သတင်း

စက်ရုံများမပိတ်ပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေဖြင့် အရေးယူမည်

ဧပြီလကုန်အထိ ပိတ်သိမ်းရမည့် ညွှန်ကြားချက်ကို မလိုက်နာဘဲ ဆက်လက် ဖွင့်လှစ်နေသည့် စက်ရုံအလုပ်ရုံများကို ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကိုပြောသည်။

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါပျံ့နှံ့မှုကို ထိန်းချုပ် ကာကွယ်နိုင်ရန် စက်ရုံအလုပ်ရုံများကို ဧပြီ ၃၀ အထိ မဖွင့်လှစ်ရန် အစိုးရက အမိန့်ထုတ်ထားသည်။

အများပြည်သူ ဝန်ဆောင်မှုလုပ်ငန်းများနှင့် မရှိမဖြစ် လိုအပ်နေသည့် လုပ်ငန်းများမှလွဲပြီး ကျန်စက်ရုံ၊အလုပ်ရုံများကို မဖွင့်လှစ်ရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနက ကြေညာထားပြီးဖြစ်ကြောင်း အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက Myanmar Now ကိုပြောသည်။

“အထည်ချုပ်တို့ အိတ်ချုပ်တို့ ဖိနပ်ချုပ်တို့ကတော့ မဖွင့်ရဘူး” ဟု ၎င်းကပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့က စက်ရုံ၊အလုပ်ရုံများကို ဧပြီ ၂၀ မှ ၃၀ ရက်နေ့အတွင်း စစ်ဆေးသွားမည် ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် စက်ရုံ၊အလုပ်ရုံများကိုသာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဟု ယင်းဝန်ကြီးဌာနက ယမန်နေ့(ဧပြီ ၁၉) က ထုတ်ပြန်ထားသည်။

သို့သော် ယင်းထုတ်ပြန်ချက်မှာ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်မည့် နာရီပိုင်းအလိုတွင်မှ ထုတ်ပြန်လိုက်သည့်အတွက် မြေပြင်တွင်အခက်အခဲများ ရင်ဆိုင်နေရသည်ဟု အလုပ်သမားအရေးလှုပ်ရှားသည့် အဖွဲ့များက ဆိုသည်။

အချိန်နီးကပ်မှထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ကြောင့် ဧပြီ ၂၀ တွင် အလုပ်မပိတ်ဘဲ ဖွင့်လှစ်သည့် စက်ရုံအများအပြားရှိခဲ့ပြီး ညွှန်ကြားချက်ကို လိုက်နာသည့်စက်ရုံမှာ အနည်းငယ်သာရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများကဆိုသည်။

အစိုးရ၏ ညွှန်ကြားချက်ကို လိုက်နာပြီး ယနေ့နံနက်ပိုင်းတွင် ပိတ်သိမ်းပေးလိုက်သည့် စက်ရုံများရှိသော်လည်း လုပ်ငန်းလည်ပတ်နေသည့် စက်ရုံ၊အလုပ်ရုံများလည်းရှိကြောင်း အလုပ်သမားများကို လုပ်ငန်းခွင်ဝင်ရန် ယင်းစက်ရုံများမှ အလုပ်ရှင်များက ဖိအားပေးခိုင်းစေနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောသည်။

“အလုပ်သမားဦးစီးဌာနက သူတို့ကို အကြောင်းမကြားလို့ စာမပို့လို့ဆိုပြီး ဆက်ပြီးတော့ လုပ်မှာပဲဆိုတဲ့ စက်ရုံအလုပ်ရုံတွေလည်း ရှိပါတယ်။ အလုပ်သမားတွေကို အလုပ်ထုတ်လိုက်မယ်ပြောပြီးတော့ ဖိအားပေးခိုင်းစေနေတဲ့ လုပ်ငန်းရှင်တွေလည်းရှိပါတယ်” ဟု ၎င်းကပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ရုပ်မြင်သံကြားနှင့် နိုင်ငံပိုင်သတင်းစာများတွင်လည်း ကြေညာချက်ထုတ်ပြန်ထားပြီးဖြစ်၍ ကြေညာချက်ကို မသိရှိ၍ ဆိုကာ လုပ်ငန်းဖွင့်လှစ် လည်ပတ်နေသည့် လုပ်ငန်းရှင်များမှာ ဥပဒေအရ အရေးယူခံရမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဦးညွန့်ဝင်းက သတိပေးသည်။

ထို့ပြင် ဧပြီ ၂၀ မှ ၃၀ အတွင်း လစာမဲ့ခွင့်ဖြင့် ပိတ်သည့်လုပ်ငန်းရှင်များကိုလည်း အလုပ်သမားများဘက်က တိုင်ကြားလာပါက ဝန်ကြီးဌာနက ဝင်ရောက်ဖြေရှင်းပေးသွားမည်ဟု ၎င်းကပြောသည်။

ပဲခူးတိုင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်ကာ “(ပဲခူးတိုင်းမှာ) ၆၅ ရာခိုင်နှုန်းလောက် ဖွင့်သွားတယ်။ ဒါပေမဲ့ တော်တော်များများ ပြန်ပိတ်နေပြီ။ ၁၀ ရုံလောက်ပဲ ကျန်တော့တယ်” ဟု ပြောသည်။

ယင်းအပြင် သင်္ကြန်ကာလပိတ်ရက်တွင် နေရပ်ပြန်သွားသူများမှာ ဧပြီ ၂၀ လုပ်ငန်းခွင် ဝင်နိုင်ရေး အချိန်မီပြန်လာသော်လည်း နေစရာအခက်အခဲ ရင်ဆိုင်ကြုံတွေ့နေရသည်။

သင်္ကြန်ကာလတွင် ရန်ကုန်မှ ဇာတိရပ်ရွာသို့ ပြန်ချိန်တွင် သတ်မှတ်နေရာ၌ အသွားအလာကန့်သတ်မှု ၁၄ ရက် ဝင်ရပြီး ကွာရန်တင်း (quarantine) ရက်မပြည့်ပါက ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့က ထောက်ခံချက်လက်မှတ် ထုတ်မပေးကြောင်း အဆိုပါလက်မှတ်မပါဝင်ပါက အဆောင်မှ လက်မခံသည့်အတွက် အလုပ်သမားများ နေစရာ အခက်ကြုံနေရသည်ဟု အလုပ်သမားအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက ပြောသည်။

အနာဂတ်အလင်းတန်းများ ဆုံမှတ်အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်သက်အောင်က “ကျန်းမာရေးထောက်ခံချက်မရလို့ အဆောင်အဝင်မခံတဲ့ ကလေးတွေရှိသလို။ ပြန်လာတယ်။ အဆောင်တွေက လက်မခံဘူး။ ရွာပြန်ရင် ရွာက လက်မခံဘူး” ဟု ပြောသည်။

သင်္ကြန်ကာလ နေရပ်ပြန်သည့် အလုပ်သမားများအနေဖြင့် အချိန်မီအလုပ်မဆင်းနိုင်ပါက ခွင့်တိုင်ကြားနိုင်ပြီး ခွင့်ခံစားရက်မရှိပါက လစာမဲ့ခွင့်အဖြစ် ခွင့်တိုင်နိုင်သည်ဟု လှိုင်သာယာမြို့နယ်၊ ဆောင်းဦးရွှေနေ အထည်ချုပ်စက်ရုံမှ HR လက်ထောက် မန်နေဂျာ ဒေါ်အေးဝင်းခိုင်က ဆိုသည်။

ဒေါ်အေးဝင်းခိုင်က “မနက်ဖြန် (ဧပြီ ၂၁) တော့ အလုပ်ဆင်းရဦးမှာပါ။ ဆက်ဖွင့်၊ မဖွင့်ဆိုတာကိုတော့ စီအီးအိုတွေ တိုင်ပင်ဆွေးနွေး ညှိနှိုင်းနေပါတယ်” ဟု Myanmar Now ကို ပြောသည်။

ဆောင်းဦးရွှေနေ အထည်ချုပ်စက်ရုံတွင် ကိုဗစ်နိုင်တင်းကာကွယ်ရေးနှင့် ပတ်သက်သည့် အစီအမံများဖြစ်သည့် တစ်ခါသုံးနှာခေါင်းစည်းများ ဝေငှခြင်း၊ လက်ဆေးနိုင်ရန်နေရာများ စီစဉ်ပေးခြင်းစသည့်တို့ကို စတင်ဆောင်ရွက်ပေးနေသည်ဟု ၎င်းက ဆိုသည်။

သို့သော် ယင်းစက်ရုံမှ အလုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သည့် မနုနုအောင်ကမူ “လက်ဆေးရေပုံး ၂ ပုံးပဲ ထားပေးတယ်။ စက်ရုံထဲမှာ အလုပ်လုပ်ရတာကလည်း ၆ ပေမပြောနဲ့ တစ်တောင်မကွာဘူး” ဟု ဆိုသည်။

ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လက်ဆေးရန်အတွက် ဆပ်ပြာနှင့် ရေ အလုံလောက်ထားပေးရန်၊ တစ်ဦးနှင့်တစ်ဦး နီးကပ်စွာ အလုပ်လုပ်ခြင်းမျိုးမဖြစ်စေရေးအတွက် အစီအမံများချမှတ်ရန်၊ အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် မတ် ၃၀ ကတည်းက ထုတ်ပြန်ထားပြီးဖြစ်သည်။

ထို့ပြင် ကိုဗစ်နိုင်တင်းကာကွယ်ထိန်းချုပ်ရေး စက်ရုံ၊ အလုပ်ရုံများမှ လုပ်ငန်းခွင်တွင် ဆောင်ရွက်ထားရမည့် အခြေအနေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီ ၁၉ ၌ ထပ်မံထုတ်ပြန်ရာတွင် လုပ်ငန်း ဝင်/ထွက်ပေါက်များတွင် ကိုယ်ပူချိန်တိုင်းတာစက်များတပ်ဆင်ရန်၊ နှာခေါင်းစည်းများ၊ လက်အိတ်များ အလုံအလောက်ထားရှိပေးရန်၊ အလုပ်သမားတစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ အလုပ်လုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန် အချက်များပါဝင်သည်။

Show More

Related Articles

Back to top button