သတင်း

COVID-19 နာမည်ပါ Facebook Group အချို့မှာ သတင်းမှားဖြန့်ရာနေရာများဖြစ်လာ

ကိုဗစ်နိုင်တင်း ပိုးတွေ့လူနာ စတင်တွေ့ရှိသည့် မတ် လကတည်းက ဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းမှားများမှာ နည်းလမ်းပေါင်းစုံ၊ ပုံစံမျိုးစုံတို့ဖြင့် ထွက်ပေါ်နေသည်။ ကိုဗစ်ကာလမှာ သတင်းမှားဖြန့်ဝင်ငွေရှာလျက်ရှိသူများအတွက် အကြောင်းအရာအသစ်တစ်ခုဖြစ်လာပြီး သတင်းမှားရေးသားဖြန့်ဝေ၍ကောင်းသည့် အကြောင်းအရာသစ် ဖြစ်လာသည်။

သတင်းမှားဖြန့်သူများ အသုံးပြုသည့်နည်းလမ်းများတွင် လူအများစိတ်ဝင်စားစေရန် ကိုဗစ်ကာကွယ်ရေး၊ ကိုဗစ်သတင်းများ စသည်ဖြင့် နာမည်အမျိုးမျိုးပေးထားသည့် Facebook တွင် Public Group များဖွင့်ကာ သတင်းမှားဖြန့်နည်းမှာလည်း တစ်ခုအပါအဝင်ဖြစ်သည်။

သတင်းမှားများကို ကာကွယ်ရန်နှင့် အစိုးရ၏ထုတ်ပြန်ချက်များ၊ ယုံကြည်ရသည့် သတင်းများကို မျှဝေရန်ဟုဆိုကာ လူငယ်အချို့နှင့် နည်းပညာစိတ်ဝင်စားသူလူငယ် အချို့က အစပိုင်းတွင် COVID-19 သတင်းမှန်ရရှိရေးကဲ့သို့ Facebook Group များဖွင့်ခဲ့ကြသည်။ သို့သော် များပြားသည့် အင်တာနက်အသုံးပြုသူများအကြား၊ ဒစ်ဂျစ်တယ်အသိပညာ နည်းပါးသည့် လူများကို ဦးတည်၍ COVID-19 စာသားပါသည့် Group ပေါင်းများစွာပေါ်လာခဲ့သည်။

COVID နာမည်ကို ယူ၍ သတင်းမှားဖြန့်ကြသည့် Group များအနက် Myanmar Covid Up To Date News ဟုအမည်ပေးထားသော လူဦးရေ ၅၇,၀၀၀ ကျော်ရှိသည့် Facebook Group မှာ အဓိကဖြစ်သည်။ ၎င်းနှင့် ဆက်စပ်လျက်ရှိသော Facebook ၏ Instant Articles များမှတဆင့် လူမှုကွန်ရက်ပေါ်သို့ သတင်းမှားများ ဖြန့်ဝေနေခြင်းဖြစ်သည်။

အဆိုပါ Facebook Group သည် Public ဖြစ်ပြီး ယမန်နှစ် ၂၀၁၉ အောက်တိုဘာ ၂၅ က စ ထောင်ခဲ့သည်ကို တွေ့ရသည်။ Group အမည် သုံးကြိမ်တိတိ ပြောင်းလဲခဲ့သည်။ နိုင်ငံရေးသတင်းနှင့် စစ်သတင်းများ အမည်ဖြင့် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ တွင် နိုင်ငံရေးသတင်းစုံ ဟု ပြောင်းလဲခဲ့သည်။ ၂၀၂၀ မတ် ၃၀ တွင် Myanmar Covid Up To Date News အမည်သို့ ပြောင်းလဲခဲ့သည်။

Group ကိုထိန်းချုပ်ထားသူ ၅ ဦးခန့်ရှိပြီး ထိန်းချုပ်ထားသည့် ၄ ဦးမှာ လူပုဂ္ဂိုလ်နာမည်နှင့် အသုံးပြုသည့် Facebook Account များမဟုတ်သည့် Facebook Page များဖြစ်သည်။ ယင်းအနက် တစ်ဦးမှာ Nay Phyoe Pying (facebook.com/profile.php?id=100009421820869) ဆိုသည့် Personal Account တစ်ခုပါဝင်သည်။

Group ကို ထိန်းချုပ်ထားသည့် Facebook Page များသည် Global Daily Updates , စစ်သတင်းများ, Cele Star, စစ်သတင်းများစုစည်းရာ စသည့် အမည်များဖြင့် တစ်ဖက်တွင်လည်း သတင်းမှားဖြန့်ဝေနေသည့် Page များဖြစ်သည်။

Global Daily Updates အမည်ပေးထားသော Facebook Page သည် ၂၀၁၈ ဧပြီက စတင်ပေါ်ပေါက်ခဲ့ပြီး ထိန်းချုပ်ထားသူ ၁၀ ဦးမှာ မြန်မာနိုင်ငံတွင်နေထိုင်သူများဟု တွေ့ရသည်။

စစ်သတင်းများ အမည်ပေးထားသော Facebook Page သည် ၂၀၁၈ ဧပြီက ပေါ်ပေါက်ခဲ့ပြီး Page အားထိန်းချုပ်ထားသူ ၆ ဦးရှိသည်။ အားလုံးမှာ မြန်မာနိုင်ငံတွင်းမှ ဖြစ်သည်။

Cele Star အမည်ပေးထားသော Facebook Page သည် ၂၀၁၇ ဒီဇင်ဘာက ပေါ်ပေါက်ခဲ့ပြီး Page အားထိန်းချုပ်ထားသူ ၇ ဦးအနက် ၆ ဦးမှာ မြန်မာနိုင်ငံမှဖြစ်၍ ၁ ဦးမှာ ထိုင်းနိုင်ငံမှဖြစ်သည်။

စစ်သတင်းများစုစည်းရာ ဟု အမည်ပေးထားသော Facebook Page သည် ၂၀၁၂၀ မတ် ၁ ကမှ စ ထောင်ခဲ့ပြီး ထိန်းချုပ်ထားသူ ၄ ဦးရှိကာ မြန်မာနိုင်ငံမှပင်ဖြစ်သည်။

Myanmar Covid Up To Date News အမည်ဖြင့် သတင်းမှားများပျံ့နှံ့နေသော အဆိုပါ Facebook Group တွင် ၎င်းနှင့်ဆက်စပ်နေသည့် Instant Articles နှင့်ချိတ်ဆက်ကာ သတင်းမှားဖြန့်ဝင်ငွေရှာလျက်ရှိသည့် ဝက်ဘ်ဆိုက်များဖြစ်သော khitstyle.com, aungthapyay.com, dnaethadin.com စသည်တို့မှ သတင်းမှားများကို ဖြန့်ဝေခဲ့ကြသည်။

အလားတူ ဝူဟန်.ကိုရိုနာဗိုင်းရပ်.Covit.19ရောဂါအကြောင်းသိကောင်းစရာ ဟု အမည်ပေးထားသော လူဦးရေ ၆၀၆ ဦးရှိသည့် Facebook Group သည် မတ် ၂၄ ကမှ စတင်ခဲ့သည်။ အဆိုပါ Facebook Group အား Chaw Ei Soe ဟူသော Personal Account မှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Chaw Ei Soe ၏ Personal Account မှ ကိုဗစ်နိုင်တင်းနှင့် ပတ်သက်သော သတင်းမှားများ ဖြန့်ဝေနေသည်ကို တွေ့ရသည်။

သတင်းမှားများနှင့် ပတ်သက်၍ Admin ဖြစ်သူ Chaw Ei Soe ကို ဆက်သွယ်မေးမြန်းခဲ့ရာ “အစပိုင်းကတော့ တက်လာတဲ့သတင်းတွေ Share ပေးတာပါ။ အမှားအမှန် သေချာမသိပါ။ နောက်ပိုင်းသေချာတဲ့ သတင်း အတတ်နိုင်ဆုံးတင်ပေးပါတယ်။ Friend တချို့သိရအောင်ပါပဲ” ဟု ဆိုသည်။

Show More

Related Articles

Back to top button