၂ နှစ်ကျော်သမီးငယ်ကို ချီပိုးထားသဖြင့် ကပိုကရိုဖြစ်နေသော အသက် ၃၀ ကျော်အရွယ် အမျိုးသမီးသည် လက်တစ်ဖက်က ပြေကျတော့မည့် ထဘီကို ထိန်းရင်း အင်းစိန်ထောင်၊ အမျိုးသမီးအချုပ်ဆောင်ကို ရောက်ရှိလာသည်။
အတူဖမ်းဆီးခံရသည့် ကလေး၏ အဘွား၊ ထိုအမျိုးသမီး၏ အသက် ၅၀ ကျော်အရွယ် ယောက္ခမလည်း အခြားအခန်းတစ်ခုသို့ ရောက်ရှိသွားသည်။ မတ်လ ၃၀ ရက်နေ့က မြေးအဘွား ၃ ယောက် ထောင်ထဲဝင်လာသည်ကို တွေ့ရသည့် အကျဉ်းသားများ ခဏတာ ဆွံ့အသွားကြသည်။
ကလေးငယ်ကို နံရံလေးဖက်ထဲတွင် တွေ့လိုက်ရသဖြင့် စိတ်မချမ်းမမြေ့ဖြစ်ရသည်ဟု ထောင်မှ ပြန်လွတ်လာသည့်အမျိုးသမီးတစ်ဦးက ပြောသည်။
“ရောက်ရောက်ချင်းမှာ သူ့တို့ သမီးယောက္ခမနှစ်ယောက်ကို အတူတူမထားဘဲ အခန်းခွဲထားတယ်။ စိတ်ညစ်ညူးစရာတွေ ပြည့်နေတဲ့ ကျွန်မတို့လို အဖမ်းအဆီးခံပြည်သူတွေက သူတို့သားအမိကို မြင်ရတော့ ပိုပြီး သောကဖြစ်ရတယ်” ဟု ထိုအမျိုးသမီးက ဆိုသည်။
သူတို့ ထောင်ထဲရောက်လာကြခြင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးလိုသည့် ကလေး၏ ဖခင်ဖြစ်သူ စည်ပင်သာယာရေးဌာနဝန်ထမ်းကို ရှာမတွေ့သဖြင့် သူတို့ကို ဓားစာခံလုပ်လိုက်ခြင်းပင်။
စစ်ကောင်စီက ဇွန်လကုန်ပိုင်းနှင့် အောက်တိုဘာလလယ်ပိုင်းတွင် ထောင်နှင့်ချီသော အကျဉ်းသားများကို ပြန်လွှတ်ပေးသော်လည်း ထိုအမျိုးသမီး ၃ ဦးမှာ နာမည်ကျော် အင်းစိန်ထောင်ထဲတွင်သာ ဆက်ရှိနေသည်။
အာဏာဖီဆန်ခြင်း
ကလေး၏ ဖခင်ဖြစ်သူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဝန်ထမ်းက အာဏာသိမ်းမှုဆန့်ကျင်သူတို့ ကတ္တရာလမ်းပေါ်ကပ်ထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး၏ ပုံများကို လိုက်ခွာရန် တာဝန်ကျသည်။
သူနှင့် လုပ်ဖော်ကိုင်ဖက်တချို့ ရုပ်ပုံများ လိုက်ခွာနေသည့်အလုပ်ကို ရပ်တန့်ကာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လိုက်ကြသည်။ အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် အိမ်မပြန်ဖြစ်သော်လည်း စည်ပင်ဝန်ထမ်းအိမ်ရာတွင် ကျန်ခဲ့သော မိသားစုကို နေရာ ရုတ်တရက်ပြောင်းရန် ငွေကြေးအဆင်မပြေခဲ့ပေ။
စစ်ကောင်စီတပ်က သူ့ကို လာဖမ်းချိန် အိမ်တွင် သူမရှိသဖြင့် မိသားစုဝင်များကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားသည်။ ဇနီးသည်က ကလေး ၆ ယောက်ကို တစ်ပါတည်းခေါ်သွားရန် ကြိုးစားခဲ့သော်လည်း စစ်ကောင်စီတပ်က နို့စို့ဆဲဖြစ်သော ၂ နှစ်ကျော်သမီးကိုသာ ခေါ်ခွင့်ပြုခဲ့သည်။
ကျန်နေခဲ့သည့် ကလေး ၅ ယောက်တွင် တစ်ယောက်က စကားမပြောတတ်သူဖြစ်ရာ ထိုကလေးအတွက် ပိုမိုစိတ်ပူရသည်ဟု အပူသည် မိခင်ဖြစ်သူက ဘဝတူ အကျဉ်းသားများကို ပြန်ပြောပြသည်။
“သူ့ကို ကျွန်မကိုယ်တိုင်ပဲ ထမင်းကျွေးတာကအစ လိုက်လုပ်ပေးရတာ။ အဲဒီကလေးကို စိတ်မချဘူး။ ဘယ်သူက သူ့ကို လုပ်ပေးမလဲ၊ ထမင်းကျွေးတာကအစ”ဟု မည်သည့်အချိန် အိမ်ပြန်ရမည်ကို မသိသော၊ ပြင်ပမှ သားသမီးများအတွက် စိတ်ပူနေရသော ထိုအမျိုးသမီးက ပြောသည်။
“ကျန်နေခဲ့တဲ့ကလေးတွေ ဘယ်ကိုရောက်ကုန်ပြီလဲ မသိဘူး။ ထမင်းရော စားရရဲ့လားမသိဘူး။ အိမ်က ယောက်ျားလည်း ဘယ်ရောက်သွားပြီလဲ၊ အဖမ်းများခံနေရပြီလားမသိဘူး”
စစ်ကောင်စီက ၎င်းကို ဆန့်ကျင်သူများအား တရားစွဲဆိုလေ့ရှိသည့် နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅ဝ၅-က ဖြင့် သူတို့ ၃ ဦးကို အမှုဖွင့်ကာ ဆက်လက်ထိန်းသိမ်းထားသည်။
အိမ်ပြန်လိုသော ကလေး
ဆန္ဒပြမှု၊ အာဏာဖီဆန်မှုများနှင့် ဆက်စပ်ပြီး အင်းစိန်ထောင်တွင်းသို့ အလုံးအရင်းဝင်ရောက်လာသူများက ထိုအမျိုးသမီး ၃ ဦးအတွက် စိတ်ထိခိုက်ခံစားကြရသည်။ သားသမီးများကို ခွဲခွာထားရစ်ခဲ့ရသည့် မိခင်တချို့ကလည်း မျက်ရည်ဝဲရသည်။
အချုပ်ထောင်အတွင်း ဘာမျှနားမလည်သေးသည့် ကလေးလေးငယ်ကို ထိန်းရသည့် ကိစ္စမှာလည်း မသေးလှပေ။ ပြင်ပတွင် ပြည်သူများ နေ့စဉ်ရက်ဆက် ရွတ်ဆိုခဲ့ကြသည့် တော်လှန်ရေးကြွေးကြော်သံများက ကလေးငယ်များ၏ နားဝယ် စွဲနေပြီ ဖြစ်သည်။
ထို့ကြောင့် “အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့၊ ရုံးမတက်နဲ့ ရုံးထွက်၊ အရေးတော်ပုံ အောင်ရမည်” စသဖြင့် အာဏာသိမ်းမှုဆန့်ကျင်သူတို့၏ သီချင်း၊ ကြွေးကြော်သံများကို ၃ နှစ်အရွယ် သမီးငယ်က ရွတ်ဆိုလေ့ရှိသဖြင့် ထောင်တွင်း အမှုထပ်ဖြစ်မည်စိုးရိမ်သည့် မိခင်က သမီးငယ်ကို ပါးစပ် အလျင်အမြန်လိုက်ပိတ်ရသည်။
ကလေးငယ်ကမူ မိခင်နှင့် အဘွား အမှုဆိုင်နေသည့် အထူးတရားရုံး၏ တရားခွင်တွင်လည်း ရံဖန်ရံခါ ရွတ်ဆိုလေ့ရှိသည်။
သူ့အဝတ်အနည်းငယ်ကို ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီး “အိမ်ပြန်မယ်၊ အိမ်ပြန်မယ်” ဟု ထိုကလေးငယ်က ပြောဆိုကာ အချုပ်ဆောင်အပြင်ဘက် ထွက်ရန် ကြိုးစားပြီးတိုင်း အိမ်ပြန်ရန် မိခင်ကိုသာ ပူဆာ ငိုကြွေးနေတတ်သည်။
လူကောင်ညှက်ညှက် ချစ်စရာကလေးငယ်ကို အကျဉ်းကျ လူကြီးများက ဝိုင်းဝန်းထိန်းပေးကြသည်။
မနက် ၈ နာရီ အဆောင်တံခါးဖွင့်လျှင် အခန်းအပြင် ထွက်ခွင့်ရကြသည်။ ညနေ ၅ နာရီ တံခါးပိတ်ချိန်မတိုင်မီ အကျဉ်းသား ၅၀ ခန့် တန်းစီအိပ်ရသည့်အခန်းထဲ ပြန်ဝင်ကြသည်။
မိခင်သောက
အကျဉ်းသားများထဲမှ ထောင်ဝင်စာရသူများ၊ ဝိုင်းဝန်းစောင့်ရှောက်တတ်သူများက နို့တိုက်မိခင်ကို အစားအစာ ဝေမျှပေးကြသည်။
အဖမ်းခံရပြီး ၂ လအကြာ ဇွန်လအတွင်း သူတို့နာမည်ဖြင့် ထောင်ဝင်စာထုပ် ရောက်ရှိလာသည်။ တစ်ကိုယ်ရေသုံးပစ္စည်းများဖြစ်သည့် ဆပ်ပြာ၊ သွားတိုက်ဆေး၊ အဝတ်အထည်တချို့ ပါဝင်သလို မုန့်ခြောက်၊ ကော်ဖီမစ်၊ အသားငါးချက်ဟင်းတို့ ပါဝင်သော အထုပ်ကို ဖြည်ရင်း အမျိုးသမီးနှစ်ဦး မျက်ရည်ကျကြရသည်။
အမျိုးသမီးကြီးက သူ့သားကို ပိုပြီး သတိရသွားသည်။
“ငါ့သားလေးဘယ်ရောက်နေလဲ မသိဘူး၊ ဒါတွေ ဘယ်သူကနေ ပို့တာလဲမသိဘူး။ ဘာမှမရှိတဲ့ကြားထဲက ဘယ်လို ပို့တာလဲ မသိဘူး” ဟု အမျိုးသမီးကြီးက ငိုပြီး ပြောသဖြင့် ဘေးမှ အမျိုးသမီးများလည်း ဝမ်းနည်းကြရသည်။
ထိုအထုပ်သည် ထောင်ဝင်စာမျှော်လင့်ချက်မဲ့နေသူတို့အတွက် ပါဆယ်ပို့ပေးတတ်သော အလှူရှင်တချို့ထံမှလည်း ဖြစ်နိုင်သည်ဟု ယူဆနေကြသည်။
ဖမ်းဆီးခံရသူများ ပြန်လွတ်တော့မည်ဆိုသည့် သတင်းက အချုပ်ထောင်နံရံများကို ဖြတ်ကျော်ပြီး အကျဉ်းကျနေသူများထံ မကြာခဏ ရောက်လာလေ့ရှိသည်။
ပြန်လွတ်မည့်ရက်ကို အဝတ်အစားထုပ်များ ကိုယ်စီပြင်ရင်း နေ့စဉ် မျှော်လင့်နေသူများထဲတွင် ကလေး၏ မိခင်နှင့် အဘွားလည်း ပါဝင်သည်။ ဇွန် ၃ဝ က တစ်နိုင်ငံလုံးအနေဖြင့် အကျဉ်းသား ၂ဝဝဝ ကျော်ကို အာဏာသိမ်းစစ်ကောင်စီက လွှတ်ပေးခဲ့သောကြောင့် အာဏာဖီဆန်မှုနှင့် မပတ်သက်ခဲ့သည့် သူတို့က ထိုစာရင်းတွင် ပါဝင်ရန် ပိုမိုမျှော်လင့်ခဲ့သည်။
အောက်တိုဘာလလယ်ပိုင်းက အလားတူ ထပ်မံလွှတ်ပေးသောအခါတွင်လည်း သူတို့ မပါဝင်ချေ။
ဤမိသားစုဝင် ၃ ဦးကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး မေးမြန်းရန် စစ်ကောင်စီပြန်ကြားရေးအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းကို အကြိမ်ကြိမ်ဆက်သွယ်သော်လည်း ဖုန်းဖြေကြားခြင်း မရှိပေ။
မိသားစုကိုပါ နှိပ်စက်ခြင်း
ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှုများ ရှိနေသော်လည်း ဖိနှိပ်မှုများကြားမှ အာဏာရှင်အမြစ်ဖြတ်ရန် ပြည်သူများက နည်းမျိုးစုံဖြင့် တွန်းလှန်နေကြဆဲဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသမျှ စုံစမ်းကောက်ယူ မှတ်တမ်းပြုချက်များအရ စစ်ကောင်စီက အောက်တိုဘာ ၂၈ အထိ ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားသူအရေအတွက်မှာ ၇၀၇၉ ဦး ရှိနေသည်။
ထိုအသင်းမှာ ယခင်က ညှဉ်းပန်းနှိပ်စက်ခံရဖူးသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများဖြင့် ဖွဲ့ထားခြင်း ဖြစ်သည်။
လတ်တလော အာဏာသိမ်းမှု ဆန့်ကျင်သူတို့သည် ၎င်းတို့ထက် ပိုမိုဆိုးရွားစွာ ပြုမူခံနေရသည်ဟု AAPP အသင်း တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုသည်။
“အဖေမမိရင် သားတွေ သမီးတွေကို ဖမ်းမယ်၊ ယောက်ျားမမိလို့ရှိရင် ဇနီးကို ဖမ်းမယ်၊ ဒါမျိုးတွေ တောက်လျှောက်ကြားရတာပေါ့ဗျာ။ ဒါကြောင့် ဒီနွေဦးတော်လှန်ရေးမှာ ပါပြီး ဖမ်းဆီးခံရတဲ့သူတွေက ကျွန်တော်တို့ထက် ညှဉ်းပန်းနှိပ်စက်မှုကို ပိုပြီးတော့ ခံရတယ်”
ဟု သူက ဆိုသည်။
အာဏာဖီဆန်သူ၏ မိသားစုဝင်တို့မှာ ရုပ်ပိုင်းသာမက စိတ်ပိုင်းဆိုင်ရာပါ နှိပ်စက်ခံနေရသည်ဟု သူက ဆက်ပြောသည်။
အာဏာသိမ်းစစ်အုပ်စု၏ နှိပ်ကွပ်မှုကို ခံနေရသည့် မိသားစုတိုင်းမှာ ကြေကွဲဖွယ်ရာ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်စီ ရှိကြရာ စည်ပင်ဝန်ထမ်း၏ မိသားစုဝင်များဖြစ်သော အင်းစိန်ထောင်ရောက် အမျိုးသမီး ၃ ဦး၏ ဖြစ်ရပ်မှာ ထိုအထဲမှ တစ်ပုဒ်ဖြစ်သည်။ ထိုအမျိုးသမီး ၃ ဦးသည် ပြင်ပမှ မိသားစုဝင်များနှင့် အဆက်ပြတ်နေကြသည်။
ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်ခွင့်မရချိန် ကလေးဖခင် မည်သို့တိမ်းရှောင်နေရသည်၊ အခြားကလေး ၅ ယောက်ကို မည်သူတို့ ကူညီစောင့်ရှောက်ပေးနေသည်ကို သူတို့ မသိရပေ။
အင်းစိန်ထောင်သည် အာဏာသိမ်းမှုဆန့်ကျင်မှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးခံရသူတို့၏ အဝင်အထွက်များပြားသည့်နေရာ ဖြစ်လာသည်။ စည်ပင်ဝန်ထမ်း၏ သမီးလေးသည်လည်း လာမည့် ဒီဇင်ဘာတွင် အသက် ၃ နှစ်ပြည့်မည်ဖြစ်သော်လည်း မွေးနေ့မတိုင်မီ ထောင်မှ လွတ်ရန် မသေချာသေးပေ။
ဖမ်းဆီးခံရပြီး လအနည်းငယ်အကြာ ထောင်တွင်းစကားဝိုင်းတစ်ခုတွင် သမီးလေး၏ မိခင်လည်း ဝင်ထိုင်နေသည်။ ပြန်လည်လွတ်မြောက်ပါက အိမ်တွင် လုပ်ကိုင်ဆောင်ရွက်ရမည့်အရာများအကြောင်း ပြောဆိုနေကြခြင်း ဖြစ်သည်။ ကလေးမိခင်၏ အခြေအနေက အများစုနှင့် ကွဲပြားနေသည်။
“ခုချိန် အိမ်ပြန်ရမယ်ဆိုရင်တောင် ပြန်စရာအိမ်က မရှိဘူး။ ကလေး ၅ ယောက်ကိုလည်း ဘယ်မှာ လိုက်ရှာရမလဲ မသိဘူး” ဟု ထောင်ထဲတွင် အသက် ၃ နှစ်ပြည့်တော့မည် ကလေး၏ မိခင်က ပြောလိုက်သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)