သတင်း

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

အလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်ပြီး ၅ ရက်ကြာသည့်တိုင် မုန်တိုင်းသင့်ဒေသများကို သွားရောက်ကူညီရေးနှင့် ပတ်သက်၍ အာဏာသိမ်းစစ်ကောင်စီက ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်၍ စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

“ရခိုင်ပြည်နယ်တစ်ဝန်း အခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး ခွင့်ပြုချက်ရသည်နှင့်တစ်ပြိုင်နက် မြေပြင်လုပ်ငန်းများ စတင်နိုင်ရန် ပြင်ဆင်ထားသည်” ဟုလည်း OCHA ၏ ယမန်နေ့ (မေ ၁၈) ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကူအညီပေးရေးအဖွဲ့များအနေဖြင့် ရှိနေပြီးသား လုပ်ပိုင်ခွင့်အရ ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ မုန်တိုင်းသင့်ပြည်သူများကို ကနဦးအထောက်အပံ့များ ပေးအပ်ထားပြီးဖြစ်သည်ဟု သိရသည်။ ဒေသခံ ရခိုင်နှင့် ရိုဟင်ဂျာအသိုင်းအဝိုင်း နှစ်ခုလုံးကို တိုက်ရိုက်ထောက်ပံ့ကူညီနိုင်ရန် ကြိုးပမ်းနေပြီး ရွေ့လျားစနစ် ကျန်းမာရေးဆေးပေးခန်းများ စတင်ဆောင်ရွက်ထားသည်ဟု ဖော်ပြသည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ဒေသခံများအနေဖြင့် ကြီးမားသည့် မြေပြင်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေရပြီး လေတိုက်နှုန်း တစ်နာရီ မိုင် ၁၀၀ ကျော်ဖြင့် မုန်တိုင်းလမ်းကြောင်း ဖြတ်ကျော် ဝင်ရောက်ခဲ့ရာဒေသများ၌ သန်းနှင့်ချီသော လူများရှိနေသည်။

ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁၅၀,၀၀၀ ခန့် မုန်တိုင်းဒဏ် ထိခိုက်ခံစားခဲ့ကြရပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ မြို့နယ်ပေါင်း ၂၁ မြို့နယ်သည် အဆိုးရွားဆုံး ထိခိုက်ပျက်စီးသည့် ဒေသများ ဖြစ်သည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်များနှင့် နိုင်ငံအနောက်မြောက်ပိုင်းတွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ခက်ခဲနေဆဲဖြစ်ကာ ပြည်သူလူထုအတွက် စက်သုံးဆီ အရေးပေါ်လိုအပ်နေကြောင်း၊ သန့်ရှင်းသော သောက်သုံးရေလည်း လျော့နည်းလာကြောင်း၊ အမိုးအကာ၊ အစားအသောက်နှင့် ဆေးဝါးများလည်း လိုအပ်နေသည်ဟု ကုလသမဂ္ဂက ဆိုသည်။

စစ်ဗိုလ်ချုပ်များသည် ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းက နာဂစ်မုန်တိုင်းတိုက်ခတ်စဉ်ကလည်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို မုန်တိုင်းဒေသများသို့ သွားရောက်ခွင့်မပေးဘဲ ပိတ်ပင်တားမြစ်ခဲ့ဖူးသည်။ နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းသုံးသောင်း ရှစ်ထောင်ထက်မနည်း သေဆုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော် ရှိခဲ့သည်။

မြန်မာ့သမိုင်းတစ်လျှောက် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီး ကျရောက်ကာ လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့သော်လည်း စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို အပြင်းအထန်ကန့်ကွက်မှုများကြားက နာဂစ်မုန်တိုင်းအပြီး ရက်ပိုင်းအတွင်း အတင်းအဓမ္မပြုလုပ်ခဲ့သည်။ ထိုဆန္ဒခံယူပွဲတွင် ပြည်သူ ၂၇ သန်းကျော်က မဲပေးခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံမှု ၉၂ ဒသမ ၄၈ ရာခိုင်နှုန်းက ထောက်ခံခဲ့သည်ဟု စစ်ဗိုလ်ချုပ်များက ကြေညာခဲ့သည်။​

နာဂစ်မုန်တိုင်းထက်ပင် လေတိုက်နှုန်းပြင်းထန်သည့် မိုခါမုန်တိုင်း တိုက်ခတ်အပြီး ထိခိုက်ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်နေချိန် စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများ၏ အသိအမှတ်ပြုမှုကို အမိအရ ရယူလျက်ရှိသည်။

မိုခါမုန်တိုင်း ဝင်ရောက်ပြီးနောက် နှစ်ရက်အကြာ မေလ ၁၆ ရက်နေ့၌ နိုင်ငံခြားရေးဝန်ကြီးထံ UNHCR ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်သစ်က ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ မြန်မာနိုင်ငံဆိုင်ရာညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ်ဖြစ်သူ Stephen Anderson ကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ယခုရက်ပိုင်းအတွင်း လက်ခံတွေ့ဆုံခဲ့ကြောင်းလည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂ၌ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးကျော်မိုးထွန်းက အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုကြောင်း ကြေညာခဲ့ရာ စစ်ကောင်စီအနေဖြင့် ကုလ၌ ကိုယ်စားပြုခွင့်မရ ဖြစ်နေသည်။

ထိုအချက်ကို စစ်ကောင်စီက မကျေမနပ်ဖြစ်နေပြီး ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်းက ကုလအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာနှင့် တွေ့ဆုံစဉ် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

ပဋိပက္ခနှင့် မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခများ လျော့ပါးသက်သာစေရန်အလို့ငှာ နေပြည်တော်သွားရောက်ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် စစ်ကောင်စီကို မည်သို့သော တရားဝင်မှုကိုမျှ ပေးအပ်ခြင်း မဟုတ်ကြောင်း နိုလင်းဟေဇာက ခရီးစဉ်အပြီး ထုတ်ဖော်ပြောဆိုခဲ့ရာ စစ်ကောင်စီက စာမျက်နှာ ၂၈ မျက်နှာပါ ကြေညာချက်ဖြင့် ချက်ချင်းတုံ့ပြန်ခဲ့သည်။

ကုလအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကုလသမဂ္ဂအနေဖြင့် ၎င်းတို့ကို အသိအမှတ်ပြုမှသာ တွေ့ဆုံဆွေးနွေးရေးနှင့် အခြားသောလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်မည်ဆိုသည့်သဘော ပြောဆိုခဲ့ကြောင်း ထိုကြေညာချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ အပါအဝင် မုန်တိုင်းဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကူညီခွင့်ရရေး စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းများကို ဆက်လက်ကန့်သတ်နေသည်။

ရန်ကုန် – စစ်တွေလမ်း ပြန်ပွင့်နေပြီဖြစ်ကာ ယမန်နေ့မှစ၍ စစ်တွေလေဆိပ် ပြန်ဖွင့်ခဲ့ပြီး ပုဂ္ဂလိကလေကြောင်းလိုင်းများ စတင်ပြေးဆွဲနေပြီဖြစ်သော်လည်း ကုလအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီ၏ ခွင့်ပြုချက်ရမှသာ မြေပြင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်မည် ဖြစ်သည်။

“လုပ်စရာတွေ အများကြီးရှိနေတယ်။ မုန်တိုင်းသင့်ပြည်သူတွေဆီ အရောက်သွားနိုင်ဖို့ အာဏာပိုင်တွေဆီကနေ ခရီးသွားလာခွင့် လိုပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေအတွက် အကောက်ခွန် ကင်းရှင်းပေးဖို့လည်း လိုပါတယ်” ဟု ကုလ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ Ramanathan Balakrishnan က ယခုလ ၁၆ ရက်နေ့ကတည်းက ထုတ်ဖော်ပြောဆိုထားသည်။

မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၄၀ ကျော်ဖြင့် စစ်တွေမြို့အနီးမှ ကုန်းပိုင်းဖြတ်ကျော်ဝင်ရောက်ခဲ့သော မိုခါမုန်တိုင်းကြောင့် ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အတိအကျ မသိရသေးပေ။

သို့သော် ထိခိုက်သေဆုံးမှုအရေအတွက် တိုးလာနေပြီး ယမန်နေ့ (မေ ၁၈) မွန်းလွဲပိုင်းအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ ၅၄ ဦး သေဆုံးပြီး လူနေအိမ် ၁၈၃,၀၂၄ လုံး၊ သာသနိကအဆောက်အအုံနှင့် ဘုန်းကြီးကျောင်း ၁၇၇၀ ခု၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ တိုင်၊ လေဆိပ် ၂ ခု၊ ဈေး ၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၃၄၀ ပျက်စီးသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

မုန်တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သော စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ရာနှင့်ချီ သေဆုံးသည့်အပြင် ပျောက်ဆုံးနေသူများ ရှိနေသော်လည်း စစ်ကောင်စီက ထည့်သွင်းပြောဆိုခြင်း မရှိပေ။

မိုခါမုန်တိုင်းဒဏ်ကို အဆိုးဆုံး ထိခိုက်ခံစားခဲ့ရသော ချင်းပြည်နယ်မှ မြို့နယ် ၄ ခုနှင့် ရခိုင်ပြည်နယ်မှ ၁၄ မြို့နယ်၌ လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေး ဒုတိယဗိုလ်ချုပ်ကြီးအဆင့်၊ ဗိုလ်ချုပ်နှင့် ဗိုလ်မှူးချုပ်အဆင့်ရှိ စစ်တပ်အရာရှိကြီးများ ကို တစ်မြို့နယ်လျှင် တစ်ဦးစီ စေလွှတ်မည်ဟုလည်း စစ်ကောင်စီက ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button