သတင်း

သတင်းမှားဖြန့်သူများထံမှ ငွေယူ၍ တစ်ဆင့်ဖြန့်ပေးနေသည့် Facebook Group များ

Facebook ထုတ်ကုန်တစ်ခုဖြစ်သည့် Instant Articles ဖြင့် ချိတ်ဆက်ကာ သတင်းမှားဖြန့်ဝင်ငွေရှာနေသည့် ဝက်ဘ်ဆိုက်များကို လူမှုကွန်ရက်ပေါ်ပျံ့နှံ့စေရန် ပွဲစားသဖွယ် ကြားခံပြုလုပ်ပေးနေသည့် Facebook Group များရှိနေကြောင်း Myanmar Now က တွေ့ရှိရသည်။ ၎င်း Facebook Group များသည် Public Group များဖြစ်ပြီး Group များကို လူတစ်စုက ထိန်းချုပ်ထားခြင်းဖြစ်သည်။

Group Members ၂ သိန်း ၈ သောင်းကျော်ရှိသော သတင်းစုံ ဆိုသည့် Facebook Group တွင် Group Admin ဟု နာမည်ပေးထားသည့် Facebook Page တစ်ခုသည် ‘ကြော်ငြာ post, ဈေးရောင်း post, သင်တန်း post, link များတင်လိုပါက comment ပေးပြီး ဆက်သွယ်ပါ’ ဟု ကြေညာထားသည်ကို တွေ့ရသည်။ ‘သတင်းစုံ’ ဆိုသည့် Facebook Group တွင် သတင်းမှားဖြန့်ဝင်ငွေရှာနေသည့် ဝက်ဘ်ဆိုက် ၈ ခုကျော်ထက်မနည်း ပုံမှန် ဖြန့်ဝေနေသည်ကို တွေ့ရသည်။

အလားတူ Group Admin အမည်ရှိသော Facebook Page သည် လူပေါင်း ၂ သိန်း ၆ သောင်းကျော်ရှိသည့် သတင်း/ ဗဟုသုတ/ ရသစုံ ၊ လူပေါင်း ၁ သိန်း ၉ သောင်းကျော်ရှိသည့် ဖက်ရှင်ဒီဇိုင်းများစုစည်းမှု စသည့် Facebook Group များတွင်လည်း “ကြော်ငြာ post, ဈေးရောင်း Post, သင်တန်း Post, Link များတင်လိုပါက comment ပေးပြီး ဆက်သွယ်ပါ” ဟုဆိုကာ ၎င်းတို့၏ ဈေးကွက်ဖြန့်ကျက်မှုကို တွေ့ရသည်။

Group Admin ဆိုသည့် Page အား ထိန်းချုပ်ထားသူ ၂ ဦးရှိပြီး တစ်ဦးမှာ မြန်မာနိုင်ငံမှဖြစ်ကာ အခြားတစ်ဦးမှာ စင်ကာပူနိုင်ငံမှဖြစ်ကြောင်း အဆိုပါ Facebook ၏ အကြောင်းအရာ (Page Transparency) တွင် ဖော်ပြထားသည်။​ အဆိုပါ Page သည် ၂၀၁၉ ဒီဇင်ဘာ ၅ တွင် စတင်ပြုလုပ်ခဲ့သည်။

Group တစ်ခုစီတွင် သတင်းမှားများတင်သည့် Instant Articles များ တစ်လစာတင်ရန်အတွက် ဈေးအမျိုးမျိုးရှိသည်။ သတင်းစုံသတင်း/ ဗဟုသုတ/ ရသစုံ၊ ဗဟုသုတ ဟာသ သတင်းစုံ စသည့် Group များတွင် ဝက်ဘ်ဆိုက်တစ်ခုအတွက် ရက် ၃၀ လျှင် ၂ သောင်းကျပ်သတ်မှတ်ထားပြီး မြန်မာဘောလုံးအားကစားနှင့် အထွေထွေဗဟုသုတ၊ ဖက်ရှင်ဒီဇိုင်းများစုစည်းမှုစိတ်ခွန်အားပြည့်စာစုများ စသည့် Group များတွင် ဝက်ဘ်ဆိုက်တစ်ခုအတွက် ရက် ၃၀ လျှင် ၁ သောင်းကျပ်နှုန်း သတ်မှတ်ထားသည်ဟု အဆိုပါ Group များကို ထိန်းချုပ်ထားသူတစ်ဦးဖြစ်သည့် Group Admin ဆိုသည့် Page ကို Facebook Messenger မှတဆင့် မေးမြန်းရာတွင် ပြန်လည်ဖြေကြားခဲ့သည်။

အောက်ပါစာရင်းမှာ သတင်းမှားဖြန့်ဝင်ငွေရှာနေသော ဝက်ဘ်ဆိုက်များကို လူမှုကွန်ရက်ပေါ် ပျံ့နှံ့စေရန် ကြားခံဖြန့်ဖြူးပေးနေသည့် Facebook Group များဖြစ်သည် (Click နှိပ်၍ ကြည့်နိုင်သည်)

၁။ သတင်းစုံ

၂။ သတင်း/ ဗဟုသုတ/ ရသစုံ၊

၃။ ဗဟုသုတ ဟာသ သတင်းစုံ ဖက်ရှင်ဒီဇိုင်းများစုစည်းမှု

၄။ စိတ်ခွန်အားပြည့်စာစုများ

၅။ ???? Love Group ????

၆။ မြန်မာသတင်းစုံ

အထက်ပါ စာရင်းတွင်ပါဝင်နေသည့် Group များတွင် တင်သည့် သတင်းသဖွယ်ခေါင်းစဉ်တပ်ထားသည့် စာပုဒ်များမှာ သတင်းမှားများသာဖြစ်ပြီး အတည်ပြုရန်ခက်ခဲသည့် ကောလာဟလများကို ရေးသားထားချက်များသာ ဖြစ်သည်။

‘သတင်းစုံ’ ဟူသော Facebook Group သည် ၂၀၁၇ ဖေဖော်ဝါရီ ၁၁ တွင် စတင်ခဲ့သည့် Group ဖြစ်ပြီး လက်ရှိတွင် လူပေါင်း ၂ သိန်း ၈ သောင်းကျော်ခန့် ရှိနေသည်။ Group အမည် ၉ ကြိမ် ပြောင်းလဲခဲ့ကြောင်း ၎င်း Group History အရ သိရသည်။

‘သတင်း/ ဗဟုသုတ/ ရသစုံ’ ဟူသော Facebook Group သည် ၂၀၁၆ နိုဝင်ဘာ ၉ တွင် စတင်ပေါ်ပေါက်ခဲ့ပြီး Group အမည် ၇ ကြိမ်ပြောင်းလဲခဲ့သည်။ ‘ဖက်ရှင်ဒီဇိုင်းများစုစည်းမှု’ ဟူသော Facebook Group သည် ၂၀၁၇ ဇူလိုင်လ ၁၆ ရက်နေ့တွင် စတင်ပေါ်ပေါက်ခဲ့ပြီး Group အမည် ၃ ကြိမ်ပြောင်းလဲခဲ့သည်။

‘Love Group’ Facebook Group ကို ၂၀၁၇ သြဂုတ် ၁၄ တွင် စတင်ခဲ့ပြီး Group အမည် ၂ ကြိမ်ပြောင်းလဲခဲ့သည်။ Òစိတ်ခွန်အားပြည့်စာစုများ” Facebook Group သည် ၂၀၁၇ ဒီဇင်ဘာ ၂၇ တွင် စတင်ပေါ်ပေါက်ခဲ့ပြီး Group အမည် ၄ ကြိမ်ပြောင်းလဲခဲ့သည်။

‘ဗဟုသုတ ဟာသ ရသစုံ’ ဟူသော Facebook Group သည် ၂၀၁၈ ဇန်နဝါရီ ၂၂ တွင် စတင်ပေါ်ပေါက်ခဲ့ပြီး Group အမည် ၂ ကြိမ်ပြောင်းလဲခဲ့သည်။

အဆိုပါ Facebook Group များတွင် Instant Article နှင့်ချိတ်ဆက်ကာ သတင်းမှားဖြန့် ငွေရှာနေသည့် ဝက်ဘ် ဆိုက်များမှာ –

၁။ itechmedia.info

၂။ celemedia.club

၃။ fbdnews.co web.

၄။ thutazone.org

၅။ myanmartodaylife.com/blog

၆။ justnowmm.com

၇။ thutanews.com

၈။ news.shweman.website

၉။ news-uptodate.club/blog

Show More

Related Articles

Back to top button