
လူပုဂ္ဂိုလ်အချင်းချင်း မသင့်မြတ်တိုင်း အသုံးချခံနေရသည့် ဥပဒေအဖြစ်မှသည် ပြည်သူ့လွတ်လပ်ခွင့်ကို ချိုးဖောက်သည့် တာဝန်ရှိသူကိုသာ အရေးယူနိုင်သည့် ပြည်သူကိုအကာအကွယ်ပေးသည့် ဥပဒေဖြစ်လာအောင် အငြင်းပွားဥပဒေတစ်ခုကိုပြင်ဆင်ရန် အမျိုးသားလွှတ်တော်က အင်္ဂါနေ့တွင် အဆိုပြုလိုက်သည်။
ယင်းသည် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ) ကို ပြင်ဆင်သည့်ဥပဒေကြမ်းကို မူလအစပြုတင်သွင်းရာ ပြည်သူ့လွှတ်တော်နှင့် သိသာကွဲပြားသော ချဉ်းကပ်ပုံကို အမျိုးသားလွှတ်တော်က ပြသလိုက်ခြင်းလည်း ဖြစ်သည်။
ပြည်သူလူထုအပေါ် အာဏာပိုင်များက မတရားမပြုကျင့်နိုင်စေရန် ရည်ရွယ်ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံ သည် သက်တမ်း သုံးနှစ်အတွင်း မူလရည်ရွယ်ချက်မှသွေဖည်ကာ လူပုဂ္ဂိုလ်ကိုမကျေနပ်တိုင်း တရားစွဲရန်အသုံးပြုသည့် ဥပဒေဖြစ်လာခဲ့ကြသဖြင့် ယင်းကိုပြင်ဆင်ရန် ပြည်သူ့လွှတ်တော်က စတင်အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီလအတွင်း ပြင်ဆင်ရန် အဆိုပြုဆွေးနွေးစဉ်က နိုင်လွတ်လုံဖြင့် တရားစွဲရာတွင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်ယူရန်နှင့် ဥပဒေပြစ်မှုများကို အာမခံပေးနိုင်သော ပုဒ်မများအဖြစ် သတ်မှတ်ရန်စသည့် ဖြည့်စွက်ချက်များထည့်သွင်းရန် အဓိက ပါဝင်ခဲ့ကြသည်။
သို့သော် ထိုဥပဒေကြမ်းသည် အမျိုးသားလွှတ်တော်သို့ ရောက်သည့်အခါ ထို့ထက်မကပြင်ဆင်လိုသည့်ဆန္ဒကို တွေ့ရသည်။ ပြည်သူအချင်းချင်း တရားစွဲနိုင်သလိုဖြစ်နေရာမှ ပြည်သူအပေါ် မတရားအနိုင်ကျင့်သည့် အာဏာပိုင်တို့ကို ပြန်တရားစွဲနိုင်သည့် ဥပဒေသာဖြစ်ရေးအတွက် ပိုမိုတိကျသောဘောင်တစ်ခုအတွင်းသို့ သွတ်သွင်းလိုကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း၏ တင်သွင်းချက်တွင် တွေ့ရသည်။
‘နိုင်လွတ်လုံ’ ဥပဒေကို လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မတ်လတွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်ကကဲ့သို့ နိုင်ငံသားများ နောက်ယောင်ခံ စောင့်ကြည့်ခံရခြင်း၊ ဖုန်းဆက်သွယ်မှု ကြားဖြတ်နားထောင်ခံရခြင်း စသည့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ထိပါးခံရမှုများမှ ကာကွယ်ပေးရန် ရည်ရွယ်၍ ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ရှင်းပြခဲ့ကြသည်။
သို့သော် ထိုဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်း အာဏာပိုင်က ပြည်သူကိုဖြစ်စေ၊ ပြည်သူအချင်းချင်းဖြစ်စေ မိမိကို ပုတ်ခတ်ပြောဆို၊ ရေးသားသည်ဟု ခံစားရတိုင်း အထူးသဖြင့်ထိုဥပဒေပုဒ်မ ၈(စ)ဖြင့် တရားစွဲလာကြသည်။
ပုဒ်မ ၈(စ)တွင် နိုင်ငံသားတစ်ဦး၏ ပုဂ္ဂိုလ်ဆိုင်ရာ၊ မိသားစုရေးရာ ကိစ္စများတွင် အဓမ္မဝင်ရောက် စွက်ဖက်ခြင်း သို့မဟုတ် လူတစ်ဦး၏ ဂုဏ်သိက္ခာနှင့် ထင်ပေါ်ကျော်ကြားမှုကို ပုတ်ခတ်ခြင်း သို့မဟုတ် ထိခိုက်စေရန် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းမပြုရဟု တားမြစ်ထားသည်။
ယင်းပုဒ်မတွင် တစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်း မပြုရဆိုသဖြင့် လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုခြင်းအပါအဝင် တိုင်စာပေးပို့ရာတွင် သုံးနှုန်းသည့် စကားလုံးများကအစ ပုဒ်မ ၈(စ)တွင် အကျုံးဝင်ပြီး တရားစွဲဆိုမှု ပြုလုပ်နိုင်နေခြင်းဖြစ်သည်။
လွတ်လပ်စွာထုတ်ဖော်ခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေသည့် ‘အသံ’ အဖွဲ့၏ မှတ်တမ်းများအရ နိုင်လွတ်လုံဥပဒေစတင်ပြဋ္ဌာန်းသည့် ၂၀၁၇ မတ်လမှ ယနေ့အထိ အဆိုပါ ဥပဒေ ကိုအသုံးပြု၍ တရားစွဲမှုပေါင်း ၅၄ မှုရှိပြီး ယင်းအတွင်း အစိုးရနှင့်လွှတ်တော်အမတ်များက ပြည်သူကိုစွဲဆိုသည့် အမှု ၁၂ မှုပါဝင်သည်။

ပြည်သူ့လွှတ်တော်တွင် ထိုဥပဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း ဖေဖော်ဝါရီလအတွင်း တင်သွင်းစဉ်ကမူ ပုဒ်မ ၈ ထက် ပုဒ်မ ၁၀ ကိုအဓိကထား ပြင်ရန်ကြိုးပမ်းခဲ့ကြသည်။ ပုဒ်မ ၁၀ အရ ရဲစခန်းသို့အမှုလာဖွင့်သည့်အခါ ရဲက အမှုမဖွင့်ပေးပါက အရေးယူခံရနိုင်သဖြင့် မဖြစ်မနေအမှုဖွင့်ပေးရန်လိုပြီး တိုင်ကြားခံရသူမှာလည်း အာမခံမရဘဲ အပြစ်ရှိရှိမရှိရှိ ဖမ်းဆီးချုပ်နှောင်ခံနေရသဖြင့် ပြည်သူ့လွှတ်တော်က အာမခံပေးနိုင်သည်ဟု ဖြည့်စွက်ပြင်ဆင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ပြစ်ဒဏ်ပိုင်းတွင်လည်း မူလထောင်ဒဏ်သုံးနှစ်အစား နှစ်နှစ်ဟုပြင်ဆင်ရန် ပြည်သူ့လွှတ်တော်က အဆိုပြုထားသည်။
သို့သော် အမျိုးသားလွှတ်တော်ကမူ ပြည်သူ့လွှတ်တော်နှင့်ကွဲလွဲစွာပင် ထိုဥပဒေကို ပြင်ဆင်ရန်ကြိုးပမ်းသည်။ နိုင်လွတ်လုံဥပဒေသည် ပြည်သူအချင်းချင်း တရားစွဲရာတွင် အကျုံးမဝင်စေရန်အထိပါ ရည်ရွယ်ပြင်ဆင်ရန် ကြိုးပမ်းခဲ့ကြောင်း တွေ့ရသည်။
“အရပ်ထဲမှာ သူသူငါငါ ဖြစ်နေတာတွေ နိုင်လွတ်လုံ သုံးလို့မရတော့အောင်ပါ” ဟု အမျိုးသားလွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက Myanmar Now ကို ပြောသည်။
မူလဥပဒေ ပုဒ်မ ၈ တွင် “မည်သူမျှ” ဆိုသည့်စကားရပ်နေရာတွင် “တာဝန်အရလုပ်ပိုင်ခွင့်ရှိသူ မည်သူမျှ” ဟူသည့်စာသားဖြင့် အစားထိုးရန် အဆိုပြုထားသည်။ ယခုကဲ့သို့ ပြင်ဆင်လိုက်ပါက အရပ်သားအချင်းချင်း တရားစွဲဆိုမှုပြုနိုင်တော့မည် မဟုတ်ဘဲ တာဝန်အရလုပ်ပိုင်ခွင့်ရှိသူများကိုသာ ပြန်လည်အမှုဖွင့်တရားစွဲနိုင်မည့် သဘောဖြစ်သွားသည်ဟု ဦးဇော်မင်းကပြောသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အရ ပြည်သူအချင်းချင်းတရားစွဲနိုင်မည် မဟုတ်တော့သည့်အတွက် ပြည်သူ့လွှတ်တော်ကအတည်ပြုလိုက်သော ပြင်ဆင်ချက်ဖြစ်သည့် ‘အာမခံပေးနိုင်သည်’ ဆိုသည့် ဖြည့်စွက်ချက်ကို ထည့်သွင်းဖို့မလိုတော့ဟု ဦးဇော်မင်းက ပြောသည်။
“ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီကိုကျွန်တော်တို့ ရှင်းပြမှာပါ။ ဒါကိုသိရင်သူတို့လည်း လက်ခံနိုင်မှာပါ” ဟု ၎င်းကပြောသည်။
ကော်မတီ၏အစီရင်ခံစာအပေါ် အမျိုးသားလွှတ်တော်အတွင်း ဆွေးနွေးဆုံးဖြတ်ရဦးမည်ဖြစ်ပြီး မည်သည့်နေ့ရက် တွင်ပြုလုပ်မည်ဆိုသည်ကိုမူ အတည်မပြုနိုင်သေးပေ။ ကော်မတီ၏အဆိုပြုချက်အတိုင်းသာ အမျိုးသား လွှတ်တော်က အတည်ပြုလိုက်ပါက ပြည်သူ့လွှတ်တော်နှင့် ပြန်လည်ညှိနှိုင်းရမည်ဖြစ်ပြီး သဘောကွဲလွဲပါက ပြည်ထောင်စုလွှတ်တော်၌ အဆုံးအဖြတ်ခံယူရမည်ဖြစ်သည်။
နိုင်လွတ်လုံဥပဒေကိုပြန်ပြင်ရန် လွှတ်တော်များ၏ ကြိုးပမ်းမှုအပေါ် အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ ကဗျာဆရာမောင်ဆောင်းခက ကြိုဆိုကြောင်းပြောသော်လည်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရန်ဟူသော ဥပဒေပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်နှင့် ကွဲလွဲနေသေးကြောင်း ထောက်ပြသည်။
ယင်းသို့ပြင်ဆင်လိုက်မှုကြောင့် အရပ်သားအချင်းချင်းတရားစွဲနိုင်မှု မရှိတော့သော်လည်း အာဏာပိုင်များအနေဖြင့် ခွင့်ပြုချက်၊ ခွင့်ပြုမိန့်နှင့် ဝရမ်းများရှိပါက ယင်းဥပဒေကို အသုံးပြု၍ ပြည်သူလူထုကို ဖမ်းဆီးနိုင်မှု ရှိနေသေးသည့် သဘောဟု၎င်းကထောက်ပြသည်။ ယင်းဥပဒေ၏ သဘောမှာ ပြည်သူကိုအာဏာပိုင်များက မတရားလုပ်ခြင်းမှ ကာကွယ်ပေးရခြင်းမျိုးဖြစ်သည်ဟု မောင်ဆောင်းခက ဆိုသည်။
“ဖြေရှင်းချက်အမှန်တော့မဟုတ်သေးဘူး။ ပြည်သူအချင်းချင်းစွဲလို့မရအောင်ဆိုပေမယ့် အစိုးရကပြည်သူကို လုပ်နိုင်တာမျိုးဖြစ်နေသေးတယ်” ဟု ၎င်းက Myanmar Nowကိုပြောသည်။