
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဆန့်ကျင်သူမှန်သမျှကို ဖမ်းဆီးထောင်ချနေရာ အသက်အငယ်ဆုံး ဓားစာခံအဖြစ် အင်းစိန်ထောင် ရောက်ရှိခဲ့သည့် အသက်သုံးနှစ်အရွယ် သမီးငယ်နှင့် မိသားစုဝင်နှစ်ဦးမှာ လွန်ခဲ့သည့် ဧပြီ ၂၈ ရက်တွင် လွတ်ရက်စေ့ပြီး ထောင်မှ လွတ်မြောက်လာသည်ဟု သိရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သည့် ရန်ကုန်စည်ပင်သာယာကော်မတီ (YCDC) မှ အမှိုက်သိမ်းဝန်ထမ်းတစ်ဦးဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုမင်းဇော်ဦးကို ဖမ်းမမိသဖြင့် စစ်ကောင်စီက အသက် ၅၀ ကျော်အရွယ် မိခင် ဒေါ်ကေသီမြင့်၊ ၃၀ ကျော်အရွယ် ဇနီးဖြစ်သူ ဒေါ်တင်မေဦးနှင့် သုံးနှစ်သမီးအရွယ် မဆုမြတ်ဇော်တို့ကို ၂၀၂၁ မတ်လကုန်ပိုင်းတွင် ဖမ်းဆီး၍ ထောင်ချခဲ့ခြင်းဖြစ်သည်။
သုံးနှစ်အရွယ် သမီး၏ မိခင်နှင့် အဖွားဖြစ်သူတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးပြီးနောက် စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်ကာ ထောင်သုံးနှစ် ချခဲ့သည်။ ၎င်းတို့သုံးဦးမှာ ရန်ကုန် အင်းစိန်ထောင်၌ နှစ်နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီးမှ လွတ်မြောက်လာသည်။
“ဆုမြတ်ဇော်တို့က ၂၈ ရက်ကပဲ လွတ်ရက်စေ့လို့ လွတ်တာ၊ လွတ်ငြိမ်းမဟုတ်ဘူး” ဟု ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက ယမန်နေ့တွင် ပြောသည်။
ဖမ်းဆီးခံရစဉ်က ကလေးငယ်မှာ အသက် နှစ်နှစ်ကျော်သာ ရှိသေးပြီး လွန်ခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် အင်းစိန်အကျဉ်းထောင်အတွင်း အသက် ၄ နှစ် ပြည့်ခဲ့သည်ဟု သိရသည်။
ကလေးငယ်၏ ဖခင်ဖြစ်သည့် ကိုမင်းဇော်ဦးမှာ ၂၀၂၂ ဩဂုတ် ၁ ရက်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း ဖမ်းဆီးခံရပြီးနောက် ၅၀၅-က ဖြင့် ထောင်ချခံရကာ အင်းစိန်ထောင်၌ ရှိနေဆဲဖြစ်သည်။
အဆိုပါ စည်ပင်အမှိုက်သိမ်းဝန်ထမ်း ကိုမင်းဇော်ဦးတို့မိသားစုတွင် အင်းစိန်ထောင်ရောက် သုံးနှစ်သမီး အပါအဝင် အရွယ်မရောက်သေးသည့် သားသမီးခြောက်ဦးရှိပြီး စစ်တပ်က လာရောက်ဖမ်းဆီးစဉ် နို့စို့အရွယ် မဆုမြတ်ဇော်မှာ မိခင်နှင့် အဘွားတို့နှင့်အတူ အင်းစိန်ထောင်ထဲ ရောက်သွားသည်။
ထိုစဉ်က ဝန်ထမ်းအိမ်ရာ၌ ကလေး ငါးဦး ကျန်ခဲ့ပြီး စကားမပြောတတ်သူတစ်ဦး ပါဝင်သည်။ ထိုကလေးများ၏ လက်ရှိအခြေအနေကို မသိရပေ။
နာမည်ဆိုးဖြင့် ကျော်ကြားသော အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်း မိခင်ဖြစ်သူနှင့်အတူ နေထိုင်ခဲ့ရသော ကလေးငယ်မှာ စစ်ကောင်စီ၏ အကြိမ်ကြိမ်လွတ်ငြိမ်းခွင့်များတွင် မပါဝင်ခဲ့ဘဲ လွတ်ရက်စေ့မှသာ လွတ်မြောက်ခဲ့သည်။
ကလေးငယ်၏ အဘွားဖြစ်သူ ဒေါ်ကေသီမြင့်သည် ထောင်တွင်း၌ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများ ခံစားခဲ့ရပြီး ဆေးရုံ အကြိမ်ကြိမ်တက်ရောက်ခဲ့ရသည်ဟု သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်ကောင်စီက လူပေါင်းတစ်သောင်းကျော်ကို ဖမ်းဆီးထောင်ချခဲ့သည်။ အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီလအတွင်း၌ပင် ရာဇသတ်ကြီးဥပဒေပါ ပုဒ်မ ၅၀၅-က အတွက် ပြစ်ဒဏ်ကို ထောင်ဒဏ်နှစ်နှစ်မှ သုံးနှစ်အထိ စစ်ကောင်စီက ပြင်ဆင်သတ်မှတ်ခဲ့သည်။
ယမန်နေ့ (မေ ၃)တွင် စစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖမ်းဆီးထောင်ချထားသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ပြန်လွှတ်ခဲ့ရာ အများစုမှာ ပြစ်ဒဏ်ပြည့်ခါနီး လွတ်ရက်နီးသူများဖြစ်ကြောင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများနှင့် နီးစပ်သူများက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)