သတင်း

လားရှိုးထောင်ရှိ အမျိုးသမီးတစ်ဦး နှစ်နှစ်ကျော်အထိ ဦးခေါင်းဒဏ်ရာ ဆေးကုခွင့်မရ

စစ်ကောင်စီ၏ စစ်ကြောရေးအတွင်း ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသူတစ်ဦးမှာ နှစ်နှစ်ကျော်အထိ ဆေးကုခွင့်မရဖြစ်နေသည်ဟု မကြာမီက ထိုထောင်မှ လွတ်မြောက်လာသူထံမှ သိရသည်။

အသက် ၂၉ နှစ်အရွယ် အမျိုးသမီးမှာ ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အဖမ်းခံရခြင်းဖြစ်ကာ လားရှိုးမြို့၌ ဖောက်ခွဲမှုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ရှိ အမှတ် (၅၇) စစ်ကြောရေးတွင် တစ်ပတ်ခန့် အပြင်းအထန် နှိပ်စက်ခံခဲ့ရသည်။

ထို့နောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(စျ)၊ ၅၀(ဂ) တို့အပြင် ရာဇသတ်ကြီးဥပဒေပါ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅ (က)ဖြင့်ပါ အမှုဖွင့်ခံရပြီး လားရှိုးထောင်အပို့ခံရပြီး ရှစ်လခန့်အကြာ ၂၀၂၁ ဒီဇင်ဘာလတွင် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံရသည်။

ထိုအမျိုးသမီးမှာ စစ်ကြောရေးတွင် ဦးခေါင်းကို အပြင်းအထန်ရိုက်နှက်ခံရသဖြင့် သွေးအန်ပြီး သတိလစ် မေ့မြောခဲ့ကြောင်း၊ ထောင်ရောက်ပြီး တစ်ပတ်ကျော်သည်အထိ အပြင်းအထန် ဒဏ်ရာရနေကြောင်း ယခုနှစ် ဧပြီလအတွင်း လားရှိုးထောင်မှ ပြန်လွတ်လာသည့် အသက် ၂၀ ကျော်အရွယ် နိုင်ကျဉ်းအမျိုးသမီးတစ်ဦးက ပြောသည်။

“အကြာကြီးထိုင်မရဘူး။ ခေါင်းမှာ အဖုလိုမျိုးရှိတယ်။ တစ်ခုခုတွေးရင် ခေါင်းမူးတယ်။ သွေးအန်လာတယ်”

လားရှိုးထောင်အတွင်း ဦးခေါင်းဒဏ်ရာရ နိုင်ငံရေးအကျဉ်းသူနှင့် တစ်နှစ်ကျော်ကြာ အခန်းဖော်အဖြစ် အတူနေထိုင်ခဲ့ရစဉ် ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ရသည့် အခြေအနေကို ပြန်ပြောပြခြင်းဖြစ်သည်။ (လုံခြုံရေးအခြေအနေအရ ထောင်တွင်း၌ ရှိနေဆဲ ဆေးကုသခွင့်မရသည့် နိုင်ငံရေးအကျဉ်းသူ၏ အမည်ကို ဖော်ပြနိုင်ခြင်း မရှိပေ။)

စစ်ကြောရေးတွင် နှိပ်စက်ခံရသည့် ထိုအမျိုးသမီးမှာ ထောင်ရောက်စ၌ တစ်လလျှင် အနည်းဆုံး သုံးကြိမ်ခန့် သွေးအန်လေ့ရှိပြီး သွေးအန်သည့်အခါတိုင်း တစ်ပတ်ခန့် မစားနိုင်မသောက်နိုင်ဖြစ်သည်အထိ ဝေဒနာခံစားရသည်ဟုလည်း ဆိုသည်။

“စစ်ကြောရေးမှာ ခေါင်းတော်တော်ထိသွားတာ။ ညာဘက်ကျောရိုးလည်း စောင်းသွားတယ်။ သူက သွေးမအန်ခင်မှာ ညာဘက်ခေါင်း စကိုက်တယ်လေ။ နောက်မှ တစ်ခေါင်းလုံး မူးလာပြီး အသံအကျယ်ကြီးနဲ့ သွေးတွေအန်တာ။ အိမ်သာထဲတို့ သမံတလင်းမှာရော ခွက်တွေမှာရော အန်တာပဲ”

“စိတ်မကောင်းဘူး။ အတူတူနေပြီးတော့ ဘာမှ မလုပ်ပေးနိုင်တဲ့ အခြေအနေပေါ့။ ထောင်ဝန်ထမ်းကို ခေါ်ပေးတယ်။ လာကြည့်တယ်၊ ဘာမှမဖြစ်ဘူး သက်သာလိမ့်မယ်။ သူ ဒီတိုင်း ချောင်းဆိုးပြီး ဖြစ်မယ်ဆိုပြီး ဒီတိုင်းပဲ ပြန်သွားကြတာ”

ဆေးကုသခွင့်ပေးရန် ထောင်အာဏာပိုင်များနှင့် ထောင်ပိုင် ဦးကျော်ရွှေကို တောင်းဆိုခဲ့သော်လည်း ၂၀၂၂ နှစ်ကုန်အထိ မရရှိခဲ့ဘဲ ယခုနှစ်ဆန်းပိုင်း၌ အသစ်ပြောင်းလာသော ထောင်ပိုင်က လားရှိုးပြည်သူ့ဆေးရုံတွင် ဓာတ်မှန်ရိုက်ခွင့် တစ်ကြိမ်ပေးခဲ့သည်ဟု သိရသည်။

“ထောင်ထဲရောက်ကတည်းက ဆေးကုသခွင့်တောင်းနေတာ အဲဒီတစ်ရက်ပဲ ဆေးရုံထုတ်မယ်ဆိုပြီး ခေါ်သွားတာ။ ကျောရိုးစောင်းတယ်လို့ အဖြေထွက်တာတောင် ထောင်ဝန်ထမ်းတွေက အထိုင်များလို့ ဖြစ်တာတဲ့။ ဦးခေါင်းကို (ဓာတ်မှန်) ပေးမရိုက်ဘူး။ နောက်တစ်ခေါက်မှ ရိုက်မယ်ဆိုပြီး ပြန်ခေါ်လာတာ” ဟု လားရှိုးထောင်မှ လွတ်မြောက်ခဲ့သူ အမျိုးသမီးက ပြောသည်။

လက်ရှိအချိန်ထိ ဆေးကုသခွင့် ထပ်မရတော့ဘဲ ထောင်အာဏာပိုင်များက သာမန်အကိုက်အခဲပျောက်ဆေးသာ ပေးကြောင်း၊ မိသားစုဝင်များမှာ ရန်ကုန်မြို့တွင် နေထိုင်ပြီး ထောင်ဝင်စာ အခက်အခဲရှိနေကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလဆန်း၌ လားရှိုးထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အခြားနိုင်ငံရေးအကျဉ်းသူတစ်ဦးကလည်း စစ်ကြောရေးအတွင်း ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးမှာ အခြေအနေတိုးတက်ပြောင်းလဲမှုမရှိကြောင်း ပြောသည်။

မေ ၃ ရက်တွင် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာ လားရှိုးအကျဉ်းထောင်မှ နိုင်ကျဉ်း ၁၃ ဦး လွတ်မြောက်ခဲ့သည်။

နေပြည်တော်၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ခဲ့ရာ အများစုမှာ လွတ်ရက်စေ့ခါနီးသူများဖြစ်သည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ထောင်အတွင်း နည်းလမ်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံရခြင်းများရှိနေသည့်အပြင် ဆေးကုသခွင့်မရခြင်းများလည်း ရှိနေသည်။ ရန်ကုန်ရှိ အင်းစိန်ထောင်၊ မန္တလေးမြို့ရှိ အိုးဘိုထောင်၊ ပဲခူးတိုင်းရှိ တောင်ငူနှင့် သာယာဝတီထောင်တို့တွင် ထောင်တွင်းဖိနှိပ်မှုများ ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက် ယခုနှစ် ဇွန်လ ၂ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖမ်းဆီးခံရသူ ၂၂,၉၄၇ ဦး ရှိပြီး ၁၈,၆၂၆ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ၆၂၁၂ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button