်လဆန်းပိုင်းတည်းက လယ်တီဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် နောက်ထပ် ဘုန်းကြီးကျောင်းတစ်ခုတွင် နေရာယူထားကြောင်း ထိုကျောင်းမှ ထွက်ပြေးလာသူတစ်ဦးက ပြောသည်။

ဇွန် ၇ ည ၁၁ နာရီခန့်တွင် မိုးဗြဲမြို့ လင်္ကာရဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ စစ်သား ၁၀၀ ဝန်းကျင် ရောက်လာသည်ဟု ထိုကျောင်း၌ ခိုလှုံရန် ရောက်ရှိနေသော အထက်ပါအမျိုးသားက ဆိုသည်။

“သေနတ်သုံးချက်ဖောက်ပြီး တံခါးအတင်းဖွင့်ခိုင်းတယ်။ ဦးဇင်းတစ်ပါး ဆင်းဖွင့်တယ်။ ကျွန်တော်တို့ မနက်ရောက်မှ (စစ်သားတွေ) တွေ့တယ်။ အိပ်နေတာ ကျွန်တော်တို့ ခြေရင်းနားမှာ။ ဟိုကြားထိုး ဒီကြားထိုး အိပ်နေတာပဲ တွေ့တယ်။ (အရပ်သားတွေကြားမှာ) ရောနေတာ” ဟု သူက ပြောပြသည်။

ထိုနေ့နံနက်ပိုင်းကမှ မိုးဗြဲမြို့ခံ စစ်ဘေးရှောင်များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသားများ စုစုပေါင်း ၃၀၀ ဝန်းကျင်သည် ထိုကျောင်းသို့ ခိုလှုံရန် ရောက်နေကြခြင်းဖြစ်သည်။

နောက်တစ်နေ့ (ဇွန် ၈) တွင် လူဦးရေ ၁၀၀ ခန့်နှင့် ဇွန် ၁၀ နံနက်တွင် ၂၀၀ ခန့်သည် ကျောင်းကို စွန့်ခွာခဲ့ရသည်ဟု ဆိုသည်။

စစ်သားများက ကျောင်းတွင် တစ်ရက်သာ စခန်းချမည်ဟု ပြောသော်လည်း ဆက်လက် စခန်းချ နေထိုင်ကြသဖြင့် ထိုကျောင်းတွင် ရှိနေသူတို့၏ လုံခြုံရေး ထိလိုက်လာသည်။

“ခြိမ်းခြောက်တာတော့ မရှိဘူး။ ဆရာတော်က သူတို့ကို ဒီမှာမနေနဲ့ ပြောတာ။ တစ်ရက်ပဲ သူတို့ ပြောပြီး တစ်ရက် တစ်ရက်နဲ့ ကြာလာတော့ ဆရာတော်လည်း (ကျွန်တော်တို့ကို) အကုန်ပြန်ခိုင်းလိုက်တာ” ဟု ၎င်းက ဆိုသည်။

ကျောင်းထိုင်ဆရာတော်အပါအဝင် အားလုံး ကျောင်းကို စွန့်ခွာလာရပြီး ၎င်းကိုယ်တိုင်မှာလည်း ဇွန် ၁၀ တွင် စွန့်ခွာထွက်ပြေးလာသည်ဟု ဆက်ပြောသည်။

မိုးဗြဲမြို့တွင် အရပ်သားများ သတ်ဖြတ်ခံရသည့်အပြင် လူပျောက်သတင်းများလည်း ထွက်ပေါ်နေပြီး အမျိုးသား ၆ ဦး ပျောက်နေကြောင်း၊ စစ်ကောင်စီတပ်စွဲထားသည့် လယ်တီဘုန်းကြီးကျောင်းတွင် လူငယ် ၃ ဦး အဖမ်းခံထားရပြီး သေသည် ရှင်သည် မသိရကြောင်း အထက်ပါ မြို့ခံများက ပြောသည်။

လက်ရှိတွင်မူ မိုးဗြဲမြို့ပေါ်တွင် လူမရှိသလောက် ဖြစ်နေပြီး ဈေးဆိုင်ခန်းများလည်း ပိတ်ထားကာ မိုးဗြဲဈေးထဲတွင်မူ နံနက် ၇ နာရီခန့်မှ ၉ နာရီခန့်အထိ ကုန်စိမ်းရောင်းသည့် ဈေးသည် ၁၀ ဦးခန့်ရှိသည်။

စစ်ကောင်စီဘက်က ရပ်ကွက်များ၊ ဘုန်းကြီးကျောင်းများတွင် နေရာအနှံ့ တပ်စွဲထားပြီး တော်လှန်ရေးတပ်များက မြို့ပြင်နေရာအချို့တွင် ရှိနေသည်။

ယမန်နေ့ (ဇွန် ၁၁) ကလည်း တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံးသလို မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) မှ ၁ ဦး၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ် (၃) တပ်ရင်းမှ ၂ ဦး၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့မှ ၁ ဦး သေဆုံးခဲ့ကြောင်း MBPDF က သတင်းထုတ်ပြန်သည်။

မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် အနီးတစ်ဝိုက် အသွားအလာများ မပြုလုပ်ကြရန်၊ မိုးဗြဲ-ပီကင်း လမ်းကို ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန်လည်း ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button