သတင်း

Factbox: မိုခါမုန်တိုင်းနှင့် နောက်ဆက်တွဲအခြေအနေ သိရှိရသမျှ

မိုခါမုန်တိုင်းဖြစ်ပေါ်လာပုံအဆင့်ဆင့် 

မေ ၆ တွင် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း (Low Pressure) ဖြစ်ပေါ်နိုင်ကြောင်း ကြေညာ။ မေ ၉ တွင် မုန်တိုင်းငယ် (Depression) အဖြစ် ရောက်ရှိကာ မေ ၁၁ တွင် ဆိုင်ကလုန်းမုန်တိုင်း မိုခါ (Mocha) အဖြစ် ရောက်ရှိခဲ့။

မေ ၁၁ ညနေ ၆ နာရီတွင် မြန်မာ့ကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနိုင်သဖြင့် လိမ္မော်ရောင်အဆင့် စတင်သတ်မှတ်ပြီး ထိုနေ့ည ၉ နာရီခွဲအချိန်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိကြောင်း ကြေညာ။

ကမ္ဘာ့မိုးလေဝသစောင့်ကြည့်ရေးဌာနများနှင့် အိန္ဒိယနိုင်ငံမိုးလေဝသဌာနများက မုန်တိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇာမြို့ကြားကို ဖြတ်သန်းဝင်ရောက်မည်ဖြစ်ပြီး မုန်တိုင်းဗဟိုချက်သည် စစ်တွေမြို့ဖြစ်သည်၊ မုန်တိုင်းကြောင့် တစ်နာရီလျှင် မိုင် ၁၄၀ ကျော် လေပြင်းတိုက်ခတ်ပြီး အလွန်ဖျက်အားပြင်းမည်ဟု ထုတ်ပြန်နေခဲ့သည်။

မေ ၁၂ နံနက်ပိုင်းတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိကာ မေ ၁၃ တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် သတ်မှတ်။ မေ ၁၃ နံနက် ၇ နာရီတွင် စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းဝင်ရောက်မည့် အနီရောင်အဆင့်ဟု သတ်မှတ်။

မေလ ၁၄ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် စစ်တွေမြို့အနီး စတင်ဖြတ်ကျော်နေသည့် အညိုရောင်အဆင့်သတ်မှတ်။ မေ ၁၅ နံနက် ၁၁ နာရီတွင် မြန်မာနိုင်ငံမှ ဖြတ်ကျော်ပြီးအဆင့် အစိမ်းရောင်သတ်မှတ်။

မုန်တိုင်းတိုက်ခတ်မှုအတိုင်းအတာ 

မေ  ၁၄ ၌ စစ်တွေမြို့အနီးမှ ကုန်းတွင်းပိုင်းဖြတ်ကျော်ဝင်ရောက်စဉ် အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၁၃၀ မှ ၁၃၇ မိုင်နှင့် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းအမြင့် ၁၆ ပေမှ ပေ ၂၀ အထိ ရှိနိုင်ဟု မိုးဇလဌာနက ခန့်မှန်းထုတ်ပြန်ခဲ့ပြီး Joint Typhoon Warning Center အဆိုအရ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၄၀ ကျော်အထိ ရှိခဲ့။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသတို့အကြား စစ်တွေမြို့အနီးမှ မေလ ၁၄ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် ကုန်းတွင်းပိုင်း ဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများ

ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်း (WMO) အဆိုအရ ဘင်္ဂလားပင်လယ်အော်တွင် နှစ်စဉ် မေလနှင့် နိုဝင်ဘာလတို့အတွင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်လေ့ရှိသည်။ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများအနက် ၁၉၇၀ ပြည့်နှစ်နှင့် ၁၉၉၁ ခုနှစ်တို့က ဖြစ်ပေါ်ခဲ့သော မုန်တိုင်းများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ လူပေါင်း သန်းဝက်ခန့်နှင့် လူပေါင်း တစ်သိန်းသုံးသောင်း ရှစ်ထောင်ကျော်အထိ သေဆုံးခဲ့ရသည်။

၁၉၉၉ တွင် Odisha အမည်ရ မုန်တိုင်းသည် လူပေါင်းတစ်သောင်း သေဆုံးစေခဲ့ကာ ၂၀၀၇ တွင် Sidr အမည်ရ မုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း၌ လူ ၄၀၀၀ ထက်မနည်း သေဆုံးခဲ့။

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းသုံးသောင်း ရှစ်ထောင်ကျော် သေဆုံးခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်တောင်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သော ဂီရိမုန်တိုင်းကြောင့် လူ ၁၅၇ ဦး သေဆုံးခဲ့သည်။

မိုခါမုန်တိုင်း သက်ရောက်ရာ ဒေသများ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်မုန်တိုင်း မိုခါကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်း ၈ ခု၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကာ ရခိုင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီ၊ ချင်း၊ ပဲခူးနှင့် နေပြည်တော်တို့ဖြစ်သည်။

ရခိုင်ပြည်နယ်သည် မုန်တိုင်းဒဏ်ကို အဆိုးရွားဆုံး ထိခိုက်ခံစားရကာ ချင်းပြည်နယ်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း ထိခိုက်ပျက်စီးမှုအများအပြား ဖြစ်ပေါ်ခဲ့သည်။ ရခိုပြည်နယ်အတွင်း ထိခိုက်ပျက်စီးသည့် မြို့နယ်များအနက် စစ်တွေနှင့် ရသေ့တောင်တို့မှာ အဆိုးဆုံးဖြစ်သည်။

မုန်တိုင်းဖြတ်ကျော်ပြီးနောက် ရခိုင်ပြည်နယ်မှ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊​ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ ဘူးသီးတောင်၊ မောင်တော၊​ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ စသည့် မြို့နယ်များနှင့် ချင်းပြည်နယ်မှ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ် ကျရောက်ရာ ဒေသများအဖြစ် စစ်ကောင်စီက ကြေညာခဲ့သည်။

မုန်တိုင်းလမ်းကြောင်းရှိ လူဦးရေနှင့် ရွှေ့ပြောင်းနိုင်မှု

မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့သော အလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းမိုခါ ဖြတ်သန်းတိုက်ခတ်ရာ လမ်းကြောင်းပေါ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အချို့ဒေသများ အပါအဝင် လူဦးရေ ၅ ဒသမ ၄ သန်းရှိသည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားပြီး မုန်တိုင်းဒဏ်ကို အများဆုံး ထိခိုက်ခံစားရနိုင်သည့် လူဦးရေမှာ ၃ ဒသမ ၁ သန်းအထိ ရှိသည်။

မုန်တိုင်းမဝင်ရောက်မီ မြန်မာနိုင်ငံတွင် လူပေါင်း တစ်သိန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူပေါင်း ၇၅၀,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု ကုလက ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း ဒေသခံများနှင့် ပူးပေါင်း၍ လူပေါင်း တစ်သိန်းကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) က ထုတ်ဖော်ပြောဆိုသည်။

မြောက်ဦးမြို့ပေါ်သို့ တိမ်းရှောင်လာသည့် ဒေသခံတချို့။ (ဓာတ်ပုံ-ပေးပို့)

မုန်တိုင်းမကျရောက်မီ ကာလအတွင်း ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊​ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်များ၌ ဒေသခံ ၂၃,၇၀၀ ဦးကို သဘာဝဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) များသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး အခြားပြည်သူ ၆၂၆,၈၄၉ ဦးကိုလည်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်ဟု စစ်ကောင်စီက ဆိုသည်။​ ထို့ပြင် ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေသူများအနက် ၆၂,၃၁၉ ဦးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်ဟု ဆိုသည်။

ထိခိုက်သေဆုံးမှု

မိုခါမုန်တိုင်းကြောင့် မြန်မာနိုင်ငံတွင် သေဆုံးသူ ၄၁ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၇၀၀ ရှိကြောင်း သတင်းဌာနများကို ကိုးကား၍ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က မေ ၁၆ တွင် ထုတ်ပြန်သည်။

မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ရာ ထိခိုက်သေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ အတိအကျ မသိရသေးပေ။ ထိခိုက်သေဆုံးအရေအတွက် တိုးလာနေပြီး ယမန်နေ့ (မေ ၁၇) မွန်းလွဲပိုင်းအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သေဆုံးသူ ၄၈ ဦးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်တွေမြို့အနီး ပင်လယ်ကမ်းစပ်တစ်လျှောက်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများ၌လည်း သေဆုံးသူ ရာချီရှိနေပြီး ပျောက်ဆုံးနေသူများလည်း ရှိနေသည်။ မုန်တိုင်းအတွင်း ရုတ်တရက် ရေကြီးရေလျှံဖြစ်ကာ မကွေးတိုင်း ဆင်ဖြူကျွန်း၌လည်း လူ ၃ ဦး ရေစီးနှင့် မျောပါ သေဆုံးခဲ့သည်။

စစ်ကောင်စီ၏ စာရင်းတွင် ဆင်ဖြူကျွန်းမှ သေဆုံးသူ ၃ ဦးကို ထည့်သွင်းမထားသည့်နည်းတူ ရိုဟင်ဂျာဒုက္ခသည်စခန်းများမှ သေဆုံးမှုများအကြောင်း ထည့်သွင်းပြောဆိုခြင်းလည်း မရှိပေ။

ဓာတ်ပုံ – Getty Image

ပျက်စီးဆုံးရှုံးမှုအနေအထား

မိုခါမုန်တိုင်းကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူနေအိမ် ၄၄,၉၂၈ လုံး၊ သာသနိကအဆောက်အအုံနှင့် ဘုန်းကြီးကျောင်း ၄၃၅ ကျောင်း၊ စာသင်ကျောင်း ၄၃၉ ကျောင်း၊ ဆေးရုံဆေးခန်း ၅၉ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ တိုင်၊ လေဆိပ် ၂ ခု၊ ဈေး ၁ ခုနှင့် ဌာနဆိုင်ရာအဆောက်အအုံ ၁၅၈ လုံး ပျက်စီးသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မကွေးတိုင်းရှိ ရွာပေါင်း ၉၈ ရွာ၌ နေအိမ် ၃၆၇၆ အထိ လုံးဝပျက်စီးသွားကာ ချင်းပြည်နယ်တွင် နေအိမ် ၇၂၄ လုံး၊ စာသင်ကျောင်း ၉ ကျောင်းနှင့် ဘုရားရှိခိုးကျောင်း ၁၀ ကျောင်း အမိုးလန်ပျက်စီးသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်တွင် လျှပ်စစ်နှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေဆဲဖြစ်ကာ စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများ အကြီးအကျယ် ထိခိုက်ပျက်စီးသည်ဟု UNICEF က ဆိုသည်။

မုန်တိုင်းဗဟိုချက်အတွင်း ကျရောက်ခဲ့သော စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ဝန်း၌ ထိခိုက်ပျက်စီးမှုများ အကြီးအကျယ်ဖြစ်ပေါ်ခဲ့ကာ အချို့သောမြို့များမှာ ၉၀ ရာခိုင်နှုန်းအထိ ပျက်စီးသည်ဟု ဒေသခံများက ဆိုသည်။

နေရာဒေသအလိုက် ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ စိစစ်အကဲဖြတ်နိုင်ရေးအတွက် ဖြတ်သန်းသွားလာခွင့်နှင့် ဝင်ရောက်ခွင့်ရရှိရန် ကြိုးပမ်းနေဆဲဖြစ်ကာ စစ်ကောင်စီက ခွင့်မပြုသေးကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုသည်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးနောက် မေလ ၁၅ ရက် ညနေတွင် စစ်တွေမြို့တစ်လျှောက် အပျက်အစီးများကို တွေ့ရစဉ်။ ဓာတ်ပုံ – ပိုးဥ/Myanmar Now

အရေးပေါ် အကူအညီ 

မုန်တိုင်းဒဏ် ခံစားရသည့် ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စစ်တပ်ပိုင် လေယာဉ်များ၊ ရေယာဉ်များ၊ ကုန်တင်ယာဉ်များဖြင့် ရိက္ခာနှင့် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ပို့ဆောင်ပေးနေကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

သို့သော် ရခိုင်ပြည်နယ်မြို့တော်၌ အပျက်အစီးများကို ကိုယ်ထူကိုယ်ထ ရှင်းလင်းနေရပြီး စားဝတ်နေရေး အခက်အခဲရှိနေကြောင်း၊ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်း မရှိကြောင်း စစ်တွေမြို့ခံတို့က ဆိုသည်။ စစ်တွေမြို့တွင် လက်ရှိ၌ စားနပ်ရိက္ခာ ဝယ်မရဖြစ်နေပြီး၊ ကုန်ဈေးနှုန်းလည်း အဆမတန်ကြီးမြင့်နေသည်၊ ထို့ပြင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများလည်း ပြတ်တောက်နေဆဲဖြစ်သည်ဟု ဆိုသည်။

မုန်တိုင်းသင့်ဒေသများတွင် အရေးပေါ်လိုအပ်ချက်များအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများ၊ အမိုးအကာ၊ အစားအသောက်၊ သန့်ရှင်းသောရေနှင့် မိလ္လာစနစ်တို့ဖြစ်သည်ဟု ကုလသမဂ္ဂအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အနေဖြင့် မုန်တိုင်းသင့်ဒေသများမှ လူပေါင်းနှစ်သိန်းအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ပစ္စည်းများ ပံ့ပိုးပေးနိုင်ရန် စီစဉ်ထားပြီး ဝမ်းပျက်ဝမ်းလျှောနှင့် အခြားရောဂါများ ဖြစ်နိုင်ခြေကြောင့် သန့်ရှင်းသောသောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေး ခက်ခဲနေသည်ဟုလည်း ဆိုသည်။

“နဂိုမူလကတည်းက လိုအပ်ချက်တွေရှိနေတဲ့ ဒေသတွေကို မုန်တိုင်းတိုက်ခတ်ခဲ့တာဖြစ်တဲ့အတွက် တကယ့် အိပ်မက်ဆိုးပါပဲ” ဟု ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ramanathan Balakrishnan က ပြောဆိုသည်။

ပြန်လည်ထူထောင်ရေးနှင့် ဘဏ္ဍာရေးလိုအပ်ချက်  

မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေ အပါအဝင် ငွေကြေးနှင့် ပစ္စည်းများ ထောက်ပံ့လှူဒန်းနိုင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

မေ ၁၅ ၌ အလှူငွေ ကျပ်သိန်းပေါင်း ၁၃၁,၈၁၀ လက်ခံရရှိခဲ့ပြီး ရခိုင်ပြည်နယ်အတွက် ကျပ်သိန်း ၇၀,၀၀၀ ပေးသွားမည်ဟု ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ရာ၌ မူလအခြေအနေထက် ပိုကောင်းအောင် လုပ်မည်ဟုလည်း အာဏာသိမ်းခေါင်းဆောင်က ဆိုသည်။

မုန်တိုင်းသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်ကြီးမားသည့်နည်းတူ ဘဏ္ဍာငွေအမြောက်အမြား ဖြည့်ရန် လိုအပ်နေသည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။

၂၀၂၃ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစီမံချက် (Myanmar Humanitarian Response Plan 2023) အရ ရန်ပုံငွေဒေါ်လာ ၇၆၄ သန်း တောင်းခံထားရာ၌ ၁၀ ရာခိုင်နှုန်းသာ ရရှိသေးကြောင်း၊ ထိုပမာဏတွင် မိုခါမုန်တိုင်းအတွက် မပါဝင်ကြောင်း OCHA ကလည်း ထုတ်ပြန်သည်။

လက်ရှိအချိန်ထိ မုန်တိုင်းသင့်ပြည်သူများအတွက် စင်ကာပူအစိုးရက အမေရိကန်ဒေါ်လာ ငါးသောင်းနှင့် အမေရိကန်က ဒေါ်လာနှစ်သိန်း လှူဒါန်းကူညီဟု ကြေညာထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button