သတင်း

Fact-Check | ရခိုင်ကို မုန်တိုင်းဝင်မည် ဆိုသည်မှာ သတင်းမှားသာဖြစ်

ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့၌ ဧပြီလကုန်ပိုင်းနှင့် မေလတွင် မုန်တိုင်း နှစ်စဉ်ပုံမှန်ဖြစ်ပွားလေ့ရှိပြီး ယင်းအခြေအနေကို အခွင့်ကောင်းယူကာ သတင်းမှားများ ဖြန့်ဝေနေသည်ကို တွေ့ရသည်။

ပထဆုံး စတင်ပျံ့နှံ့ခဲ့ပြီး ပျံ့နှံ့မှုအားကောင်းသည့် သတင်းမှားမှာ ဧပြီ ၂၉ ညဉ့်သန်းခေါင်အချိန်တွင် ရခိုင်ကို မုန်တိုင်းဝင်မည်ဆိုသည့် သတင်းမှားဖြစ်ပြီး ကီလိုမီတာ ၁၀၀ အထိပင် တိုက်ခတ်နိုင်သည်ဟု ရေးသားထားသည်။ အဆိုပါသတင်းမှားတွင် ‘အရေးပေါ်သတိပေးချက်’ နှင့် ‘မုန်တိုင်းဖြတ်သန်းမည့် ဒေသများ’ ဟု ပါဝင်သေးသည်။

ယင်းသတင်းမှားကို ဧပြီ ၂၄ ညနေ ၅ နာရီတွင် အသောက (facebook.com/profile.php?id=100033620348415) ဆိုသည့် Account က စတင်ခဲ့ပြီး ညနေ ၅ နာရီ ၁၁ မိနစ်တွင် Sit Nyein Aung (facebook.com/sit.n.aung.3954546) ဆိုသည့် Account က ပြန်လည်မျှဝေခဲ့ရာ ပြန်လည်မျှဝေမှု ၁၆,၀၀၀ ကျော်အထိ ရှိခဲ့သည်။ ထို့အပြင် သတင်းမှားဖြန့်ဝေက ဝင်ငွေရှာနေကြသည့် ဝက်ဘ်ဆိုက်များကလည်း ပြန်လည် ကူးယူဖော်ပြနေကြသည်။

သတင်းမှားဖြန့်နေသည့် Facebook Account များ

သတင်းမှားဖြန့်နေသည့် Facebook Account များ

ယင်းအကြောင်းအရာမှာ လက်ရှိမိုးလေဝသ အခြေအနေမဟုတ်ဘဲ ၂၀၁၈ ခုနှစ်က တင်ခဲ့သည့် ဖြစ်ရပ်အဟောင်းသာဖြစ်ပြီး မေ ၂၉ ဟု ရေးသားထားသည့် အကြောင်းအရာဟောင်းကို လက်ရှိဖြစ်ရပ်သဖွယ် ပြုပြင်ရေးသားထားသည့် သတင်းမှားဖြစ်သည်။

ထို့အပြင် မေလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းသည် မြန်မာနိုင်ငံကို ဦးတည်နိုင်ခြေရှိသည်ဆိုသည့် ခန့်မှန်းချက်ပေါ် အခြေခံပြီး သတင်းမှားဖြန့်ဝေနေသည့် ဝက်ဘ်ဆိုက်များက အားကောင်းသည့်မုန်တိုင်းဖြစ်ကြောင်းပုံကြီးချဲ့ကာ ဆိုင်ကလုံးမုန်တိုင်း မြန်မာနိုင်ငံကို ဦးတည်လာပြီဟုပင် ဖြန့်ဝေနေကြသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “လက်ရှိကတော့ ၃၀ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်နိုင်တယ်။ ပြီးသွားရင်တော့ ၂ ရက်နေ့လောက်မှာတော့ လေဖိအားနည်းရပ်ဝန်းက အားကောင်းလာပြီးတော့ မုန်တိုင်းငယ်အဖြစ်ကို ရောက်နိုင်တယ်။ သူက မြန်မာ့ကမ်းရိုးတန်းကို ဦးတည်နေတယ်၊ ဒီနေ့တွက်ထုတ်ထားတဲ့ မော်ဒယ်တွေအရ ဧရာဝတီ (တိုင်း) ကိုတော့ နည်းနည်းလေး ဦးတည်နေတယ်။ ဒါပေမဲ့ လေဖိအားနည်းရပ်ဝန်းတောင်မှ မဖြစ်သေးဘူး။ အချိန်နဲ့အမျှတော့ ပြောင်းလဲမှုတော့ ရှိနေဦးမှာပေါ့” ဟု Myanmar Now ကို ပြောသည်။

ထို့အပြင် မုန်တိုင်းဝင်ရောက်မည်ဆိုလျှင်လည်း အားကောင်းလာနိုင်သည့် အနေအထားမရှိနိုင်ဟု သူက ဆိုသည်။

Show More

Related Articles

Back to top button