အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ပညာရေးသတင်း

ဇွန်လတွင် အခြေခံပညာကျောင်းများ ပြန်မဖွင့်နိုင်ပါက ပုံစံနှစ်မျိုးဖြင့်သင်ကြားရန်စီစဉ်

အခြေခံပညာကျောင်းများ ဇွန်လတွင် ပြန်မဖွင့်နိုင်ပါက ကျောင်းသားများအိမ်မှာသာနေပြီး အင်တာနက်မှတစ်ဆင့်ဖြစ်စေ၊ ပုံနှိပ်စာအုပ်အိမ်အထိပို့ပေးပြီး လေ့လာခြင်းဖြင့်ဖြစ်စေ သင်ယူစေမည်ဟု ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ယခုလ ၁၅ ရက်အထိ လူစုလူဝေးမလုပ်ရန် အစိုးရက ထုတ်ပြန်ထားပြီး စာသင်ကျောင်းများ ဖွင့်၊ မဖွင့်မှာလည်း ယင်းနေ့နောက်ပိုင်းတွင် ချမှတ်မည့် နိုင်ငံတော်၏ မူဝါဒပေါ်တွင် မူတည်နေကြောင်းနှင့် အကယ်၍ မဖွင့်နိုင်ပါက အွန်လိုင်းမှ သင်ကြား၊ ပို့ချမှုများလုပ်ရန် စီစဉ်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့် သောကြာနေ့က ပြောဆိုထားသည်။

ဇွန်လအတွင်း စာသင်ကျောင်းများမဖွင့်နိုင်ပါက ရှေ့ပြေးစီမံချက်အဖြစ် ဒေသအချို့တွင် အွန်လိုင်းစနစ်ဖြင့် စမ်းသပ်သင်ကြားမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ထိုစနစ်ကျင့်သုံးရန်မှာ မဖြစ်နိုင်ဟု အခြေခံပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးကိုလေးဝင်းက ပြောသည်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား ၉ ဒသမ ၇ သန်းကို Online Learning လုပ်ဖို့ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုသည်။

အွန်လိုင်းမှသင်ကြားရန် အဆင်မပြေသည့်ဒေသများရှိ ကလေးများထံ ပုံနှိပ်စာအုပ်များပေးပို့မည်ဖြစ်ပြီး အိမ်မှာနေရင်းလေ့လာနိုင်သည့် (Home Schooling) စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လေ့လာရမည်များကို ကြိုတင်ပေးထားပြီး အဆိုင်းမန့်(Assignment) များလုပ်ခိုင်းခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ၈ မြို့နယ်တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်ပြီး အဆိုပါဒေသများရှိ ကလေးများအတွက် အွန်လိုင်းသင်ကြားမှုစနစ် မည်သို့ဖြစ်မည်ကိုတော့ မသိရသေးပေ။

မြန်မာနိုင်ငံတွင် အိုင်တီနည်းပညာကို လက်လှမ်းမမီသူ များစွာရှိသည့်အတွက် ကျောင်းသား၊ ကျောင်းသူများကို အွန်လိုင်းတွင် စာသင်ရန် ခက်ခဲဦးမည်ဖြစ်ကာ ဆရာ၊ ဆရာမများအတွက်ပင် စိန်ခေါ်မှုရှိနိုင်သည်ဟု အခြေခံပညာကျောင်းများမှ ဆရာအချို့က သုံးသပ်သည်။

“ကျွန်တော်တို့ ဆရာ၊ ဆရာမတွေကို အွန်လိုင်းကနေ သင်တန်းပေးတာတောင်မှ အဆင်မပြေမှုတွေ အများကြီး ကြုံတွေ့လာနိုင်သေးတာ။ ကလေးတွေကို သင်မယ်ဆိုတော့ စဉ်းစားလို့တောင် မရဘူး” ဟု၊ မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ကန်ဆင့်ကျေးရွာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဦးစိန်လွင်က ပြောသည်။

တစ်ဖက်တွင်လည်း လက်ရှိအခြေအနေအရ စာသင်ကျောင်းများကို ဇွန်လအတွင်း ပြန်ဖွင့်နိုင်သည့်တိုင်အောင် မိမိ၏ သား၊ သမီးများကို ကျောင်းပို့ရန် စိုးရိမ်နေသည့် မိဘများလည်း ရှိနေသည်။

“ဂရုစိုက်တဲ့ မိဘတွေလည်း ရှိသလို ဂရုမစိုက်ဘဲ ပြီးပြီးရောနေတဲ့ မိဘတွေလည်း ရှိတာဆိုတော့ ကိုယ့်ကလေးက အဲ့လိုကလေးတွေနဲ့ အတူတူမထိုင်ဘူးလို့ ပြောလို့မရဘူး။ တစ်တန်းတည်း၊ တစ်ခုံတည်း ထိုင်ရင်လည်း ထိုင်ရမှာပဲ။ အဲ့တော့ စိုးရိမ်မှုတော့ ရှိတာပေါ့။ ကျောင်းလွှတ်ဖို့ တော်တော်စဉ်းစားရမယ်” ဟု ပျဉ်းမနားမြို့နေ၊ ကျောင်းသားနှစ်ဦး၏ဖခင် ဦးသန်းထူးက ပြောသည်။

ပညာရေးဝန်ကြီးဌာနကမူ ဇွန်လအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရမည်ဆိုပါကလည်း စိတ်ချရသည့် ကာလရောက်သည့်တိုင်အောင် ကိုဗစ်နိုင်တင်းရောဂါ ကာကွယ်ရေးအစီအမံများအတိုင်း ကျောင်းသားများ စနစ်တကျလိုက်နာရမည်ဟုဆိုသည်။

ကျောင်းသားများ နှာခေါင်းစည်း၊ ပါးစပ်စည်းများတပ်ခြင်း၊ သတ်မှတ်အကွာအဝေးမှ ပြောဆိုဆက်ဆံခြင်း၊ ထိုင်ခြင်း စသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ အချို့ကျောင်းသားများသော ကျောင်းများမှာ အချိန်ခွဲကျောင်းတက်ခြင်းတို့ လုပ်ဆောင်ရဖွယ်ရှိကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုသည်။

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာအထက်တန်းကျောင်း(ခွဲ)မှ အလယ်တန်းပြကျောင်းဆရာ ဦးနေသူဝင်းက “ကျန်းမာနေရင် ဘယ်အချိန်ချိန်သင်သင် သင်လို့ရတယ်။ ခဏတာလေး နောက်ကျရုံနဲ့၊ ဆိုင်းငံ့ထားရုံနဲ့တော့ ဘာမှမဖြစ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ထိန်းချုပ်နိုင်တဲ့ အခြေအနေကိုပဲ စောင့်စေချင်တယ်” ဟု မှတ်ချက်ပြုသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကောင်းမွန်သည့် ပညာရေးစနစ်ဖြစ်ပေါ်စေရေးအတွက် အထောက်အပံ့ပေးနေသည့် Global Partnership for Education အဖွဲ့ကလည်း မြန်မာ့ပညာရေးအတွက် အမေရိကန်ဒေါ်လာ ၁၅ သန်း ထောက်ပံ့ပေးထားကြောင်း၊ ကိုဗစ်နိုင်တင်း အရေးပေါ်ကာလနှင့် ပြန်လည်ထူထောင်ရေး ကာလတွင် လုပ်ဆောင်ရမည့် ၁၈ လစီမံကိန်းကို ရေးဆွဲနေပြီး ထောက်ပံ့ငွေများကို အခြေခံပညာနှင့် ဆရာအတတ်သင်ပညာရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှသိရသည်။

ယနေ့ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၅၅ ဦးရှိပြီး စောင့်ကြည့်လူနာပေါင်း ၃၂၉၉ ဦးရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Related Articles

Back to top button