သတင်း

ထောင် ၁၀ နှစ်ကျစေနိုင်သည့် စွဲချက်အပေါ် ဦးစိုးထွန်းရှိန်အယူခံတင်

ထောင် ၁၀ နှစ်အထိ ကျခံရနိုင်သည့်ပုဒ်မဖြင့် ရမည်းသင်းမြို့နယ်တရားရုံးက စွဲချက်တင်လိုက်မှုအပေါ် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ခရိုင်တရားရုံးတွင် အယူခံတင်ခဲ့သည်။

ဦးစိုးထွန်းရှိန်၏ ကုမ္ပဏီကို မိုးထိမိုးမိဒေသတွင် ရွှေသတ္တုတူးဖော်ခွင့်ရုပ်သိမ်းလိုက်ကြောင်း ၂၀၁၇ နိုဝင်ဘာတွင် အစိုးရကကြေညာခဲ့သော်လည်း ဆက်လက်တူးဖော်မှုကြောင့် သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အထွေထွေမန်နေဂျာ ဦးအေးဇော်က ဦးစိုးထွန်းရှိန်ပါ ၅ ဦးကို ၂၀၁၈ မတ်လတွင် ရမည်းသင်းမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအမှုကို ကြားနာစစ်ဆေးပြီးနောက် ရမည်းသင်းမြို့နယ်တရားရုံးက ဧပြီ ၂၇ တွင် ထောင်ဒဏ် ၁၀ နှစ်အထိ အများဆုံးကျခံရနိုင်သည့် သတ္တုတွင်းဥပဒေပုဒ်မ ၃၀-က ဖြင့် ဦးစိုးထွန်းရှိန်ကို စွဲချက်တင်လိုက်ခြင်းဖြစ်ပြီး ၎င်းက မေ ၅ တွင် ရမည်းသင်းခရိုင်ရုံးထံ ပြင်ဆင်မှုလျှောက်ထားခဲ့ရာ ခရိုင်တရားရုံးက ယမန်နေ့က (မေ ၁၈) စတင်ကြားနာခဲ့သည်။

“စွဲချက်တင်တဲ့အမိန့် မှန်ကန်ခြင်းရှိမရှိ စိစစ်သုံးသပ်ဖို့ပဲဖြစ်ပါတယ်။ ဇွန်လ ၁ ရက်မှာ နှစ်ဖက်ကြားနာမှုတွေ လုပ်ပြီး နောက်ထပ်ရုံးချိန်းကျရင် အမိန့်ချပါမယ်” ဟု ရမည်းသင်းခရိုင် တရားသူကြီး ဒေါ်သန်းဌေးက Myanmar Now ကို ပြောသည်။

ရမည်းသင်းအကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေသည့် တရားခံဦးစိုးထွန်းရှိန်ပါ ၅ ဦးမှာ မေ ၁၈ တရားခွင်သို့လာရောက်လာခြင်းမရှိဘဲ နှစ်ဖက်ရှေ့နေများသာ လာရောက်၍ အမှုလိုက်ပါဆောင်ရွက်ခွင့်ရရေး ရုံးလုပ်ငန်းကိစ္စများသာ ပြုလုပ်ခဲ့ကြသည်။

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီမှာ မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့်အတွက် နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ပမာဏကို ပေးသွင်းခြင်းမရှိသဖြင့် ၂၀၁၇ နိုဝင်ဘာလအတွင်း မိုးထိမိုးမိဒေသတွင် ရွှေသတ္တုထုတူးဖော်ခွင့် ရုပ်သိမ်းခံလိုက်ရသည်။

သို့သော် အမျိုးသားကြီးပွား တိုးတက်ရေးကုမ္ပဏီက ခွင့်ပြုချက်မရှိဘဲဆက်လက်လုပ်ကိုင်ခဲ့ပြီး ရွှေကြမ်း ၂၃ ဒသမ ၆ ကီလိုဂရမ်ကို ကျိုချက်ကာ ယင်းမှရရှိသည့် ရွှေစင် ၃ ပိဿာ၊ ၁၂ ကျပ်သား၊ ၁၀ ပဲ၊ ၃ ရွေး ထုတ်လုပ်ခဲ့မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု Myanmar Now က ခရိုင်တရားသူကြီးထံမှ ရရှိသောအချက်အလက်များအရ သိရသည်။

ဦးစိုးထွန်းရှိန်မှာ ယင်းအမှုအပြင် နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ရွှေစင်ပိဿာများ ပေးသွင်းမှုမရှိသည့်အတွက် မန္တလေးတိုင်းတရားလွှတ်တော်တွင်လည်း တရားရင်ဆိုင်နေရသေးသည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ မိုးထိမိုးမိ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းအတွက် မြေဧက ၆၁၀၀ ကျော်ပေါ်တွင် လုပ်ကိုင်ခွင့်ရခဲ့သည့် ဦးစိုးထွန်းရှိန်ကို နိုင်ငံတော်သို့ ရွှေစင် ၁၂၉၃ ပိဿာကျော် ပေးသွင်းရန်ပျက်ကွက်မှုဖြင့် အမှတ် (၂) သတ္တုတွင်းလုပ်ငန်းက မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ဦးစိုးထွန်းရှိန်၏ ရှေ့နေ ဒေါ်ခင်ခင်တော်ကမူ ရွှေကြွေးကျန်ကိစ္စမှာ မန္တလေးတိုင်းတရားလွှတ်တော်၌ တရားမမှုအဖြစ် ရင်ဆိုင်နေရကြောင်းပြောပြီး ၎င်း၏အမှုသည်သည် အထက်ပါအမှုနှစ်ခုအပြင် ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)ဖြင့်ပါ အမှုဖွင့်စစ်ဆေးခံနေရကြောင်း ပြောသည်။

“သတ္တုတွင်းပုဒ်မက ပြင်ဆင်ချက်တက်ထားတော့ လွတ်သွားမှာစိုးလို့ နောက်တစ်မှုထပ်စွဲဖို့လုပ်တာနဲ့တူပါတယ်” ဟု ဒေါ်ခင်ခင်တော်ကဆိုသည်။

ရဲက ပုဒ်မ ၆(၁)ဖြင့် အမှုထပ်မံစစ်ဆေးနေသည်ဆိုသောကိစ္စကို Myanmar Now ကစုံစမ်းသည့်အခါ ၎င်းထံတွင် ရဲတပ်ဖွဲ့က မေ ၂၂ အထိ ရမန်(ချုပ်နှောင်စစ်ဆေးခွင့်)ရယူထားသည်မှာ မှန်ကန်ကြောင်း ရမည်းသင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းမောင်ကအတည်ပြုသည်။

ရမန်ပြည့်သည့်နေ့တွင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည့် ယင်းပုဒ်မဖြင့် အမှုထပ်မံစွဲတင်ရန်ရှိမရှိကို ရမည်းသင်းခရိုင်တရားရုံးအတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းမှတ်တမ်းအဖွဲ့ရုံးနှင့် ရမည်းသင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး တို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရခဲ့ပါ။

ဒေါ်ခင်ခင်တော်၏ ပြောပြချက်အရ ပုဒ်မ ၆(၁)ဖြစ် စစ်ဆေးခံရသူများစာရင်းတွင် ဦးစိုးထွန်းရှိန်အပြင် တရားခံပြေးဖြစ်နေသော အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ၆ ဦးပါဝင်ကြောင်းသိရသည်။

၂၀၁၁ မှစ၍ မိုးထိမိုးမိဒေသတွင် ရွှေတူးဖော်ခွင့်ရခဲ့သည့် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီသည် ရွှေတူးဖော်ခွင့်ရချိန်အတွင်း ရွှေတန်ချိန် ၆ တန်နီးပါး ထုတ်လုပ်နိုင်ခဲ့သော်လည်း နိုင်ငံတော်ကိုပေးရန် ရွှေကြွေးကျန်ပမာဏများ မပေးသွင်းရာမှ ယင်းသို့ဆက်တိုက် တရားစွဲဆိုခံရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button