သတင်း

ဝက်လက်တွင် စစ်ကောင်စီစစ်ကြောင်းနှစ်ခု ချုံခိုတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အင်အား ၅၀ စီပါ စစ်ကောင်စီ စစ်ကြောင်းနှစ်ခုကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ယမန်နေ့ (၃၀) မှစ၍ နှစ်ရက်ဆက်ကာ ပြောက်ကျားနည်းဖြင့် ချုံခိုတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့မှ လာသော စစ်ကောင်စီစစ်ကြောင်းသည် ဝက်လက်မြို့ပေါ်၌ စစ်ကြောင်းထိုးနေပြီး လှတောကျေးရွာမှ လာသော စစ်ကြောင်းက မြို့နယ်မြောက်ပိုင်းကို စီးနင်းနေခြင်း ဖြစ်ကာ ရွှေဘိုနှင့် ဝက်လက်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ (မေ ၃၀) ညနေ ၆ နာရီခန့်တွင် ဝက်လက်မြို့အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာရှိ စခန်းသာ (ရှပ်ပြဲ) ရွာအနီး ရောက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးသီး ၇ ခုချ၍ တိုက်ခိုက်ခဲ့ကြောင်း ထိုဒေသတွင် လှုပ်ရှားသည့် Black Wolf Army အမည်ရ တော်လှန်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုခွန်းလေးက ပြောသည်။

ထိုတိုက်ခိုက်မှုကို ရွှေဘိုမြို့နယ်အခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့များဖြစ်သည့် Black Wolf Army နှင့် WHO AM I – ARMY တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်းသည် တချို့ထိခိုက်ဒဏ်ရာရပြီးနောက် ဝက်လက်မြို့ဘက်သို့ ပြန်ဆုတ်သွားသည်ဟု ဆိုသည်။

“(တိုက်ခိုက်ခံရပြီးတော့) သေနတ်တွေေဖောက်ပြီး ဝက်လက်ဘက် ဆက်ထွက်သွားတယ်” ဟု ကိုခွန်းလေးက ဆိုသည်။

၎င်းတို့အဖွဲ့အနေဖြင့် ယခုလ ၂၈ ညပိုင်းကလည်း ဟံလင်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သားလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရကြောင်း၊ ယခုလအတွင်း တိုက်ခိုက်မှု ၂၄ ကြိမ် ရှိပြီဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဝက်လက်မြို့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့် ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသဖြင့် ဒေသခံအများအပြား ထွက်ပြေးနေရသည်ဟု People’s Servant Revolution – Wetlet အမည်ရ ဒေသခံကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ယနေ့ (မတ် ၃၁) နံနက်တွင် ဝက်လက်မြို့မြောက်ဘက် နှစ်မိုင်ခန့်အကွာ ကုန်းကြီးရွာတောင်ဘက်တွင် ထိုစစ်ကြောင်း ကို ၎င်းတို့အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ၁၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဆိုသည်။

“အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးတော့ မိုင်းတစ်ခါဆွဲလိုက်တယ်။ ဒရုန်းနဲ့ ထောက်ကြည့်တာတော့ တစ်ယောက် ဒဏ်ရာရတယ်”  

စခန်းသာရွာအတွင်း စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ (ဓာတ်ပုံ-ပေးပို့)

ယခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ရွှေဘိုမြို့နယ် အမှတ် (၈) လေ့ကျင့်ရေးကျောင်းနှင့် ကျောက်မြောင်းမြို့ရှိ တပ်ရင်းများရှိ စစ်သားများက ဝက်လက်မြို့၊ လှတောရွာနှင့် ဟံလင်းဒေသတို့ကို အခြေပြု၍ စစ်ကြောင်းများခွဲကာ ရွာစဉ်ပတ် မီးရှို့ခဲ့သည်။

ထို့ကြောင့် ဝက်လက်မြို့နယ်မြောက်ခြမ်းရှိ မကျီးတုံ၊ ပင်းဇင်း၊ မူးကြီး၊ ဝက်လက်ရွဲ၊ တိုက်ကုန်း၊ မုဆိုးခြုံ၊ တဲတော၊ ကျီးကန် (တောင်/မြောက်)၊ သခွတ္တော၊ အောင်ချမ်းသာ၊ စိုင်နိုင်ကြီး စသည့် အနည်းဆုံး ရွာ ၁၀ ရွာမှ နေအိမ်အများအပြား မီးရှို့ခံရသည်။

ထိုစဉ်ကတည်းက စစ်ကောင်စီလက်နက်ကိုင်များသည် ဝက်လက်မြို့တွင် စစ်ကြောင်းတစ်ကြောင်း၊ ရွာသာကြီးကျေးရွာအတွင်း စစ်ကြောင်းတစ်ကြောင်း၊ ရွာသာကြီးရွာမှ ၃ မိုင်ခန့်အကွာ လှတောရွာတွင် စစ်ကြောင်းတစ်ကြောင်း တပ်စွဲထားကာ ဒေသတွင်း လှည့်လည်စီးနင်းနေခြင်းဖြစ်သည်။

တော်လှန်ရေးလှုပ်ရှားမှုကောင်းသော ဝက်လက်နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ မကြာခဏ စီးနင်းနေပြီး ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကလည်း ပြန်လည်ခုခံတိုက်ခိုက်နေသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ဝက်လက်မြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာ အောင်ချမ်းသာကျေးရွာအနီးတွင် အင်အား ၇၀ ခန့်ပါ စစ်ကြောင်းကို ပကဖနှင့် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်တပ်က အနီးရှိ အောင်ချမ်းသာရွာမှ နေအိမ် ၁၃၀ ကျော်၊ ကပ်လျက်ရှိ ဘင်တဲကုန်းရွာမှ နေအိမ် ၅ လုံး ကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်နေသည့် ဝက်လက်မြို့နယ်အနောက်ပိုင်းတွင် ဧပြီလအတွင်း၌ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးကို ပစ်ခတ်ဖမ်းဆီးပြီးနောက် ပစ်သတ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button