သတင်း

မီးရှို့တပ်၏ ရန်ကြောင့် ခင်ဦးဒေသခံများ ထွက်ပြေးနေရ

စစ်ကောင်စီတပ်က ယမန်နေ့ (မေ ၇) မှ စတင်၍ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက်ရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို ဝင်ရောက်စီးနင်းနေရာ အနည်းဆုံး ကျေးရွာ ၆ ရွာခန့်မှ ဒေသခံ ထောင်ဂဏန်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

အင်အား ၂၀၀ ခန့်ရှိ ထိုစစ်ကြောင်းသည် ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းမှ လာခြင်း ဖြစ်သည်၊ ယမန်နေ့တွင် မြစ်ဖြတ်ကူးကာ ခင်ဦးမြို့နယ်အတွင်း ဝင်ရောက်လာပြီး မြစ်ကမ်းဘေး ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်ဟု ခင်ဦးနယ်အရှေ့ခြမ်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကြည့်ရတာ မန်းတိုင်းထဲမှာ တိုက်ပွဲတွင်း အထိနာတယ် ထင်တယ်။ ဒီဘက်ကို ရောက်တာနဲ့ အင်အားပြန်ဖြည့်ပြီး ဆက်တိုက်ထိုးနေတာ” ဟု တိုက်နယ်ပကဖတာဝန်ရှိသူက ဆိုသည်။

ခင်ဦးနယ်အတွင်း ရောက်စဉ်မှာပင် ရွှေတောကြီး၊ ကုတ္တက်ကျေးရွာနှင့် ကဘွတ်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

ထိုစစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်သည့် အဖွဲ့များထဲတွင် ခင်ဦးနယ်အတွင်းရှိ တော်လှန်ရေးတပ်ရင်းများ၊ မြို့နယ်ပကဖတပ်ဖွဲ့များအပြင် မန္တလေးတိုင်းအတွင်းမှ တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များ ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း ရှိနေသေး၍ ယနေ့ (မေ ၈) မွန်းလွဲ ၃ နာရီခန့်အထိ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြရသူ အရေအတွက်မှာ တိုးလာနေဆဲဖြစ်ကာ ဒေသအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များက ကူညီကယ်ထုတ်ပေးနေရကြောင်း ဆိုသည်။

“စစ်ရှောင်တွေက များတယ်။ မြစ်ဟိုဘက်ကမ်း (စဉ့်ကူး) က ရွာတွေကလည်း ထွက်လမ်းက ဒီဘက်ပဲရှိတော့ မြစ်ကို ကူးပြီး ဒီဘက် (ခင်ဦး) လာရှောင်နေကြရတာ” ဟု ပကဖတာဝန်ရှိသူ အမျိုးသားက ဆိုသည်။

မီးရှို့ခံရသည့် ကုတ္တက်၊ ကဘွဲ့၊ ရွှေတောကြီး ကျေးရွာများအပြင် အနီးအနားမှ သမင်ကျ၊ ရုံးပင်၊ သင်ပေါင်း၊ ပေါက်အိုင်၊ စသည့် ကျေးရွာများမှ ဒေသခံအရပ်သား ၃၀၀၀ နီးပါးမှာ နေရပ်စွန့်ခွာကာ ထွက်ပြေးနေရကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်နေခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် တိုက်ပွဲနှင့် ဝေးသည့် ကျေးရွာများမှ ဒေသခံများလည်း ထွက်ပြေးနေရခြင်း ဖြစ်သည်။

“တိုက်ပွဲကလည်း သုံးလေးကြိမ် ဖြစ်ပြီးနေပြီ၊ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရွာတွေဘက် ရမ်းရမ်းပစ်တော့ ဝေးတဲ့ရွာတွေလည်း ပြေးကြရတယ်။ တိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော် အကျအဆုံးလည်းရှိပေမဲ့ အတိအကျတော့ မသိနိုင်သေးဘူး” ဟု ပကဖတာဝန်ရှိသူက ဆက်ပြောသည်။

မီးရှို့ခံရသည့် သင်ပေါင်းကျေးရွာနှင့် ကုတ္တက်ကျေးရွာတို့သည် အိမ်ခြေ ၅၀၀ ဝန်းကျင်ခန့်ရှိသည့် ကျေးရွာကြီးများဖြစ်ပြီး၊ ကဘွဲ့ကျေးရွာမှာ အိမ် ၃၀၀ ခန့်ရှိသည့် ကျေးရွာများဖြစ်သည်၊ အိမ်မည်မျှ မီးရှို့ခံရသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ခင်ဦးမြို့နယ်အရှေ့ခြမ်းနည်းတူ၊ မြို့နယ်အနောက်ခြမ်းတွင်လည်း ရေဦးမြို့မှ အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီတပ်တစ်ခု ယမန်နေ့က ဝင်ရောက်လာပြီး ကျေးရွာများကို ဝင်ရောက်ခဲ့သည့်အတွက် ရွာ ၇ ရွာခန့်မှ ဒေသခံ ၄၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ခင်ဦးမြို့နယ်ကျေးရွာများကို ဖြတ်သန်းပြီး ရွှေဘိုမြို့နယ်ကျေးရွာများဘက်သို့ ဦးတည်သွားခဲ့ပြီး ယနေ့မွန်းလွဲတွင် ရွှေဘိုမြို့နယ် သရက်ပင်စုကျေးရွာကို မီးရှို့နေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကြောင်းထွက်သွား၍ ခင်ဦးမြို့နယ်အနောက်ခြမ်းကျေးရွာများမှ ပြည်သူလူထုသည် ယနေ့ မွန်းလွဲတွင် နေရပ် ကျေးရွာများဆီ ပြန်လည်ဝင်ရောက်ခဲ့ကြကြောင်း သိရသည်။

ဧရာဝတီမြစ်ကြောင်း အသုံးပြုကာ စီးနင်းနေသော စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ် ၁၃ မှ ၁၈ ရက်အတွင်း အင်အား ၁၀၀ ဝန်းကျင်စီဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ မတ္တရာမြို့နယ်အနောက်ခြမ်းနှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကိုလည်း စီးနင်းခဲ့ကြသည်။

ထိုစဉ်ကလည်း စစ်ကောင်စီစစ်ကြောင်းတစ်ခုက မတ္တရာမြို့နယ်အနောက်ခြမ်း ကျေးရွာ ၄ ရွာမှ ဘုန်းကြီးတစ်ပါး၊ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူများ လမ်းပေါ်တွင် ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာရာ စစ်ကိုင်း၊ မန္တလေး စသည့် ဒေသများသည် ခုခံမှု အားကောင်းသည့် ဒေသများ ဖြစ်လာသည်။

မေ ၇ ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း တရုတ်အစိုးရကုမ္ပဏီ၏ ကြေးနီတူးဖော်ရေးလုပ်ငန်း တည်ရှိရာ လက်ပံတောင်းတောင်ဒေသတွင် နယ်ခံများက တရုတ်အလံ၊ တရုတ်အစိုးရခေါင်းဆောင်တို့၏ ပုံများကို မီးရှို့ပြီး ကန့်ကွက် ဆန္ဒပြကြသည်။

နိုင်ငံအနှံ့ သတ်ဖြတ် ဖျက်ဆီးမှုများကြောင့် နိုင်ငံတကာက စစ်ကောင်စီကို ဆန့်ကျင် ကန့်ကွက်နေကြချိန်တွင် တရုတ်အစိုးရက အာဏာသိမ်းဗိုလ်ချုပ်များနှင့် နီးကပ်စွာ ဆက်ဆံနေခြင်းကြောင့် ထိုသို့ အလံမီးရှို့ ဆန္ဒပြကြခြင်း ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီကမူ ၎င်းတို့သည် အကြမ်းဖက်သမားများကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ပြီး ပြည်သူလူထုကို အကာအကွယ်ပေးနေသည်ဟု ပြောလေ့ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button