သတင်း

စစ်တပ်အရာရှိ ၁၉ ဦးကို မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာများအဖြစ် ခန့်အပ်

အာဏာသိမ်းစစ်ကောင်စီက စစ်တပ်အရာရှိ ၁၉ ဦးကို မြန်မာ၏အကြီးဆုံး နိုင်ငံပိုင်ဘဏ်ကြီးဖြစ်သော မြန်မာ့စီပွားရေးဘဏ်တွင် မန်နေဂျာများအဖြစ် ယခုနှစ် မတ်လ ၁၅ ရက်က ပြောင်းရွှေ့ခန့်အပ်ခဲ့သည်ကို တွေ့ရသည်။

ဗိုလ်မှူးအဆင့်ရှိသူ ၅ ဦးနှင့် ဗိုလ်ကြီးအဆင့် စစ်တပ်အရာရှိ ၁၄ ဦးကို နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ်ရုံးချုပ်၊ စီမံခန့်ခွဲရေးဌာနတွင် မန်နေဂျာနှင့် ဒုတိယမန်နေဂျာအများဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း ဖြစ်ကြောင်း ဧပြီ ၂၁ နှင့် ၂၈ ထုတ် မြန်မာနိုင်ငံပြန်တမ်းများအရ သိရသည်။

ဘဏ်မန်နေဂျာအဖြစ် ခန့်အပ်ခံရသည့် ဗိုလ်မှူးငါးဦးမှာ ထွန်းလွင်အောင်၊ ရဲမင်းအောင်၊ ထွေးမင်းဝင်း၊ ဆန်းလင်းနိုင်နှင့် မင်းသိန်းတို့ဖြစ်သည်။ ဗိုလ်ကြီးအဆင့်ရှိ ကြည်ပိုင်စိုး၊ ကျော်ထက်အောင်၊ ပြည့်ဖြိုးပိုင်၊ ကျော်ဇောထူး၊ တင်ထွန်းနောင်၊ အောင်ဘိုဘို၊ တင့်ဌေးနိုင်၊ အောင်မင်း၊ အောင်သိုက်၊ သော်ဇင်ဦး၊ ဇော်ဝင်းမောင်၊ မြတ်မင်းထက်၊ အောင်ကျော်ဇောနှင့် မင်းသန့်တို့မှာ ဒုဘဏ်မန်နေဂျာအဖြစ် ခန့်အပ်ခံရသည်။

အဆိုပါ စစ်တပ်အရာရှိများသည် မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအဖြစ် ပြောင်းရွှေ့မခံရမီ မည်သည့်တပ်ရင်းတပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့သည်ကိုမူ မသိရပေ။

လက်နက်အားကိုးဖြင့် အရပ်သားအစိုးရကို ဖြုတ်ချကာ တိုင်းပြည်အာဏာသိမ်းယူလိုက်ပြီးနောက် စစ်ဗိုလ်ချုပ်ဟောင်း အများစုကို ဝန်ကြီးများအဖြစ် ခန့်အပ်ခဲ့ကာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများတွင်လည်း စစ်တပ်အရာရှိများ ထည့်သွင်းဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့သည့်အလျောက် အစိုးရဝန်ကြီးဌာနများတွင် မိုးကျရွှေကိုယ် ခေါ် စစ်ဘက်မှ အရပ်ဘက်ကူးပြောင်းလာသူများ ကြီးစိုးထားသည်။ ညွှန်ကြားရေးမှူးကဲ့သို့သော ထိပ်တန်းရာထူးနေရာများအတွက် စစ်တပ်အရာရှိများကို အလွယ်တကူခန့်အပ်လေ့ရှိသည်။

တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံ့ဝန်ထမ်းအများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့ကြရာ ဝန်ကြီးဌာနများ၌ စစ်တပ်အရာရှိများ အစားထိုးဝင်ရောက်ခဲ့ပြီး ယခုတစ်ကြိမ် စစ်တပ်အရာရှိ ၁၉ ဦးအထိကို ဘဏ်မန်နေဂျာများအဖြစ် တစ်ပြိုင်နက်ခန့်အပ်လိုက်ခြင်းမှာ အသိသာဆုံး ဖြစ်သည်။

၁၉၅၄ တွင် တည်ထောင်ခဲ့သည့် မြန်မာ့စီးပွားရေးဘဏ်မှာ လက်ရှိ၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင် ရှိပြီး နိုင်ငံတစ်ဝန်း ဘဏ်ခွဲပေါင်း ၃၁၅ ခုအထိ ဖွင့်ထားသည့် နိုင်ငံပိုင်ဘဏ်ဖြစ်ကာ ငွေကြေးလွှဲပြောင်းမှုများ အပါအဝင် ဝန်ထမ်းလစာနှင့် အစိုးရဌာနအားလုံး၏ အသုံးစရိတ်အတွက် အခရာကျသည့် ဘဏ်ကြီးဖြစ်သည်။

ယခင်ကတည်းက မြန်မာ့စီးပွားရေးဘဏ်၏ တိုင်းနှင့် ပြည်နယ်မန်နေဂျာအများစုမှာ စစ်ဘက်မှ ဖြစ်ပြီး ယခုတစ်ကြိမ် စစ်တပ်အရာရှိအများအပြား ပြောင်းရွှေ့ခန့်အပ်လိုက်ခြင်းသည် ငွေကြေးနှင့် အများပြည်သူ ငွေကြေးလွှဲပြောင်းမှုကို စစ်ကောင်စီအလိုကျ ထိန်းချုပ်ရန်ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

“တို့နိုင်ငံပျက်တဲ့အကြောင်းက ဒါပဲ။ တပ်ဘက်ကနေ အရပ်ဘက်ပြောင်းလာတဲ့ မိုးကျရွှေကိုယ်တွေရဲ့ လုပ်ငန်းအပေါ် မကျွမ်းကျင်မှု၊ နားမလည်မှုတွေနဲ့ လုပ်ချင်ရာလုပ်ခဲ့တာကြောင် နိုင်ငံရဲ့ အနေအထားတွေက ဒီလိုတွေဖြစ်လာခဲ့တာ” ဟု ထိုလုပ်ငန်းရှင်က ဆိုသည်။

ဌာနဆိုင်ရာအသီးသီး၌ အောက်ခြေမှ တက်လာသည့် ဝန်ထမ်းများ၊ ပညာရှင်များကို နေရာမပေးဘဲ ဒုဦးစီးမှူးနှင့် ဦးစီးမှူးအဆင့်မှစ၍ စစ်တပ်အရာရှိဟောင်းများကို ခေတ်အဆက်ဆက် ခန့်အပ်ခဲ့ရာ စစ်ကောင်စီကလည်း ဇာတ်ညွှန်းအဟောင်းကို ပြန်အသက်သွင်းခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“မိုးကျရွှေကိုယ်တွေကြောင့် ဖြစ်ချင်သလိုဖြစ်နေတာ ဌာနတွေကလေ။ တကယ်ကို ပီပြင်တဲ့ တာဝန်ထမ်းဆောင်မှုတွေ မလုပ်နိုင်ဘဲနဲ့ အကုန်လုံး အိတ်ထဲ ဝိုင်းထည့်ကြတာ” 

ပြီးခဲ့သည့် ၂၀၂၂ ဇွန်လဆန်းကလည်း ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ စစ်တပ်အရာရှိ ခြောက်ဦးကို နိုင်ငံတော်ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးများအဖြစ် စစ်ကောင်စီက ပြောင်းရွှေ့ခန့်အပ်ခဲ့သည်။

အာဏာသိမ်းပြီးစတွင် စစ်ကောင်စီက ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် စစ်တပ်အရာရှိဟောင်း ဦးသန်းညိန်းကို ခန့်ခဲ့ပြီးနောက်ပိုင်းတွင် ဒေါ်သန်းသန်းဆွေကို ဒုဥက္ကဋ္ဌမှ ဥက္ကဋ္ဌအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်ဟောင်းတစ်ဦးဖြစ်သည့် ဇော်မြင့်နိုင်ဆိုသူကိုလည်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌတစ်ဦးအဖြစ် အစားထိုး ခန့်အပ်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဘဏ်နှင့် ငွေရေးကြေးရေးကျွမ်းကျင်ပညာရှင် ဦးဘိုဘိုငယ်ကို အာဏာသိမ်းသည့်နေ့ကတည်းက ဖမ်းဆီးထောင်ချထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button