
ဓားစာခံအဖြစ် ၃ နှစ်အရွယ် သမီးငယ်ကိုပါ ထောင်အတွင်းထည့်ထားသည့် စစ်ကောင်စီသည် ၎င်းတို့ အလိုရှိနေသည့် ဖခင်ဖြစ်သူ စည်ပင်သာယာ နေ့စားဝန်ထမ်း ကိုမင်းဇော်ဦးကို ယမန်နေ့ (ဩဂုတ် ၁) က တိမ်းရှောင်နေသည့် နေအိမ်တစ်ခုတွင် ဖမ်းဆီးခံရသည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ယမန်နေ့ နံနက်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၎င်းအပါအဝင် ၈ ဦးခန့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။
“သူ့ (ကိုမင်းဇော်ဦး) ကို ခြေကွင်းတွေရော လက်ထိတ်တွေရောာ ဆံပင်ကို ဆောင့်ဆွဲပြီး ခေါ်သွားတာတဲ့” ဟု အထက်ပါပုဂ္ဂိုလ်က မျက်မြင်သက်သေများကို ကိုးကား၍ ပြောပြသည်။
မင်္ဂလာတောင်ညွှန့်မြို့နယ်ရဲစခန်း၌ အသက် ၃၅ နှစ်အရွယ် ကိုမင်းဇော်ဦးကို ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သိရကြောင်း၊ လာမည့် ဩဂုတ် ၁၅ တွင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း ထိုသူ့ထံမှ သိရသည်။
ကိုမင်းဇော်ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သဖြင့် ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ကဖြင့် စစ်ကောင်စီက အမှုဖွင့်ထားပြီး ၎င်းကို ဖမ်းမမိသဖြင့် ယမန်နှစ် မတ်လ ၃၀ ၌ မိခင်၊ ဇနီးနှင့် ထိုစဉ်က အသက်၂ နှစ်ကျော်အရွယ် သမီးတို့ကိုပါ ဖမ်းဆီးခဲ့သည်။
ထို့နောက် ဖမ်းဆီးခံရမှု တစ်နှစ်ပြည့်လုနီးပါးအချိန် ယခုနှစ် မတ်လ ၂၄ တွင် စစ်ကောင်စီက မိခင်ဖြစ်သူ အသက် ၅၆ နှစ်အရွယ် ဒေါ်ကေသီ၊ အသက် ၃၀ ကျော်အရွယ် ဇနီးဖြစ်သူ မတင်မေဦး တို့ကို ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့သဖြင့် ၃ နှစ်အရွယ် သမီး မဆုမြတ်ဇော်လည်း မိခင်ဖြစ်သူနှင့်ပါ ထောင်အတွင်း နေထိုင်နေရသည်။
ဓားစာခံ မိသားစုဝင် နှစ်ဦးကို စည်ပင်သာယာဝန်ထမ်း ဦးမျိုးသန့်က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။ ထိုအမှုကို အင်းစိန်ထောင်တွင်းတရားရုံး၌ မင်္ဂလာတောင်ညွန့်မြို့နယ်မှ တရားသူကြီး ဒေါ်အေးသက်မော်က အမိန့်ချခဲ့ခြင်း ဖြစ်သည်။
ကိုမင်းဇော်ဦး၏ မိခင်မှာ ဆီးချိုနှင့် အခြားရောဂါများ ခံစားနေရပြီး ထောင်တွင်းဆေးရုံတွင် မကြာခဏ ကုသနေရကာ ပြင်ပဆေးရုံသို့ တက်ရောက်ကုသခွင့် မရပေ။
ကိုမင်းဇော်ဦး၏ အခြားအရွယ်မရောက်သေးသည့် ကလေး ၅ ဦးကိုမူ နီးစပ်ရာဆွေမျိုးများက ခေါ်ယူ စောင့်ရှောက်ထားကြောင်း ၎င်း၏မိသားစုဝင်များထံမှ သိရသည်။
အလိုရှိသူကို ဖမ်းမိပြီဆိုသောကြောင့် ဓားစာခံများကို ပြန်လွှတ်ရန် အစီအစဉ်ရှိမရှိ မသိရသေးသလို စစ်ကောင်စီကလည်း ထိုဖမ်းဆီးမှုများအကြောင်း သတင်းအမှောင်ချထားဆဲဖြစ်သည်။
စစ်ကောင်စီက ၎င်းတို့အလိုရှိသူကို မမိပါက မိသားစုများနှင့် နီးစပ်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးတတ်ပြီး တချို့မှာ စစ်ကြောရေး၌ သေဆုံးကာ အလောင်းပြန်မရသည့်ဖြစ်စဉ်များရှိသလို ဓားစာခံကို ပြန်မလွှတ်ဘဲ ဖမ်းဆီးထောင်ချခြင်းများပါ ကျူးလွန်နေသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ၂၀၂၂ ဩဂုတ်လ ၁ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၁၈၅၉ ဦး ရှိပြီး ၎င်းတို့အနက်မှ ၁၃၆၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)