သတင်း

ဝက်လက်တွင် တိုက်ခိုက်ခံရသည့် စစ်တပ်က အနီးရှိ ရွာ ၂ ရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့မြောက်ဘက်တွင် တော်လှန်ရေးအဖွဲ့တို့၏ တိုက်ခိုက်မှုကို ခံရသည့် စစ်ကောင်စီတပ်ဖွဲ့က အနီးရှိ ရွာ ၂ ရွာမှ နေအိမ် ၁၄၀ နီးပါးကို မီးရှို့သွားသည်။

ဝက်လက်မြို့ မြောက်ဘက် ၃ မိုင်ခန့်အကွာ အောင်ချမ်းသာကျေးရွာအနီးတွင် အင်အား ၇၀ ပါ စစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့များက ဧပြီ ၂၃ ရက်တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တစ်နာရီနီးပါး တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာပြီးနောက်တွင် စစ်တပ်က မီးရှို့မှုကြောင့် အောင်ချမ်းသာမှ နေအိမ် ၁၃၀ ကျော်၊ ကပ်လျက်ရှိ ဘင်တဲကုန်းရွာမှ နေအိမ် ၅ လုံး ပျက်စီးခဲ့သည်ဟု ဝက်လက်မြို့နယ် ပကဖအဖွဲ့၏ ခေါင်းဆောင် ကိုနေမျိုးအောင်က ပြောသည်။

စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၂၀ ရက်တွင် ဝက်လက်မြို့ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ရွှေဘိုမြို့အခြေစိုက် အမှတ် (၈) လေ့ကျင့်ရေးတပ်မှ ထွက်လာကြောင်း၊ လှတောရွာ၊ ရွာသာကြီးရွာတို့မှတစ်ဆင့် ဝက်လက်မြို့အနီးသို့ ရောက်လာကြောင်း ၎င်းက ပြောသည်။

ထိုစစ်ကြောင်းသည် သခွတ္တောကျေးရွာမှတစ်ဆင့် ရွာချင်း ကပ်လျက်တည်ရှိသည့် အောင်ချမ်းသာကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးအဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

“(စစ်ကောင်စီဘက်က) ၆ ယောက်သေ၊ ၁၇ ယောက်လောက် ဒဏ်ရာရသွားတယ်” ဟု အထက်ပါ ပကဖ ခေါင်းဆောင်က ဆိုသည်။

စစ်ကောင်စီဘက်က သေဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပေ။ ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင်ကမူ စစ်တပ်က မီးရှို့သွားသည့် နေအိမ်အချို့တွင် စစ်သားအလောင်း ၅ လောင်း တွေ့ရကြောင်း၊ တိုက်ပွဲဖြစ်၊ ကျေးရွာများကို မီးရှို့ပြီးနောက် အောင်ချမ်းသာရွာ မြောက်ဘက် ၁၀ မိုင်ကျော်အကွာ လှတောရွာဘက်သို့ စစ်ကောင်စီတပ် ပြန်ထွက်သွားချိန်တွင် ထမ်းစင်ဖြင့် လူနာအများအပြား သယ်ဆောင်သွားသည်ကို တွေ့ရကြောင်း ပြောသည်။

စစ်ကိုင်းတိုင်းအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး။ (ဓာတ်ပုံ-Myanmar Now)

ထိုတိုက်ခိုက်မှုများတွင် ဒေသအခြေစိုက် ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့ တပ်ခွဲ (၁)၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ (၃)၊ နတ်တောင်နဂါးပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ (၄)၊ နွေဦးအောင်ပွဲတော်လှန်ရေးတပ်ဖွဲ့ (ဝက်လက်) – တပ်ခွဲ(၄)၊ ရွှေဘိုခရိုင် တပ်ရင်း (၁၅)၊ ကျေးရွာပကဖများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်သည်ကို ရုပ်သံဗီဒီယိုဖိုင်တစ်ခုတွင် တွေ့ရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအတွက် ဝက်လက်မြို့၊ လှတောရွာ၊ ရွာသာကြီးရွာ၊ ဟန်လင်း စသည့် ကျေးရွာများတွင် အထိုင်စခန်းချထားသလို ရွှေဘိုမြို့အခြေစိုက် တပ်ရင်းတပ်ဖွဲ့များကလည်း ဒေသတွင်း စစ်ကြောင်းထိုးနေရာ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များကလည်း ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသည်။

ထိုဒေသတွင် မကြာခဏ တိုက်ခိုက်ခံရသော စစ်ကောင်စီတပ်ကလည်း ဒေသခံတို့၏ ကျေးရွာများကို မီးရှို့ဖျက်ဆီးလျက်ရှိနေရာ အိမ်ခြေ ၂၅၀ ကျော်ရှိသည့် အောင်ချမ်းသာကျေးရွာသည် ယခု ဒုတိယအကြိမ် မီးရှို့ခံရခြင်းဖြစ်ပြီး လက်ရှိတွင် နေအိမ် ၁၅ လုံးသာ ကျန်တော့သည်ဟု အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းက ဝက်လက်မြို့မြောက်ဘက် ကမ္ဘာ့အမွေအနှစ် ရှေးဟောင်းနယ်မြေဖြစ်သော ဟန်လင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများကို ဝင်ရောက်ကာ ဖေဖော်ဝါရီနှင့် မေလအတွင်း မီးရှို့ဖျက်ဆီးခဲ့ဖူးသည်။

စစ်တပ်က မီးရှို့သည့်ထဲတွင် ဟန်လင်းရှေးဟောင်းနယ်မြေဇုန်ထဲတွင် ပါဝင်သော ဂွေးပင်ကုန်းကျေးရွာ၊ ရွာသစ်ကြီးကျေးရွာတို့ ပါဝင်သည်။ ထိုရွာများအတွင်း တူးဖော်ဆဲ ရှေးဟောင်းအမွေအနှစ် ပျူသင်္ချိုင်းများ၊ မြေအောက်ရောက်နေသော ပျူကျေးရွာဟောင်းများ တည်ရှိသည်။

ဟန်လင်းရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်က ယနေ့တိုင် အထိုင်ချ တပ်စွဲထားသည်။ အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

(လွတ်လပ်သည့်မီဒီယာအဖြစ်ရေရှည်ရပ်တည်နိုင်ရေးသင်တို့အကူအညီလိုအပ်နေပါသည်။ဤနေရာတွင်https://www.userroll.com/site/register/m1f6penနှိပ်၍လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button