သတင်း

ဆက်လက်ဖွင့်လှစ်နေသော စက်ရုံများကိုစစ်ဆေးအရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ဆို

မှော်ဘီမြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများ ယနေ့အထိပိတ်သိမ်းခြင်း မရှိသေးသည့်အပေါ် သွားရောက်စစ်ဆေးကာ ချက်ချင်းအရေးယူမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၂ တွင်ပြောကြားသည်။

မှော်ဘီမြို့နယ်နှင့်လှိုင်သာယာမြို့နယ်တို့ရှိ အထည်ချုပ်စက်ရုံများ ယနေ့အထိပိတ်သိမ်းခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က ယနေ့နံနက်က ပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အွန်လိုင်းတိုက်ရိုက်ဆွေးနွေးမှု အစီအစဉ်တွင် ထည့်သွင်းဆွေးနွေးသည့်အပေါ် ထိုသို့ပြန်လည်ပြောကြားခြင်းဖြစ်သည်။

ယင်းအပေါ် စည်းမျဉ်းစည်းကမ်း မလိုက်နာသော စက်ရုံများကို သက်ဆိုင်ရာ တာဝန်ရှိသူများ ယနေ့သွားရောက်ကြည့်ရှုပြီး ချက်ချင်းကိုင်တွယ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်က ညွှန်ကြားချက်ထုတ်ခြင်းမှာ အပျော်ထုတ်ခြင်း မဟုတ်ဘဲ လိုအပ်၍ညွှန်ကြားရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုသည်။

Facebook မှတိုက်ရိုက်ထုတ်လွှင့်သည့် ထိုဆွေးနွေးပွဲတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊ မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်တို့လည်း ပါဝင်သည်။

နိုင်ငံတကာတွင် ခွင့်ပြုထားသည့် အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့် မရှိမဖြစ် လိုအပ်နေသည့် လုပ်ငန်းများမှလွဲပြီး ကျန်စက်ရုံအလုပ်ရုံများကို ယခုလကုန်အထိ မဖွင့်လှစ်ရန် ဝန်ကြီးဌာနက ညွှန်ကြားထားပြီး ထိုညွှန်ကြားချက်ကို မလိုက်နာသည့် စက်ရုံအလုပ်ရုံများကို ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူသွားမည်ဟု အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ဧပြီ ၂၀ တွင် Myanmar Now ကိုပြောသည်။

ဧပြီ ၂၁ အထိ မြန်မာနိုင်ငံဒေသအသီးသီးတွင် စက်ရုံ၊အလုပ်ရုံပေါင်း ၁၃၃ ရုံမှာ ခွင့်ပြုချက်မရှိဘဲ ဆက်လက်ဖွင့်လှစ်နေပြီး ယင်းစက်ရုံများတွင် အလုပ်သမားပေါင်း ၁၃၂,၉၄၂ ဦး လုပ်ကိုင်နေသည့် အချက်အလက်များရရှိထားကြောင်း၊ ယခုကာလတွင် အလုပ်သမားများအတွက် အလွန်စိုးရိမ်ရသည့် အခြေအနေ ဖြစ်ကြောင်း​ မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က ပြောသည်။

ထိုသို့အစိုးရ၏ ညွှန်ကြားချက်ကို မလိုက်နာဘဲ ဖွင့်လှစ်နေသည့် စက်ရုံအလုပ်ရုံပေါင်း ၁၃၃ ရုံ ကို COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့အပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရများသို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လက်တစ်လုံးခြား လုပ်ပြီးတော့ အမိန့်စာတွေမရောက်သေးလို့ ဆိုပြီးတော့ ဖွင့်တယ်။ ဒီအတွက် အစိုးရအနေနဲ့ တိတိကျကျနဲ့ လေးလေး နက်နက်နဲ့ အရေးယူဖို့တော့လိုပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ၁၃၃ ရုံမှာ MICS ကစုံစမ်းသိရှိထားသည့် စက်ရုံများဖြစ်ပြီး အခြားအဖွဲ့အစည်းများက စုံစမ်းသိရှိထားသော ခွင့်ပြုချက်မဲ့ဖွင့်နေသည့် စက်ရုံများလည်း ရှိနေသေးကြောင်း အလုပ်သမားအဖွဲ့အစည်းများကဆိုသည်။

ယမန်နေ့က ဖွင့်လှစ်ခဲ့သည့် လှိုင်သာယာ၊ရွှေပြည်သာနှင့်မင်္ဂလာဒုံ၊လှည်းကူး စက်မှုဇုန်များရှိ စက်ရုံအလုပ်ရုံ ၁၇ ရုံကို အလုပ်သမားဦးစီးဌာန (အလရ) ရန်ကုန်တိုင်းဦးစီးမှူးထံသို့ လူကိုယ်တိုင်သွားရောက် တိုင်ကြားထားကြောင်း သွေးစည်းညီညွတ်သော သမဂ္ဂများ အဖွဲ့ချုပ်မြန်မာ(STUM) မှ ဒေါ်မိုးမိုးအေးက ပြောသည်။

“သက်ဆိုင်ရာ မြို့နယ် ဦးစီးမှူးတွေ အလုပ်မလုပ်ဘူးလို့မြင်တာပေါ့။ တကယ်ဖွင့်တယ်ဆိုရင် ကျွန်မတို့က လည်းသွားပြောထားတယ်။ စာတွေကိုလည်း သွားပို့ထားတယ်။ သွားရောက်ပြီးတော့ (စက်ရုံကို) စာတွေကို သွားပြရမှာပေါ့”ဟု ၎င်းက ပြောသည်။

အစိုးရ၏ထုတ်ပြန်ချက်များကို သွားရောက်ပြသခဲ့ပြီး အစိုးရညွှန်ကြားချက်ပါအတိုင်း ဧပြီ ၂၀ မှ ၃၀ အထိ စက်ရုံ ပိတ်သိမ်းပေးရန် အင်းစိန်မြို့နယ်ရှိ Power Fashion အထည်ချုပ်စက်ရုံတာဝန်ရှိသူများကို ပြောဆိုခဲ့သော်လည်း မထူးခြားခဲ့ကြောင်း ယင်းစက်ရုံ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ကိုချစ်ပိုပိုက ဧပြီ ၂၁ တွင် ပြောသည်။

သို့သော် ယနေ့ (ဧပြီ ၂၂) တွင် ယင်းစက်ရုံမှာ ယခုလကုန်အထိ အလုပ်ပိတ်လိုက်ပြီဖြစ်ပြီး ပိတ်ရက် ၁၀ ရက် ကိုလစာပေးမည် မဟုတ်ဟုဆိုကြောင်း ၎င်းကပြောဆိုသည်။

ယင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် Myanmar Now သတင်းဌာနက Power Fashion အထည်ချုပ် စက်ရုံသို့ ဧပြီ ၂၁ ကသွားရောက် မေးမြန်းခဲ့သော်လည်း စက်ရုံတာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းမရှိပေ။

ရန်ကုန်မြို့ တစ်ဖက်ကမ်း လှိုင်သာယာ စက်မှုဇုန်အနီးတွင်ရှိသည့် ‘ကုလားတန်းသုံးအိမ်’ ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ် ရေးမှူး ဦးနီဝင်းရှိန်က ၎င်းတာဝန်ယူထားသည့် ကျေးရွာအုပ်စုတွင် လှိုင်သာယာ စက်မှုဇုန်၌ အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၅၂၅ ဦးရှိပြီး ယမန်နေ့က အလုပ်သမား သုံးပုံတစ်ပုံခန့်က သွားရောက် အလုပ်လုပ်ကိုင်နေ၍ ကျေးရွာခံများက စိုးရိမ်နေကြကြောင်းပြောသည်။

စက်ရုံများတွင် သွားရောက် အလုပ်လုပ်ကိုင်သူများကို ပိတ်ပင်ရန်နှင့် ကျေးရွာအတွင်းသို့ အဝင်မခံရန် ကျေးရွာနေသူများက တင်ပြလာမှုများရှိပြီး တချို့သော မိသားစုများတွင်လည်း စက်ရုံတွင် အလုပ်လုပ်ကိုင်နေသူများကို အိမ်ထဲပေးမဝင်ခြင်းများပင် ရှိနေကြောင်း ၎င်းကပြောသည်။

“တချို့တွေဆိုရင် ရွာက ပေးမထွက်လို့ သူတို့ မသွားရပါဘူးဆိုတာ ကျွန်တော့်ကို ထောက်ခံစာ လာရေးခိုင်းတာ ရှိပါတယ်” ဟု ၎င်းကပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့က စက်ရုံ၊အလုပ်ရုံများကို ဧပြီ ၂၀ မှ ၃၀ ရက်နေ့အတွင်း စစ်ဆေးသွားမည် ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စက်ရုံ၊အလုပ်ရုံများကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု ယင်းဝန်ကြီးဌာနက ယမန်နေ့(ဧပြီ ၁၉) က ထုတ်ပြန်ထားသည်။

ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လက်ဆေးရန်အတွက် ဆပ်ပြာနှင့်ရေ အလုံလောက်ထားပေးရန်၊ တစ်ဦးနှင့်တစ်ဦးနီးကပ်စွာ အလုပ်လုပ်ခြင်းမျိုးမဖြစ်စေရေးအတွက် အစီအမံများချမှတ်ရန်၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် မတ် ၃၀ ကတည်းက ထုတ်ပြန်ထားပြီးဖြစ် သည်။

ထို့ပြင် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေး စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင်တွင် ဆောင်ရွက်ထားရမည့် အခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၁၉ ၌ ထပ်မံထုတ်ပြန်ရာတွင် လုပ်ငန်း ဝင်/ထွက်ပေါက်များတွင် ကိုယ်ပူချိန်တိုင်းတာစက်များတပ်ဆင်ရန်၊ နှာခေါင်းစည်းများ၊ လက်အိတ်များ အလုံအလောက်ထားရှိပေးရန်၊ အလုပ်သမားတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ အလုပ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် အချက်များပါဝင်သည်။

Show More

Related Articles

Back to top button