စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကမ္ဘာ့အမွေအနှစ်ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သည့် ဟန်လင်းယဉ်ကျေးမှုနယ်မြေသို့ ရောက်လာသည့် စစ်ကောင်စီတပ်၏ရန်ကြောင့် ကျေးရွာ ၂၀ ခန့်မှ ဒေသခံများ ထွက်ပြေးနေရပြီး ၁၀ ရွာခန့် မီးရှို့ခံလိုက်ရသည်ဟု ဒေသခံများနှင့် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ယနေ့ (မေ ၁၂) နံနက်တွင် ယဉ်ကျေးမှုနယ်မြေ၏ အပြင်ဇုန်ဖြစ်သည့် အိမ်ခြေ ၂၀၀ ကျော်စီ ရှိသည့် ဂွေးပင်ကုန်း၊ ရွာသစ်ကုန်းနှင့် သဲကျွန်းကျေးရွာများကို အင်အား ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့သည်ဟု အသက် ၄၂ နှစ်အရွယ် ဒေသခံ အမျိုးသားက ပြောသည်။
“ဒီနေ့ မနက်ခင်းကတော့ လင်းလင်းချင်းမှာပဲ ဂွေးပင်ကုန်းဘက်မှာ မီးခိုးမြင်တယ်ဆိုပြီး ဘုရားပေါ်ကနေ ကြည့်လိုက်တော့ ၆ နေရာလောက်ကနေ ပြန့်ပြီး လောင်နေတယ်။ ၁၀ နာရီလောက်ထိ မငြိမ်းဘူး။ ပြီးတော့ ရွာသစ်ကုန်းကျေးရွာကို ဆက်ဝင်ပြီး အဲဒီနားက တဲတွေကို တွေ့သမျှ ဆက်ရှို့သွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသော ထိုအမျိုးသားက ပြောသည်။
ယနေ့ မွန်းလွဲပိုင်းအချိန်တွင် ဟန်လင်းမြို့ရိုးနှင့် ကပ်လျက်ရှိသည့် ငါးပိအိုးကျေးရွာအနီးမှ လက်နက်ကြီးပစ်ခတ်သံများ အဆက်မပြတ်ကြားနေရကြောင်း ၎င်းက ဆက်ပြောသည်။
ဟန်လင်းယဉ်ကျေးမှုနယ်မြေတွင် အတွင်းဇုန်နှင့် အပြင်ဇုန် ခွဲခြားထားပြီး စစ်တပ် စီးနင်းမီးရှို့ခဲ့သည့်အထဲတွင် ဇုန် ၂ ခုလုံးမှ ကျေးရွာများပါဝင်နေသောကြောင့် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်ကြောင်း အဆိုပါဒေသခံ အမျိုးသားက ဆက်ပြောသည်။
“ရဟတ်ယာဉ်တွေ ကျွန်တော်တို့ ရွာတွေပေါ်က ပျံသွားတယ်။ ဒီအပေါ်ကိုတော့ ပစ်ခတ်သွားတာ မရှိသေးဘူး။ ကျွန်တော်တို့ အဲဒီတုန်ခါသံတွေကိုလည်း မလိုချင်ဘူး။ မိုင်းတွေနဲ့ ခွဲတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အဲဒီတုန်ခါသံတွေကိုလည်း ကျွန်တော်တို့ မလိုချင်ဘူး” ဟု ၎င်းက ဆိုသည်။
“ပြီးခဲ့တဲ့ အစိုးရက ၁၂ ဘီးကားတောင်မှ ဒီအပေါ်မှ ဖြတ်မောင်းရင် တုန်ခါလို့ အမောင်းမခံခဲ့ဘူး။ ခုကတော့ ၁၂ ဘီးကားတင်မကဘူး။ ငလျှင်လှုပ်နေတဲ့ အတိုင်းပဲ”
ဟန်လင်းယဉ်ကျေးမှုနယ်မြေ၏ အပြင်ဇုန်ထဲတွင် ပါဝင်သည့် ဂွေးပင်ကုန်းကျေးရွာ၊ ရွာသစ်ကြီးကျေးရွာများမှာ အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ကျေးရွာကြီးများဖြစ်ပြီး ထိုနေရာတွင် တူးဖော်ဆဲ ရှေးဟောင်းအမွေအနှစ် ပျူသင်္ချိုင်းများ၊ မြေအောက်ရောက်နေသော ပျူကျေးရွာဟောင်းများ တည်ရှိနေသည်။
ထိုနေရာရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် အိမ်ခြေအရေအတွက်အတိအကျကို မသိရသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ တွင်လည်း ဟန်လင်းယဉ်ကျေးမှုနယ်မြေ၏ အတွင်းဇုန်ဖြစ်သည့် ငါးပိအိုးကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးရာ အိမ်ခြေ ၄၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ၂၅ နှစ်အရွယ် ဒေသခံ လူငယ်တစ်ဦး သေဆုံးခဲ့သည်။
ယင်းနေ့တွင် စစ်တပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များ ဟန်လင်းမြို့ရိုးအနီးအထိ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့နံနက် ဟန်လင်းယဉ်ကျေးမှုနယ်မြေ အပြင်ဇုန်ရှိ ဂွေးပင်ကုန်း၊ ရွာသစ်ကုန်း၊ သဲကျွန်း ကျေးရွာများကို ဖျက်ဆီးခဲ့သည့် စစ်ကြောင်းမှာ လွန်ခဲ့သည့် တစ်ပတ်မှစ၍ ရွှေဘို-ကျောက်မြောင်း လမ်းတစ်လျှောက်ရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကြောင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ငါးပိအိုးကျေးရွာကို စီးနင်းချိန်တွင် အနီးရှိ ဂွေးပင်ကုန်းကျေးရွာ ရှိ ရှေးဟောင်းပျူသင်္ချိုင်းပေါ်၌ တပ်စွဲထားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
ထိုစစ်ကြောင်း၏ စီးနင်းမှုကြောင့် ကုလားမ၊ လက်ကောက်ကျ၊ ပုလဲသွယ်၊ မန်ကျည်းသုံးပင်၊ မကောက်ကျော၊ ဂွေးပင်ကုန်း၊ ရွာသစ်ကုန်း၊ သဲကျွန်း၊ ငါးပိအိုး၊ ကန်ကြီးတော၊ စခန်းသာ စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု အသက် ၂၅ နှစ်အရွယ် ရဲဘော် ABC က ဆက်ပြောသည်။
“မီးကတော့ လမ်းမှာတွေ့တဲ့မြင်တဲ့ တဲ အကုန်လုံး ရှို့တာပဲ။ ဘာနိုင်ငံရေးမှမသိတဲ့ တဲတွေကိုလည်း အကုန်လုံး ရှို့နေတော့တာပဲ။ ကျွန်တော်တို့ကတော့ ပြည်သူတွေကို ကြိုတင်သတင်းပေးပြီးတော့ ရွာတွေကနေ ရှောင်ခိုင်းရတာပေါ့။ အင်အားကတော့ မမျှဘူးလေ” ဟု ၎င်းက ဆိုသည်။
ဟန်လင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် မြေပြင်တုန်ခါမှုများဖြစ်ပေါ်ပြီး ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးမည်ကို စိုးရိမ်သည်ဟု စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တပ်ရင်း (၁) တာဝန်ရှိသူ ရဲဘော် ABC က ဆိုသည်။
“ဒီရွာတွေက ကျွန်တော်တို့ ယဉ်ကျေးမှုဇုန်နဲ့ အနီးဆုံးပဲ။ ဟိုတစ်ခါကလည်း ကျွန်တော်တို့ရွာကို မီးရှို့ပြီး လက်နက်ကြီးတွေနဲ့ ပစ်တုန်းကလည်း ဒီတိုင်း ရမ်းပစ်တာပဲ။ ရှေးဟောင်းဇုန်တွေဘာတွေ ဘာမှ သိပ်ပြီး ဂရုမစိုက်ဘူး” ဟု ၎င်းက ပြောသည်။
စစ်တပ်က ထိုရွာများတွင် နေအိမ်များ မီးရှို့ဖျက်ဆီးနေသည်၊ စစ်တပ်ရန်ကြောင့် ထွက်ပြေးနေရသည့် ဒေသခံ ထောင်သောင်းချီ ရှိသည်ဟူသော ဟူသော ဒေသခံတို့၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီထံမှ တုံ့ပြန်ချက်ရယူရန် ကြိုးစားသော်လည်း တယ်လီဖုန်းဆက်သွယ်၍ မရသေးပေ။
ရွာမီးလောင်မှုများမှာ ၎င်းတို့၏လက်ချက်မဟုတ်ဟု စစ်ဗိုလ်ချုပ်များက တုံ့ပြန်လေ့ရှိသည်။
ပြည်သူ့ခုခံစစ်အားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များကို အာဏာသိမ်းစစ်ကောင်စီက မတ် ၁၁ တွင် အင်တာနက် စတင်ဖြတ်တောက်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများကို နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည်ဟု ဒေသခံတို့က ပြောသည်။
ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိနိုင်သည်ဟု ၎င်းတို့ ယူဆသည့် ကျေးရွာများကို စစ်ကောင်စီတပ်က ကြည်းကြောင်း၊ လေကြောင်းသာမက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့ကို အသုံးပြုပြီး ရေကြောင်းကပါ တိုက်ခိုက်စီးနင်းနေသည်။
ထိုသို့ စစ်ကြောင်းထိုးတိုက်ခိုက်ရာတွင် အရပ်သားများကို လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းကာ PDF များကို တိုက်ခိုက်ရာတွင် အသုံးပြုနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)