သတင်း

တိုက်ပွဲဆက် စဉ့်ကူးမြို့ကို လေတပ်က တိုက်ခိုက်၊ ဒေသခံများ ထွက်ပြေးနေရ

တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည့် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ကျေးရွာများ ဝန်းကျင်တွင် လေတပ်ကလည်း ဗုံးကြဲနေ၍ ဒေသခံအများအပြား ထွက်ပြေးနေရသည်။

မေ ၂၄ တွင် ဧရာဝတီမြစ်အတွင်း သွားလာနေသော စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်များကို စဉ့်ကူးနှင့် မတ္တရာမြို့နယ်ကြားတွင် ဒေသခံကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်၊ ယင်းနေ့မှာပင် စဉ့်ကူးမြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာရှိ သဲအင်းရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည်။

ထိုစစ်ကြောင်းနှင့် အနီးကပ်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တိုက်ပွဲအကြီးအကျယ် ဖြစ်တာပဲ။ ငါတို့ဘက်က မိုင်းဆွဲတယ်။ လက်နက်ငယ်နဲ့ ပစ်တယ်။ သူတို့ဘက်က တော်တော်လေး ကျတယ်။ ဒေသခံတွေအပြောရော၊ ရဲဘော်တွေ မြင်တာတွေလည်း ရှိတယ်၊ တော်တော်လေး နီးနီးကပ်ကပ်ကို တွေ့နေရတာ” ဟု သူက ပြောသည်။

မေ ၂၅ ညနေတွင် သဲအင်းရွာအပါအဝင် ကပ်လျက်ရွာများဖြစ်သော ကြက်တူရွေးရွာနှင့် ကျွန်းကြီးရွာကို လေတပ်က ဗုံး ၄ ကြိမ် ကြဲခဲ့ပြီး မေ ၂၆ နံနက်တွင် ထိုရွာများအတွင်း စစ်တပ်က မီးရှို့နေကြောင်း ၎င်းက ဆိုသည်။

“ဒီနေ့ (မေ ၂၆) တော့ ကြက်တူရွေးရွာနဲ့ သဲအင်းရွာထဲကို ဒီကောင် (စစ်ကောင်စီ) တွေ ဝင်လာပြီးတော့ မီးရှို့နေတယ်။ မနေ့ (မေ ၂၅) က သဲအင်းရွာကို အဓိက ဗုံးကြဲတိုက်ခိုက်သွားတာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဗုံးကြဲမှုကြောင့် ရွာအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့သော်လည်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း၊ မီးရှို့ဖျက်ဆီးခံရသည့် အိမ်အရေအတွက်ကို မှတ်တမ်းမတင်နိုင်သေးကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခံရသည့် သဲအင်းရွာတည်နေရာ။

မေ ၂၆ နေ့လယ်အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး စဉ့်ကူးမြို့နယ်၊ သဲအင်းတိုက်နယ်အတွင်းရှိ သဲအင်း၊ ကျွန်းကြီး၊ ကြက်တူရွေး၊ ဇီးကုန်း၊ ပေါက်ကုန်း၊ ဝက်ပေါင် စသည့် အနည်းဆုံး ကျေးရွာ ၆ ရွာခန့်မှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ လိုအပ်နေသည်။

ယမန်နှစ် မေလအတွင်းကလည်း သဲအင်းရွာ၊ ကြက်တူရွေး၊ ကျွန်းကြီး၊ ဟင်္သာမ၊ ဖရဲကျွန်းရွာတို့ မီးရှို့ခံရပြီးဖြစ်သည်။

၂၀၂၁ နှစ်ဆန်းပိုင်း အကြမ်းဖက် အာဏာသိမ်းမှုကို တော်လှန်ခုခံမှုများ အားကောင်းသည့် ဒေသများဖြစ်သော စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့သည် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေး-ရှမ်း နယ်စပ်တွင် တည်ရှိပြီး နယ်မြေအားဖြင့် အချက်အချာကျသည်။

မန္တလေးတိုင်း စဉ့်ကူးနှင့် နယ်မြေထိစပ်နေသော ရှမ်းပြည်နယ် မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲနှင့် စစ်သား အင်အား ၂၀ ဝန်းကျင်ရှိ ရဲကင်းစခန်းတစ်ခုကို မေ ၂၄ တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦး သေပြီး၊ လက်နက်ခဲယမ်းများရရှိခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ထံမှ သိရသည်။

ဧရာဝတီမြစ် တစ်ဖက်တစ်ချက် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းနှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မြစ်ကမ်းဘေးကျေးရွာများကိုလည်း မတ်လအတွင်း စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးခဲ့၍ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းခုခံခဲ့ရသည်ဟု ဆိုသည်။

တိုက်ပွဲများ၊ ရွာမီးရှို့မှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသည်။

စစ်ဗိုလ်ချုပ်များက အာဏာသိမ်းမှုမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မှားယွင်းခြင်း၊ နိုင်ငံအာဏာကို မတရားသိမ်းယူရန် ကြံစည်သူများ ရှိခြင်းကြောင့် ဖြစ်သည်ဟု ၎င်းတို့၏ လက်နက်ကိုင်များကို မကြာခဏ ပြောလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button