သတင်း

အများထင်သလို “လင်ပေးစားသည့်ဥပဒေ”မဟုတ်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တုံ့ပြန်

ပြီးခဲ့သည့်ရက်ပိုင်းက ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ခုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်တွင်ဝေဖန်နေကြသလိုမျိုး လွှတ်တော်သည် အလုပ်မရှိ အလုပ်ရှာကာ ကလေးငယ်များကို အိမ်ထောင်ချပေးဖို့ ကြိုးစားနေခြင်း မဟုတ်ကြောင်း ထင်ရှားသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက တုံ့ပြန်သည်။

အမျိုးသားနှင့် အမျိုးသမီးတို့ ထိမ်းမြားလက်ထပ်နိုင်သည့် အသက်သည် သက်ဆိုင်ရာ တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေများတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်စေရမည်ဟု နိုဝင်ဘာ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်ခြင်းနှင့် ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်မှု မြင့်တက်နေသည့်အပေါ် ရန်ကင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေသည် အရေးကြီးသည့်ဥပဒေဖြစ်ပြီး “ယောက်ျားပေးစားသည့် ဥပဒေ” မဟုတ်ကြောင်းနှင့် ထိုဥပဒေတစ်ခုလုံး၏တန်ဖိုးနှင့် လွှတ်တော်၏တန်ဖိုးကို ထိခိုက်သည့်အတွက် စိတ်မကောင်း ဖြစ်ကြောင်း ၎င်းက ယမန်နေ့ညက ၎င်း၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။

“၁၀၀ မှာ ၉၀ မှားမယ်ဆိုပါစို့ ကျန်တဲ့ ၁၀ ယောက်ပါ ရောပြီး institution (အဖွဲ့အစည်း) တစ်ခုလုံး အပြောခံရတာပဲ။ တကယ်က ယောက်ျားပေးစားတဲ့ဥပဒေ မဟုတ်ပါဘူး။ ကလေးသူငယ်အခွင့်အရေးဥပဒေဆိုတာတော့ ပြောပါရစေ။ အဲဒီအထဲက ပုဒ်မတစ်ခုပါ။ ဥပဒေက အများကြီးအရေးကြီးတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပါ။ ယောက်ျားပေးစားတဲ့ပုဒ်မတစ်ခုကြောင့် ဥပဒေတစ်ခုလုံးရဲ့တန်ဖိုး၊ လွှတ်တော်ရဲ့တန်ဖိုးကို institution ကို ထိခိုက်တာတော့ စိတ်မကောင်းဘူး”ဟု ၎င်းက ရေးသားထားသည်။

ထိုဥပဒေကြမ်း၏ အခန်း(၇) အပိုဒ် (၂၃) အတွက် မူလအဆိုပြုပြဋ္ဌာန်းချက်တွင် ‘အမျိုးသား၊ အမျိုးသမီးနှစ်ဦး ထိမ်းမြား လက်ထပ်နိုင်သည့် အသက်သည် တည်ဆဲဥပဒေနှင့် ဓလေ့ထုံးတမ်းဥပဒေပါ အတိုင်းဖြစ်ကြောင်း၊ သို့ရာတွင် လက်ထပ်စာချုပ်ချုပ်ဆို ထိမ်းမြားခြင်းဖြစ်ပါက ထိမ်းမြားလက်ထပ်ရန် ပဋိညာဉ်ပြုနိုင်သည့် အသက်သည် ၁၈ နှစ် ပြည့်ပြီးဖြစ်ရမည်ဖြစ်ကြောင်း’ ဝါကျနှစ်ကြောင်းဖြင့် ရေးသားထားရာမှ ပြင်ဆင်ချက်တွင် ‘ထိမ်းမြားစာချုပ်ချုပ်ဆိုမည် ဆိုပါက အသက် ၁၈ နှစ်ပြည့်ပြီးဖြစ်ရမည်’ ဆိုသည့် ဒုတိယဝါကျကို ပြည်သူ့လွှတ်တော်က မဲခွဲကာ ဖြုတ်ပယ်လိုက်ခြင်း ဖြစ်သည်ကို တွေ့ရသည်။

ပုံ (၂) – ကလေးသူငယ်အခွင့်အရေးဥပဒေကြမ်းပါ မူလအဆိုပြုပြဋ္ဌာန်းချက် နှင့် ပြင်ဆင်ရန် တင်ပြချက် တို့ကို နှိုင်းယှဉ်မြင်ရစဉ်။ (ဓာတ်ပုံ – Zin Mar Aung Facebook)

အဆိုပါ ပြင်ဆင်ရန်ပြဋ္ဌာန်းချက်ကို မဲခွဲရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၈၁ ဦးအနက် ထောက်ခံမဲ ၃၃၀၊ ကန့်ကွက်မဲ ၃၃ မဲ၊ ကြားနေမဲ တစ်မဲဖြင့် အတည်ဖြစ်ခဲ့ခြင်းဖြစ်သည်။ ကျောက်တန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက မူလအဆိုပြုပြဋ္ဌာန်းချက်အတိုင်း ထားရှိရန် တင်ပြသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“(ထောက်ခံ – ကန့်ကွက်) မဲအရေအတွက်က ကွာလွန်းပါတယ်။ ကန့်ကွက်ခဲ့တဲ့ မဲတွေလည်းရှိပါတယ်။ နည်းပါတယ်။ ဒါပေသိ – ဒါကိုလွှတ်တော်ကြီးက အလုပ်မရှိ အလုပ်ရှာ လင်ပေးစားတဲ့ ဥပဒေနဲ့ အလုပ်မရှိအလုပ်ရှာသလို Institution ရဲ့ တန်ဖိုးကို ထိခိုက်လာတော့ စိတ်မကောင်းလို့ပါ”ဟု ဒေါ်ဇင်မာအောင်က ရေးသားထားသည်။

၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေသည် ခေတ်နှင့် မဆီလျော်တော့သဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ပြန်လည်ပြင်ဆင်နိုင်ရန် တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေကို အမျိုးသားလွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ကျန်ရှိသေးပြီး လွှတ်တော်နှစ်ရပ်လုံးက သဘောတူမှသာ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။

ရှုပ်ထွေးလာနိုင်သလား

သက်ငယ်မုဒိမ်းမှုအတွက် အသက်ကန့်သတ်ချက်ကို ၁၆ နှစ် သတ်မှတ်ထားရာမှ ယခု အသက် ၁၈ နှစ်အောက်ကို စာချုပ်ဖြင့် လက်ထပ်ခွင့်ပြုလိုက်သည့်အတွက် ရှုပ်ထွေးမှုများ ဖြစ်လာနိုင်သည်ဟု အမျိုးသမီးများအရေး ဆောင်ရွက်နေသည့် Triangle အဖွဲ့၏ ဒါရိုက်တာ ဒေါ်ခင်လေးက Myanmar Now ကိုပြောသည်။

“အတင်းအဓမ္မလက်ထပ်ထိမ်းမြားတာတွေ ဖြစ်လာနိုင်သလို သက်ငယ်မုဒိမ်းအောက် အကျုံးဝင်ဖို့ အတွက် လုပ်ဆောင်တာတွေကလည်း အားလျော့သွားနိုင်တယ်လို့ မြင်တယ်” ဟု ၎င်းကဆိုသည်။

ထိုဥပဒေမပြဋ္ဌာန်းမီ ပြင်ပ ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အမျိုးသမီးအဖွဲ့အစည်းများ၏ အသံများကို ပိုမိုဂရုစိုက်သင့်ကြောင်း ၎င်းကထောက်ပြသည်။

အမျိုးသမီးများအရေးအတွက် ဥပဒေရေးရာအရဆောင်ရွက်ပေးနေသည့် ‘ဥပဒေရေးရာကုစားရေးမြန်မာ’ အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကလည်း အထူးဥပဒေဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေသည် အခြားဥပဒေများအပေါ် လွှမ်းမိုးသွားနိုင်ကြောင်း ထောက်ပြသည်။

၎င်းဥပဒေကို အမျိုးသားလွှတ်တော်တွင် ထပ်မံ ဆွေးနွေးရဦးမည်ဖြစ်ရာ အမျိုးသားလွှတ်တော်အနေဖြင့် လက်ထပ်နိုင်သည့်အသက်အပိုင်းအခြားကို ပြန်ပြီး စဉ်းစားသင့်ကြောင်း ၎င်းက တိုက်တွန်းသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းသည် အခန်း ၃၀၊ အပိုဒ် ၁၁၇ ပိုဒ်ပါဝင်သည့် ဥပဒေကြမ်းဖြစ်ပြီး ဥပဒေကြမ်းကော်မတီ၏ပြင်ဆင်ချက် ၁၂၉ ချက်ကို ပြင်ဆင်ခဲ့ပြီး ပြည်သူ့လွှတ်တော်က အတည်ပြုထားသည်။

လွှတ်တော်အမတ်များ ဉာဏ်နည်း၍မဟုတ်

အငြင်းပွားစရာဖြစ်နေသည့် ထိုအချက်နှင့်ပတ်သက်ပြီး ရှုပ်ထွေးမှုများရှိနေနိုင်သော်လည်း ဥပဒေတစ်ခုလုံး တွင် ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ကောင်းမွန်သည့်အချက်များစွာ ပါဝင်နေသည်ဟု ဒေါ်ဇင်မာအောင်က Myanmar Now ကိုပြောသည်။

“ဒီတစ်ချက်ရဲ့အားနည်းချက်အပေါ်မှာ အငြင်းပွားမှုဖြစ်တာနဲ့ တစ်စုံလုံးအပေါ်မှာ၊ ဥပမာ လွှတ်တော်အမတ်တွေက ဒီလောက်တောင် ဉာဏ်နည်းရသလားဆိုတဲ့ ကိစ္စကတော့ အဆင်မပြေဘူးလေ”ဟု ၎င်းက တယ်လီဖုန်းဖြင့် ဖြေကြားသည်။

“ဒီဥပဒေဟာ … ကလေးစစ်သားကိစ္စ အပါအဝင် ကလေးသူငယ်အခွင့်အရေး ကာကွယ်ဖို့ ရည်ရွယ်ချက်ကောင်းတွေနဲ့ ပြဋ္ဌာန်းတာပါ။ ပြဿနာက – သက်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ ဆိုတဲ့ ကိစ္စမှာ – တချို့ ဗမာအပါအဝင် တိုင်းရင်းသားရိုးရာ ဓလေ့ထုံးတမ်းဥပဒေတွေမှာ အသက် ၁၈ နှစ် မပြည့်သော်ငြား ဓလေ့ထုံးတမ်းအရ လက်ထပ်မှုတွေနဲ့ – အသက် ၁၈ နှစ်အောက်ကို ကလေးလို့ သတ်မှတ်တဲ့အတွက် CRC (ကလေးသူငယ်အခွင့်အရေးဥပဒေ) ပါ အချက်နဲ့ရော ကလေးအခွင့်အရေးနဲ့ပါ Conflict (ဝိရောဓိ) သွားဖြစ်တဲ့ ကိစ္စပါ”ဟု အဆိုပါပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ၎င်း၏ဖေ့ဘုတ်တွင် ရေးသားထားသည်။

Show More

Related Articles

Back to top button