သတင်း

မိုးဗြဲမြို့တွင် တစ်ရက်အတွင်း အရပ်သား သုံးဦး အသတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့တွင် ယမန်နေ့ (ဇွန် ၆) က စစ်ကောင်စီတပ် ပစ်ခတ်သဖြင့် အရပ်သား သုံးဦး သေဆုံးခဲ့သည်။

မိုးဗြဲမြို့ စည်ကား (၂) ရပ်ကွက်၊ လယ်တီဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အမျိုးသားနှစ်ဦးကို တောင်ယာသွားသည့်လမ်းတွင် ပစ်သတ်လိုက်ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်၌ အမျိုးသားတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးကြောင်း ဒေသတွင်း စစ်မြေပြင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေသည့် Mobye Rescue Team ထံမှ သိရသည်။

လက်နက်ကြီး ထိမှန်သေဆုံးသည့် အမျိုးသားမှာ ကွက်သစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အသက် ၄၀ ခန့် ရှိကြောင်း၊ ကျန်အမျိုးသားနှစ်ဦးကိုမူ အသက်အရွယ် မသိရကြောင်း Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနက်ပိုင်း (ပစ်ခံရလို့ သေတဲ့) တစ်ယောက်ကတော့ (အလောင်း) ရပြီ။ ညနေပိုင်းတစ်ယောက်ကတော့ အလောင်းမရသေးဘူး ပစ်ကွင်းဖြစ်နေလို့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရက်များအတွင်းကလည်း စစ်ကောင်စီ၏ လက်နက်ကြီး၊ လက်နက်ငယ်ကြောင့် ကလေး ၃ ဦး အပါအဝင် အရပ်သား ၉ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်နှင့် ရှမ်း၊ ကယား (ကရင်နီ) ပြည်နယ်များသို့ ချိတ်ဆက်ထားသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် ခြေကုပ်ယူနိုင်ရေးအတွက် မေ ၂၇ ကတည်းက စစ်တပ်က စစ်ကြောင်းထိုးနေသည်။

ထို့နောက် ဇွန် ၅ ရက်နေ့တွင် အင်အား ၁၀၀ ကျော် ဖြည့်တင်းလိုက်ပြီး မြို့ပေါ်ရပ်ကွက်များတွင် အင်အား ၃၀ ခန့်စီဖြင့် တပ်စွဲခဲ့သည်။

ယင်းနေ့မှာပင် မြို့အတွင်း စစ်ကောင်စီတပ်သည် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF B-01)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF B-03)၊ မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့နှင့် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀ ဦးခန့် သေဆုံးသလို တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း မိုးဗြဲ PDF ထံမှ သိရသည်။

မိုးဗြဲမြို့တွင် အင်တာနက်နှင့် လျှပ်စစ်မီး ဖြတ်တောက်ခံထားရပြီး မြို့ခံအားလုံးနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီဖြစ်ကြောင်း အသက် ၂၀ ကျော်အရွယ် စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဝေးရာသို့ ထွက်မပြေးနိုင်သူများကမူ မြို့ထဲရှိ ဘုန်းကြီးကျောင်းများတွင် ပုန်းအောင်းနေရကြောင်း ၎င်းက ဆိုသည်။

“တစ်မြို့လုံး ဘယ်သူမှ သိပ်မရှိတော့ဘူး။ ဆိုင်ကယ်တွေ မရှိတဲ့လူတွေ၊ ကားတွေ မရှိတဲ့လူတွေက ဘုန်းကြီးကျောင်းထဲမှာပဲ နေရတယ်” ဟု ၎င်းက ဆက်ပြောသည်။

မြို့တွင်းရှိ ရပ်ကွက်တိုင်းလိုလိုတွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည်၊ ဈေးဆိုင်များလည်း ပိတ်ထားရပြီး တစ်မြို့လုံး တိတ်ဆိတ်နေသည်ဟု ဆိုသည်။

ဒေသခံတချို့မှာ လုံခြုံသည့်နေရာများသို့ သွားရောက်ရန် အခြေအနေမပေးသေးဟု Mobye Rescue Team တာဝန်ရှိသူက ပြောသည်။

“ဒီနေ့ တိုက်ပွဲတော့ မဖြစ်ဘူး။ ဒါပေမဲ့ လက်နက်ကြီးတွေ ထုလာတာရှိတယ်။ ဒီတစ်ခေါက်တော့ ပြည်သူတွေ တော်တော်ကို ရှောင်ကြပြီ။ ရှောင်ဖို့ အခက်အခဲရှိတဲ့သူတွေလည်း အများကြီးရှိတယ်” ဟု သူက ပြောသည်။

“မိုးဗြဲကျတော့ ကျွန်တော်တို့ ကရင်နီပြည်ရဲ့ ဝင်ပေါက်လိုဖြစ်နေတယ်။ ရိက္ခာအရရော စစ်ရေးအရရော နိုင်ငံရေးအရရော အရေးကြီးတဲ့နေရာဖြစ်နေတော့ ကူညီနိုင်တဲ့အဖွဲ့တွေလည်း မိုးဗြဲကို အာရုံစိုက်ပေးကြဖို့ပေါ့”

ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များပါ အဝင်အထွက်ရှိသော မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသဖြင့် မိုးဗြဲမြို့တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် အနီးတစ်ဝိုက်တွင် အသွားအလာမပြုလုပ်ရန်၊ လွိုင်ကော်-ပင်လောင်း လမ်းမကြီးကို အသုံးမပြုရန် အမှတ် (၁၀၀၁)၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက မိုးဗြဲမြို့ တိုက်ပွဲအခြေအနေ၊ အရပ်သားသေဆုံးမှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိပေ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button