လွန်ခဲ့သည့် သုံးနှစ်ခန့်ကဖြစ်ပျက်ခဲ့သည့် ငါးထောင်တန် နှင့် တစ်သောင်းတန်ငွေစက္ကူများကို ဗဟိုဘဏ်တွင် ပြန်လဲလှယ်ရမည်ဆိုသော သတင်းကို ငါးထောင်တန်၊ တစ်သောင်းတန်များကို ဗဟိုဘဏ်က ပြန်သိမ်းတော့မည်ဟု ရေးသားကာ သတင်းမှားများ ဖြန့်နေကြသည်။
ဗဟိုဘဏ်က ပြန်သိမ်းမည်ဟူသည့် သတင်းမှားသည် မေ ၁၇ မှစ၍ သတင်းမှားဖြန့် ဝင်ငွေရှာနေသည့် ဝက်ဘ်ဆိုက် cele.fastmyanmar.com မှ စတင်ပျံ့နှံ့လာခြင်းဖြစ်သည်။ ၁၈ နှင့် ၁၉ ရက်များတွင်လည်း အလားတူ သတင်းမှားဖြန့်သည့် ဝက်ဘ်ဆိုက်များက ၎င်းသတင်းမှားအား ပြန်လည်ဖော်ပြကြတာ ပိုမိုပျံ့နှံ့စေခဲ့သည်။
ဗဟိုဘဏ်ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ရဲနိုင်ကို Myanmar Now က ဆက်သွယ်ရာ “ဟိုးအရင်တုန်းက ကျနော်တို့ရဲ့ ညွှန်ကြားရေးမှူးချုပ်ပြောထားတာကတော့ ပြန်သိမ်းမယ်ဆိုတာကလဲ မသုံးရဘူးဆိုပြီးတော့ သိမ်းတာလဲမဟုတ်ဘူး။ အဟောင်းတွေကိုလာပြီး လဲပေးပါဆိုပြီးပဲ ညွှန်ကြားရေးမှူးချုပ်က ပြောတယ်။ အခုလည်းပဲ ကျနော်တို့ အဲ့လိုမျိုးပဲဆက်ပြီး ဆောင်ရွက်နေတာပါ” ဟု ဖြေကြားသည်။
ရန်ကုန်အခြေစိုက် News Watch သတင်းဌာနက ၂၀၁၇ ဇွန် ၁၃ တွင် ဖော်ပြခဲ့သော “ငါးထောင်တန်၊ တစ်သောင်းတန် ငွေစက္ကူပုံစံဟောင်းများ ဗဟိုဘဏ်မှပြန်သိမ်းနေ” ဆိုသည့်သတင်းကို “ငါးထောင်တန် တစ်သောင်းတန် ငွေစက္ကူများကို ဗဟိုဘဏ်မှပြန်သိမ်းတော့မည်” ဟု ခေါင်းစဉ်ပြောင်းရေးသားကာ လက်ရှိဖြစ်ပျက်နေသယောင် ရေးသား ဖြန့်ဝေနေခြင်းဖြစ်သည်။
News Watch သတင်းတွင် ၂၀၁၂ တွင် ပထမဆုံးရိုက်နှိပ်ခဲ့သည့် တစ်သောင်းတန်ငွေစက္ကူနှင့် ၂၀၁၄ ခုနှစ်တွင် အသစ်ပြောင်းလဲထုတ်ဝေခဲ့သော ငါးထောင်တန်ငွေစက္ကူများအား လုံခြုံရေးအားနည်းချက်ကြောင့် ပုံစံသစ်များထုတ်ဝေပြီး ငါးထောင်တန်နှင့် တစ်သောင်းတန် ငွေစက္ကူပုံစံဟောင်များအား ပုံစံအသစ်ဖြင့် ဒီဇိုင်းပြောင်းလဲလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ငါးထောင်တန် နှင့် တစ်သောင်းတန် ငွေစက္ကူ ဒီဇိုင်းအသစ်ရော အဟောင်းပါ အသုံးပြု၍ရကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေရေးကြေးရေး၊ သတင်းစစ်ဆေးရေးနှင့် လေ့လာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်း၏ ပြောကြားချက်ကိုလည်း မူရင်းသတင်းတွင် တွေ့ရသည်။
မူရင်းသတင်းခေါင်းစဉ်တွင် ပါဝင်သော ” ငွေစက္ကူပုံစံဟောင်းများ” ဆိုသည့်အစား “ငွေစက္ကူများ” ဟူ၍လည်းကောင်း မူရင်းသတင်းတွင်ပါဝင်သော “ဗဟိုဘဏ်မှ ပြန်သိမ်းနေ” ဆိုသည့်အစား “ဗဟိုဘဏ်မှ ပြန်သိမ်းတော့မည်” ဟူ၍လည်းကောင်း ရည်ရွယ်ချက်ရှိရှိ ရေးသားထားသည်။ သို့သော် ကျန်သတင်းအချက်အလက်များနှင့် သတင်းရေးသားသူအမည်ကို မူရင်းသတင်းတွင်ပါဝင်သည့်အတိုင်း ကူးချဖော်ပြထားပြန်သည်။

ယင်းသတင်းမှားကို သတင်းမှားဖြန့်ဝင်ငွေရှာလျက်ရှိသော ဝက်ဘ်ဆိုက်များဖြစ်သည့် cele.mmexpress.net/, itechmedia.info/blogs/, shwethoon8.club/articles/, shwepyiaye.com, shweman.website, yatasone.website/ စသည့်ဝက်ဘ်ဆိုက်များအပြင် အသစ်ပေါ်လာသော သတင်းမှားဝက်ဘ်ဆိုက်များဖြစ်သည့် cele.fastmyanmar.com, apannpyay.com, chitsakar.com, padaethar.com, onlinehartha.com/, ska-media.website/, lucky7media.com စသည်တို့မှ ဖြန့်ဝေခဲ့ကြပြီး ၎င်းတို့နှင့် ဆက်စပ်လျက်ရှိသည့် Facebook Group များနှင့် Page များမှတဆင့် လူမှုကွန်ရက်ပေါ်ရောက်ရှိလာအောင် ဖြန့်ဝေခဲ့ကြသည်။
အဆိုပါသတင်းမှားကို cele.fastmyanmar.com က မေ ၁၇ တွင် စတင်ဖြန့်ဝေခဲ့ပြီး ၎င်းနှင့်ဆက်စပ်နေသည့် Facebook Group နှင့် Page ၁၀ ခုတွင် ပျံ့နှံ့ခဲ့သည်။ လူဦးရေသိန်းချီရှိသည့် နေ့စဉ်သတင်းစုံ ၊ မှုခင်းနှင့်သတင်းစုံ စသည့် Facebook Group များထဲသို့ Than Naing Soe နှင့် Winko Winko စသည့် Account များက ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
ထို့ပြင် သတင်းမှားဖြန့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော chitsakar.com မှ မေ ၁၈ တွင် ထပ်မံဖြန့်ဝေခဲ့ပြီး ၎င်းဝက်ဘ်ဆိုက်နှင့် ဆက်စပ်လျက်ရှိသည့် Facebook Group နှင့် Page ပေါင်း ၁၅ ခုမှ လူမှုကွန်ရက်ပေါ်ရောက်ရှိလာအောင် ဖြန့်ဝေခဲ့ကြသည်။ ယင်း Facebook Group နှင့် Page များထဲတွင် တစ်ခုပါဝင်သော ဖော်လိုဝါ ၃ သောင်းကျော်ရှိသည့် မြန်မာသတင်းထူးသတင်းဦးများ Page မှလည်း ဖြန့်ခဲ့သေးသည်။
အလားတူအဆိုပါသတင်းမှားအား သတင်းမှားဖြန့်ဝင်ငွေရှာလျက်ရှိသည့် ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော shwepyiaye.com ဝက်ဘ်ဆိုက်နှင့် Fashion လေးများဆုံစည်းရာ ဆိုသည့် ဖော်လိုဝါ ၁ သန်းကျော်ရှိသည့် Facebook Page ကလည်း သတင်းမှားကို ဖြန့်ခဲ့သည်။
ထိုသတင်းမှားကိုပင် သတင်းမှားဖြန့်ရန် ရည်ရွယ်၍ အနုပညာရှင်အမည်များအသုံးပြုကာ ဖွင့်လှစ်ထားသည့် Facebook Page များဖြစ်သော Aye Mya Phyu, Pyay Thi Oo, Thin Zar Wint Kyaw, မြင့်မြတ်, မေသက်ထားဆွေ, Esther Dawt Chin Sung, Aye Mya Phyu Page များကလည်း တဆင့် ပြန်လည်ဖြန့်ဝေခဲ့ကြသည်။




