ယမန်နေ့ (ဧပြီ ၄) က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်း တိုက်ပွဲတွင် ပစ်ခတ်ဖမ်းဆီးခံရသော ကာကွယ်ရေးအဖွဲ့ဝင် ၆ ဦးကို စစ်ကောင်စီတပ်က အနီးကပ် ပစ်သတ်ခဲ့သည်ဟု သိရသည်။
အင်အား ၁၀၀ ခန့် ရှိသော စစ်ကြောင်းကို စိုင်နိုင်လေးရွာနှင့် ဘုန်းဘွဲ့ရွာအကြား ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်ဟု မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံ ကိုနေမျိုးအောင်က ပြောသည်။
ဘင်တဲကုန်းကျေးရွာမှ ဦးအောင်နိုင် (၃၆ နှစ်)၊ စခန်းသာရွာမှ ကိုကြည်ခိုင် (၄၅ နှစ်)၊ စိုင်နိုင်ကြီးရွာမှ ကိုရဲမင်းဌေး (၂၄ နှစ်)၊ ဆက်တန်းကြီးရွာမှ ကိုလင်းအောင် (၃၇ နှစ်) တို့မှာ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ကိုသူရိန်ထက် (၂၅ နှစ်)၊ ရင်းတောရွာမှ ကိုရန်နိုင်စိုး (၁၈ နှစ်) တို့မှာ ဒေသအခြေစိုက် GZ Special Task Force အဖွဲ့မှ ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာက လယ်ကွင်းပြင်ကြီးဗျ။ အခုတော့ နှမ်းတွေ စိုက်ထားတာ၊ အဲ့ဒီမှာ သူတို့ လိုက်ပစ်ခံရတာ။ ဘယ်လိုမှ ပြေးမလွတ်တဲ့အချိန် ဖမ်းခံရပြီး ပစ်သတ်ခံလိုက်ရတာ။ သူတို့အားလုံးပေါင်းမှ လက်လုပ်တစ်တောင့်ထိုးလေး ၂ လက်လား ပါတယ်” ဟု ပကဖခေါင်းဆောင်က ဆိုသည်။
စစ်ကြောင်းကို ရင်ဆိုင်ရစဉ် တော်လှန်ရေးအဖွဲ့ဘက်မှ လူအင်အား၊ လက်နက်အင်အား မည်မျှရှိသည်ကို မသိရသေးပေ။
သေဆုံးသူတို့မှာ စစ်တပ်က ဖမ်းထားသော ယင်းတောရွာမှ ဒေသခံ ၅ ဦး လွတ်မြောက်ရေးအတွက် ကြိုးစားခဲ့သူများ ဖြစ်သည်၊ ခန္ဓာကိုယ်အောက်ပိုင်း ပစ်ခတ်ဖမ်းဆီးခံရဟန်တူသည်ဟု GZ special Task Force အဖွဲ့က ပြောသည်။
“ဓားစာခံ ငါးယောက်ကို လိုက်ကယ်ဖို့ သွားရင်းနဲ့ ရဲဘော်တွေ ကျသွားတာဗျ။ ဓားစာခံတွေကတော့ လွတ်လာတယ်။ ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်သွားတာ၊ ကိုယ့်ဘက်က တစ်တောင့်ထိုးနဲ့ပဲ ဆိုတော့ လက်နက်အင်အားမမျှတော့ ပေးလိုက်ရတာ” ဟု ခေါင်းဆောင် ဗိုလ် GZ ဆိုသူက Myanmar Now ကို ပြောသည်။
“အောက်ခြေကို မှန်ပြီးတော့မှ ဖမ်းခံရတာ။ လက်သည်းတွေ ခွာထားတာမျိုးလည်း တွေ့ရတယ်။ ဦးခေါင်းတွေကိုချည်းပဲ အနီးကပ် တေ့ပစ်ထားတာ”
လက်နက်အင်အား
၆ ဦး အသတ်ခံရသည့် နေရာတွင် စစ်ကောင်စီတပ်သားတိုင်းတွင် တိုက်ပွဲဝင် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြပြီး တော်လှန်ရေးသမားတို့တွင်မူ တိုက်ပွဲဝင်ရန် စံချိန်မမီသည့် သေနတ်များသာ ရှိသည်ဟု သိရသည်။
လက်နက်အင်အားသာမက လူအင်အားလည်း ကွာခြားသည့် အခြေအနေတွင် မည်သူက စတင်ပစ်ခတ်သည်ကို အတည်မပြုနိုင်သေးပေ။
GZ အဖွဲ့ခေါင်းဆောင်ကမူ ၎င်းတို့ဘက်က စတင်ပစ်ခတ်ခဲ့သည်ဟု ယူဆသည်။
“ကျွန်တော်တို့က တိုက်ပွဲတွေ နားထားရတာ၊ ရဲဘော်နှစ်ယောက်က သူတို့နယ်မြေဖြစ်နေတာရော၊ ဓားစာခံတွေကို ဘုန်းဘွဲ့ရွာဘုန်းကြီးကျောင်းမှာ ဖမ်းထားတာခံရတာကို ကယ်ချင်တော့ ဝင်ပစ်ကြတဲ့အချိန်မှာ သူတို့ကို မဲခံရတာ။ ကျွန်တော့်တို့ရဲဘော်တွေ အရဲစွန့်ရာလည်း ရောက်ပါတယ်” ဟု သူက ဆိုသည်။
တိုက်ပွဲနားထားသည်ဟူသော အခြေအနေမှာ ဖေဖော်ဝါရီအတွင်း ဆားတောင်ကြီးကျေးရွာ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် ပစ်ခတ်ခံရသည့်ကိစ္စနှင့် ဆက်စပ်၍ GZ အဖွဲ့ဝင် ၁၉ ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ၄ ဦးကို လူသတ်ရန် ပူးပေါင်းကြံစည်မှုဖြင့် တရားစွဲ အချုပ်ချထားကာ ကျန်သူများကို လက်နက်ကိုင်တိုက်ခိုက်မှုများ ဆက်မပြုလုပ်ရန် ဟန့်တားထားခြင်းကြောင့် ဖြစ်သည်။
သေဆုံးသွားသော ရဲဘော်များ၏ ရုပ်အလောင်းများကို ပြန်လည်ရရှိထားရာ တချို့ကို ယမန်နေ့ ညနေတွင် သင်္ဂြိုဟ်ခဲ့ပြီး၊ တချို့ကို ယနေ့ သင်္ဂြိုဟ်မည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဧပြီ ၂ မှစ၍ မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ ရွာသာကြီးကျေးရွာတွင် အခြေစိုက်ပြီး လှတော၊ ရေထွက်၊ ယင်းတော၊ စိုင်နိုင်ကြီး၊ စိုင်နိုင်လေး စသည့် ကျေးရွာများတစ်ဝိုက် လှည့်လည်စစ်ကြောင်းထိုးခဲ့သည်၊ ယခုအခါ ရွှေဘိုမြို့နယ်သို့ ရောက်ရှိနေပြီး ကျေးရွာများကို ဆက်လက်စစ်ကြောင်းထိုး မွှေနှောက်နေသည်ဟု သိရသည်။
ပြီးခဲ့သည့်လ တိုက်ခိုက်မှုများ
ရွှေဘိုမြို့နယ် အမှတ် (၈) လေ့ကျင့်ရေးကျောင်း၊ ကျောက်မြောင်းမြို့ရှိ တပ်ရင်းများမှ စစ်သားများက ဖေဖော်ဝါရီလကုန်မှစ၍ ဝက်လက်မြို့၊ လှတောရွာနှင့် ဟံလင်းဒေသတို့ကို အခြေပြု၍ စစ်ကြောင်း သုံးကြောင်းခွဲကာ ဝက်လက်မြို့နယ်အတွင်း ရွာစဉ်ပတ် မီးရှို့ခဲ့ကြသည်။
မြို့အနောက်ခြမ်းရွာများဖြစ်သည့် မကျီးတုံ၊ ပင်းဇင်း၊ မူးကြီး၊ ဝက်လက်ရွဲ၊ တိုက်ကုန်း၊ မုဆိုးခြုံ၊ တဲတော၊ ကျီးကန်(တောင်/မြောက်)၊ သခွတ္တော၊ အောင်ချမ်းသာ၊ စိုင်နိုင်ကြီး စသည့် ကျေးရွာ အနည်းဆုံး ၁၀ ရွာမှ နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခံရသည်။
ထိုစဉ်ကတည်းက စစ်ကောင်စီလက်နက်ကိုင်များသည် ဝက်လက်မြို့တွင် စစ်ကြောင်းတစ်ကြောင်း၊ ရွာသာကြီးကျေးရွာအတွင်း စစ်ကြောင်းတစ်ကြောင်း ၊ ရွာသာကြီးရွာမှ ၃ မိုင်ခန့်အကွာ လှတောရွာတွင် စစ်ကြောင်းတစ်ကြောင်း တပ်စွဲထားခြင်းဖြစ်သည်။
မတ်လ ၂ ရက်နေ့ကလည်း လှတောကျေးရွာတွင် တပ်စွဲထားသော စစ်ကြောင်းနှင့် ကျီးကန်ရွာ (တောင်/မြောက်) အနီး တိုက်ပွဲဖြစ်ရာ ကျေးရွာပကဖ အဖွဲ့ဝင် ၄ ဦး သေဆုံးသလို စစ်တပ်နှင့် တိုးသည့် ရွာသား ၃ ဦး ပစ်သတ်ခံရသည်။
ယမန်နှစ် စက်တင်ဘာ နောက်ဆုံးပတ်ကလည်း ရွာသာကြီးရွာအတွင်း စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့စဉ် ရွာသား တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိခဲ့သည်။
စစ်ကြောင်းများဝင်နေသော ဝက်လက်နယ်တွင် ဇန်နဝါရီ ၂၅ ကလည်း အင်အား ၈၀ ပါ စစ်ကြောင်းကို ကင်းထောက်ရန် ထွက်လာသည့် လက်လုပ် တစ်တောင့်ထိုးသေနတ်များ ကိုင်ဆောင်ထားသည့် ၁၂ ဦး ပါ People’s Army to Fight Dictatorship အဖွဲ့သည် ထို စစ်ကြောင်းနှင့် တိုးပြီး တိုက်ပွဲဖြစ်ရာ အဖွဲ့ဝင် ၆ ဦး သေဆုံး၊ ၂ ဦး ဖမ်းဆီးခံရသည်။